မျက်မှောက်ရေးရာ သတင်းပဒေသာ

“တရားဥပဒေစိုးမိုးရေး” အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ



မိုးမခအထောက်တော် အမှတ် ၀၀၇
ဇွန် ၂၉၊ ၂၀၁၂

 

ဇွန် ၂၆ နေ့က ပြင်သစ်သမ္မတနန်းတော်တွင် တွေ့ရသော သမ္မတ François Hollande နှင့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ-Getty Imagers)


တရားဥပဒေစိုးမိုးရေး လိုအပ်ကြောင်း မကြာခဏ ပြောဆိုနေသည့် ဒေါ်အောင်ဆန်းစုကြည်ကို “တရားဥပဒေစိုးမိုးရေး” အတွက် Burma ဟု သုံးနှုန်းခြင်း မပြုဘဲ Myanmar ဟုသာ သုံးနှုန်းပြောဆိုရန် ရွေးကောက်ပွဲကော်မရှင်က ယခုလအတွင်း နှစ်ကြိမ်တိတိ အသိပေးလိုက်ကြောင်း ယနေ့ထုတ် အစိုးရအာဘော်သတင်းစာများတွင် ရေးထားသည်။

ယခုလ ၁ ရက်နေ့က စာရေး အသိပေး ခဲ့ကြောင်း၊ သို့သော်လည်း ဒေါ်စု၏ ဥရောပခရီးစဉ်အတွင်း မိန့်ခွန်းများတွင် Burma ဟုသာ ဆက်သုံးနေသဖြင့် ယမန်နေ့က ထပ်မံ စာရေး အသိပေး အကြောင်းကြားထား သည်ဟု ကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် တွေ့ရသည်။

နိုင်ငံအမည်ကို “ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဟု ခေါ်တွင်စေရမည် (The Republic of the Union of Myanmar)” ဟူသော အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်ကို လိုက်နာရန် အသိပေးထားသည်ဟု ဆိုသည်။

NLD ကလည်း အခြေခံဥပဒေကို လေးစားလိုက်နာပါမည့်အကြောင်း “ပါတီမှတ်ပုံတင်လျှောက်ထားစဉ်ကပင် ၀န်ခံချက် ပြုထားပြီးဖြစ်ပါသည်” ဟု သတင်းထုတ်ပြန်ချက်တွင် ရေးသားထားသည်။

Burma ဟု အဘယ်ကြောင့် ဆက်လက်သုံးစွဲနေရသနည်းဟူသော မေးခွန်းကို ပြီးခဲ့သော အနှစ် ၂၀ ကျော်အတွင်း ဒေါ်အောင်ဆန်းစုကြည် အကြိမ်ပေါင်းများစွာ ရင်ဆိုင်ခဲ့ရပြီးဖြစ်သည်။

Myanmar ဟူသော စကားလုံး အသုံးအနှုန်းကို မကြိုက်ခြင်းကြောင့် မဟုတ်ဘဲ အာဏာပိုင်တို့က နိုင်ငံအမည် ပြောင်းလဲရေးအတွက် လူထုနှင့် မတိုင်ပင်ဘဲ တစ်ဘက်သတ် ပြောင်းလဲခဲ့ခြင်းကို လက်မခံနိုင်သဖြင့် Burma ဟု ဆက်လက် သုံးစွဲနေရခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယခုလ ၁၈ ရက်နေ့က နော်ဝေနိုင်ငံသို့ရောက်ရှိစဉ် ပြောကြားခဲ့သည်။

၁၉၈၈ ခုနှစ် စစ်တပ်က အာဏာသိမ်းအုပ်ချုပ်ပြီး နောက်တနှစ်တွင် နိုင်ငံအမည်ကို Myanmar ဟု ပြောင်းလဲခဲ့သည်။

ကုလသမဂ္ဂကလည်း Myanmar ဟု ပြောင်းလဲ သုံးစွဲခဲ့သည်။

မြန်မာပြည်အတွင်း သတင်းထောက်များ ထားရှိသော AP, AFP, Reuters စသည့် နိုင်ငံတကာသတင်းအေဂျင်စီများကလည်း Myanmar ဟု ပြောင်းလဲ သုံးစွဲခဲ့သည်။

နိုင်ငံတကာ သတင်းဌာနများက အမည်ဟောင်းကို ဆက်လက် သုံးစွဲခဲ့ကြရာမှ ၁၉၉၇ ခုနှစ်နောက်ပိုင်း CNN သတင်းဌာနက အမည်သစ်ကို ဦးစားပေးသုံးစွဲခဲ့သည်။

ဘန်ကောက်ရှိ အင်္ဂလိပ်သတင်းစာ နှစ်စောင်ဖြစ်သော The Nation, Bangkok Post တို့ကလည်း ယခုနှစ်ဆန်းပိုင်းမှ အစပြုပြီး Myanmar ဟု ပြောင်းလဲ သုံးစွဲလိုက်ကြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

2 thoughts on ““တရားဥပဒေစိုးမိုးရေး” အတွက် Burma ဟု သုံးနှုန်းခြင်း မပြုရန် ဒေါ်စုကို အာဏာပိုင်တို့ ပြောပြီ
  1. နအဖ ခေတ်ကတည်းက မြန်မာ လို့ခေါ်နေကြတာဘဲ၊တရားဥပဒေတော့စိုးမိုးလား မစိုးမိုးလားမသိပါဘူး စစ်တပ်တော့စိုးမိုးပြီးထင်ရာစိုင်း၊လူတွေဆင်းရဲနွမ်းပါးနေတာပါဘဲ၊တခြားနိုင်ငံကလူတွေလည်း မြန်မာပြည်ကိုအထင်မ ကြီးကြပါဘူး။ ဒေါ်အောင်ဆန်းစုကြည် “Burma”လို့ခေါ်တာတော့တရားဥပဒေစိုးမိုးရေးယိမ်း ယိုင်သွား လားလည်းမသိပါ။ သေချာတာကတော့ထိုင်းတွေမြန်မာပြည်သားတွေကိုဖြုန်သွားပြီ။မြန်မာပြည် သားတွေကိုသိပ်ပြီးမနှိမ်ရဲတော့ဘူး၊

  2. ဘားမားလို့ ခေါ်လိုက်တာနဲ့ ရာဇ၀တ်ကျူးလွန်ပြီလို့ ပြောချင်တာလား။ ငါတို့ ဘားမားလို့ ပြင်မယ်ဟေ့၊
    အားလုံးသဘောတူကြလားလို့ ပြည်သူကိုဘယ်တုန်းကဆန်ဒမဲကောက်ယူခဲ့လို့ လဲ။ရေးကြီးခွင်ကျယ်
    လုပ်မနေပါနဲ့ ။အာဏာရှင်ခေတ်ကုန်သွားပြီဆိုတာလူဂြီးမင်းတို့ မသိလိုက်ဘူးထင်တယ်။
    ဒီကောင်တွေမရိုးသားတော့ဘူးဆိုတာသေချာနေပြီ။ မကြာခင်ဖျက်လိုဖျက်ဆီးလုပ်ကြတော့မယ်၊
    သတိထားကြဖို့ လိုပြီရဲဘော်တို့ ။ အစိုးရဆိုတာပြည်သူတွေရွေးချယ်တင်မြောက်မှအစိုးရဖြစ်တယ်၊
    ပြည်သူတွေဆန်ဒမပါပဲအစိုးရအနေနဲ့ ဘာမှလုပ်လို့ မရဘူးဆိုတာနားလည်လား။

Comments are closed.