မိုးမခကို ပေးတဲ့စာ

Letter – ဒီလှိုင်းဂျာနယ်ရဲ့ သမိုင်းပြန်ပေးဆွဲမှု

ဒီလှိုင်းဂျာနယ်ရဲ့ သမိုင်းပြန်ပေးဆွဲမှု
သံဃသာမဂ္ဂီဝင်၊ ဇွန် ၂၄၊ ၂၀၁၂
(photo – Masoeyein Sayadaws – U Kovia and U Razadhamma)
၂၀၁၂ ခုနှစ်၊ မေလ (၂၁)ရက်ထုတ် ဒီလှိုင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁၈)တွင် ပါရှိသော
    “ NLD ရက်စွဲမှတ်တမ်း =  တစ်ကိုးဆယ်၊ ငါးကိုးဆယ်နှင့် ပတ္တနိက္ကုဇ္ဇန” ဆောင်းပါးကိစ္စ ဆိုပြီး ဒီလှိုင်းကို စာပို့ခဲ့ပါတယ်။
ဒီလို စာပို့တဲ့အဆင့်မရောက်ခင် ဒီလှိုင်းတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ဆောင်ရွက်ခဲ့ပုံတွေကို ပြောပြလိုပါတယ်။
ဒီလှိုင်းထွက်တဲ့နေ့မှာပဲ အဲဒီ ပတ္တနိက္ကုဇ္ဇန ဆောင်းပါးကို ဖတ်ဖြစ်ပါတယ်။
ဆောင်းပါးမှာ “ သံဃသမဂ္ဂီဆရာတော် ဦးရေ၀တ၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းလောင်းပွဲတွင် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အစီအစဉ်အား မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဆိုတာကြီးကို ထိပ်လန့်ချောက်ချားဖွယ် တွေ့လိုက်ရပါတယ်။
အဲဒီအတွက် ချက်ချင်းဆိုသလိုဘဲ ဒီလှိုင်းတာဝန်ခံဆီဖုန်းဆက်သွယ်ရာ ဦးအုန်းကြိုင်နဲ့တွေ့ပီး
“အချက်အလက်တွေ လုံးဝမှားနေတယ်၊ ခင်ဗျားဒီကိစ္စမှာ ဘယ်နေရာမှ မပါခဲ့ဘူး၊ ပါခဲ့တာလဲ ကျုပ်တို့မသိဘူး၊ ပြီးတော့ အဖွဲ့ချုပ်လဲမပါဘူး၊ ဒါက ကျောင်းသားတွေလုပ်တဲ့ကိစ္စ၊ ဘုန်းကြီးတွေက ဆွမ်းခံတာ၊ ဆွမ်းခံရင်းပြဿနာဖြစ်တာ၊ “ လို့ ပြောတဲ့အခါ “
”သူုက မင်းတို့မှာ အထောက်အထားရှိလား၊ မင်းကဘယ်သူလဲ၊ ဘယ်ကလဲ၊ ငါတို့က အထောက်အထားရှိလို့ရေးတာ”
လို့ပြောတဲ့အတွက် အခုဆက်တာက သံဃသာမဂ္ဂီက ဦးဇင်းလူထွက်၊ ကျုပ်က အဲဒီမှာ အစအဆုံး ပါဝင်ခဲ့တယ်၊ ခင်ဗျားကို ဘယ်နေရာမှာမှ မတွေ့ဖူးဘူး၊ ဦးရေဝတရဲ့ရှစ်လေးလုံးအရေးတော်ပုံနှစ်နှစ်မြောက် ဆိုတာလဲ လုံးဝမှားတယ်၊ ထောင်ကျခံသွားရတဲ့ ဆရာတော်ကြီးတွေက ခင်ဗျားခိုင်းလို့လုပ်ရတဲ့ပုံမျိုး ရေးထားတာဆိုတော့ ဆရာတော်ကြီးတွေရော၊ သံဃသမဂ္ဂီရော၊ ဘယ်နေရာရောက်သွားလဲဆိုတာ စဉ်းစားကြည့်အုံး”
လို့ပြောတော့
သူက “သူရေးတာမဟုတ်ဘူး၊ စာရေးတဲ့သူကလဲ နိုင်ငံရေးလုပ်လို့ ထောင်ကျခဲ့တာ၊ သူလဲ အထောက်အထားရှိလို့ရေးတာ၊ သူနဲ့တွေ့ပီး ရှင်းပေးမယ်”
လို့ပြောပီး နာမည်၊လိပ်စာ၊ဖုန်းနံပတ်၊အလုပ်အကိုင်တွေမေးယူပီး ကနေ့ထိ ဘာမှ အကြောင်းပြန်ကြားမှုမရှိသေးပါ။
မန္တလေးဗကသကျောင်းသားဟောင်းတဦးကလဲ ဦးအုန်းကြိုင်ရဲ့ဖုန်း ၀၉-၄၃၀၂၇၃၇၆ ကို ဆက်သွယ်ပြီး NLDကိစ္စကလွဲပြီး ဆောင်းပါးတခုလုံးမှားနေကြောင်းပြောရာ ဦးအုန်းကြိုင်(အောင်ဝင့်)က
“မင်း ဘယ်ကလဲ၊ နာမည်ဘယ်သူလဲ၊ ငါတို့မှာ အထောက်အထားရှိလို့ရေးတာ၊ ဖြေရှင်းချင်ရင် တိုင်းရုံးကိုစာရေးလျှောက်ထားပြီး ပို့ဖို့ …”
ပြောခဲ့ပါတယ်။ တိုင်းတာဝန်ခံနဲ့ ကြားခံထားပြီး လူချင်းတွေ့ဆုံဖြေရှင်းဖို့ ပြောကြားခဲ့သော်လဲ အဆင်မပြေခဲ့ပါ။ တိုင်းတာဝန်ခံနဲ့ဆက်သွယ်ရာ ခွင့်ယူပြီူး မြိတ်ဖက်ကိုသွားနေကြောင်းစုံစမ်းသိရှိရပါတယ်။
အဲဒီနောက် မေမြို့လွှတ်တော်အမတ် ကိုကျော်သီဟနဲ့ဆက်သွယ်ပီး အဲဒီဆောင်းပါးအကြောင်း ပြောပြကာ ဒီလှိုင်းအကြံပေး ဦးဝင်းတင် ဒါမှမဟုတ် ဦးမိုးသူနဲ့ ဆက်သွယ်ချိပ်ဆက်ပေးဖို့ အကူအညီတောင်းခဲ့တယ်။ ပြိးတော့ သူနဲ့ ဆောင်းပါးအကြောင်းပြောတဲ့အခါ တိုင်းရုံးကိုစာတင်ဖို့၊ တိုင်းရုံးမှတဆင့် ရုံးချုပ်ကို စာတင်ပေးမယ်လို့ ပြောခဲ့ပါတယ်။ ကျောက်ပန်းတောင်းလွှတ်တော်အမတ် ဒေါက်တာဇော်မြင့်မောင်ကို ဗကသကျောင်းသူဟောင်းတဦးက ရုံးချုပ်တာဝန်ရှိသူများနဲ့ ဆက်သွယ်ဖြေရှင်းပေးဖို့ ပြောခဲ့ပေမဲ့ အဲဒါဟာ မဖြစ်နိုင်ဘူး၊ တိုင်းရုံးကို စာဘဲပို့ပါ၊ ဒါမှမဟုတ် တိုင်းအဆင့်လူငယ်မှ ကိုမျိုးနိုင်နဲ့ လာဖြေရှင်းဖို့ ပြောခဲ့တယ်။
ဆက်လက်ပီးတော့ ဦးမိုးသူနဲ့ဖုန်းဆက်ပီး ဂျာနယ်အကြောင်းကို ရှင်းလင်းပြောကြားခဲ့တယ်။ ဦးမိုးသူက ညပိုင်းမှာ ဦးဝင်းတင်နဲ့ချိန်းထားကြောင်း၊ ဆောင်းပါးအကြောင်းဆွေးနွေးပေးမဲ့အကြောင်း၊ နောက်ရက်မနက်မှာ ဖုန်းပြန်ဆက်ဖို့ပြောကြားခဲ့ပါတယ်။ ဖုန်းဆက်တော့ အဲဒီတုန်းက ငါတို့ကထောင်ထဲမှာ၊ အဲဒီအကြောင်းတွေ ဘာမှ မသိဘူး၊ မှားတယ်ဆိုရင်တော့ ပြင်ရမှာပေါ့လို့ ပြောခဲ့ပါတယ်။
ညနေပိုင်းမှာ ဖုန်းထပ်ချိန်းလို့ ထပ်ဆက်တဲ့အချိန်မှာ သံဃာတော်တွေနဲ့ ကျောင်းသားတွေနဲ့ ဆောင်ရွက်ထားတဲ့ ကိစ္စတွေကို ဦးအုန်းကြိုင်အနေနဲ့ ဘာမှမသိဘဲနဲ့ ဝင်ရောက်စွပ်ဖက်ရေးသားတဲ့အကြောင်းနဲ့ ဖြစ်ရပ်အမှန်ကို ရှင်းပြပြီး  အဲဒီိတုန်းက လုပ်ဆောင်ခဲ့တဲ့ သံဃာတွေနဲ့ ကျောင်းသားတွေ ရုံးချုပ်ကိုလာပြီး ရှင်းလင်းမယ်လို့ပြောတဲ့အခါ ဦးမိုးသူက မဖြစ်နိုင်ဘူး၊ တိုင်းရုံးက မျိုးနိုင်တို့နဲရှင်းလင်းဖို့ပြောဆိုရာ မျိုးနိုင်ဘာမှသိတာမဟုတ်တဲ့အတွက် သူတို့နဲ့ရှင်းစရာမလိုဘူးလို့ ပြောခဲ့ပါတယ်။
အဲဒီနောက် ဖြစ်ရပ်အမှန်ကို စာရေးပြီးတင်ဖို့ ဦးမိုးသူက ပြောရာ အဲဒီစာကို ဒီလှိုင်းမှာထည့်ပေးဖို့ ပြန်ပြောတော့ မသေချာဘူးလို့ ဖြေခဲ့ပါတယ်၊၊ နောက်ဆုံးတော့ ဒီကိစ္စတွေ ဘဘတို့လဲ ဘာမှသိတာမဟုတ်ဘူး၊ မင်းတို့ လုပ်စရာရှိတာသာ ဆက်လုပ်ကြပေတော့ဟု ပြောခဲ့ပါတယ်။
အဲဒါကြောင့် သံဃသာမဂ္ဂီနဲ့ ဗကသ၊ အထက်ဗမာပြည်တို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLDတာဝန်ရှိသူတွေဆီ စာပို့ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
ရန်ကုန်ရုံးချုပ်ကို လူကိုယ်တိုင်သွားရောက်ပြီး ဦးဝင်းတင်အတွက် လက်ထဲထဲ့ပြီး ကျန်စာတွေကို ပေးစာဌာနနဲ့ ဒီလှိုင်းအတွက်စာကို ဒီလှိုင်းစားပွဲမှာ ပေးခဲ့ပါတယ်။
သို့
ဥက္ကဋ္ဌ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
အမှတ်(၉၇/ခ)၊ အနောက်ရွှေဂုံတိုင်လမ်း
ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။
ရက်စွဲ ။  ။၂၀၁၂ ခုနှစ်၊ မေလ (၃၀)ရက်
အကြောင်းအရာ။   ၂၀၁၂ ခုနှစ်၊ မေလ (၂၁)ရက်ထုတ် ဒီလှိုင်းဂျာနယ်၊ အတွဲ (၁)၊ အမှတ် (၁၈)တွင် ပါရှိသော
    “ NLD ရက်စွဲမှတ်တမ်း =  တစ်ကိုးဆယ်၊ ငါးကိုးဆယ်နှင့် ပတ္တနိက္ကုဇ္ဇန” ဆောင်းပါးကိစ္စ။
အထက်အကြောင်းအရာပါကိစ္စနှင့်ပတ်သက်၍ မန္တလေးမြို့၊ လေးပြင်လေးရပ်သံဃာ့သာမဂ္ဂီအဖွဲ့ချုပ်      (အထက်ဗမာပြည်)နှင့် ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)မှ သမိုင်းမှတ်တမ်းမှားယွင်းချက်များအား တင်ပြ ဆွေးနွေးတောင်းဆိုခြင်းဖြစ်ပါသည်။
ယင်းဆောင်းပါးကော်လံ(၄)၊ အပိုဒ်(၄)တွင် ရေးသားထားချက်များမှာ သမိုင်းအဖြစ်မှန်နှင့် လုံးဝကွဲလွဲ နေပါသည်။
ဆောင်းပါးတွင်ရေးသားထားသည့် “ သံဃသမဂ္ဂီဆရာတော် ဦးရေ၀တ၏ ရှစ်လေးလုံးအရေးတော်ပုံ နှစ်နှစ်မြောက် နှစ်ပတ်လည်နေ့ အရုဏ်ဆွမ်းလောင်းပွဲတွင် အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေး အစီအစဉ်အား မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသော ရေးသားချက်တွင်-
၁။ ရှစ်လေးလုံးအရေးတော်ပုံနှစ်နှစ်မြောက်နှစ်ပတ်လည်နေ့တွင် ဆွမ်းလောင်းရန် စည်းဝေးဆုံးဖြတ်ခဲ့သော ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)၏ အစီအစဉ်အား သံဃာတော်များမှ ဆွမ်းခံကြွကြခြင်းသာဖြစ်ပါသည်။ အာဏာပိုင်များနှင့် ထိပ်တိုက်ရင်ဆိုင်ရေးအစီအစဉ်မဟုတ်ပါ။
၂။ ပတ္တနိက္ကုဇ္ဇနကံဆောင်ပွဲဖြစ်ပေါ်လာရခြင်းမှာ အထက်ပါ ဆွမ်းလောင်းပွဲတွင် လုံခြုံရေးတာဝန်ကျသူ များမှ ဆွမ်းခံကြွသံဃာတော်များနှင့် ဆွမ်းလောင်းသူကျောင်းသား၊ကျောင်းသူများကို ဖမ်းဆီး ရိုက်နှက်ခြင်း၊ သေနတ်ဖြင့် ပစ်ခတ်ခြင်း၊ ရုန်းရင်းဆန်ခတ်ပြေးလွှားကြစဉ် မြေပေါ်ပြန့်ကျဲနေသောသပိတ်များကို ခြေထောက်ဖြင့် ကန်ကျောက်ခြင်းတို့ ဖြစ်ခဲ့သည်။ ယင်းဖြစ်ရပ်များနှင့်ပတ်သက်၍ မစိုးရိမ်နှစ်တိုက်မှ သံဃာ့သာမဂ္ဂီသံဃာတော် များက မစိုးရိမ်တိုက်ဟောင်းမှ နာယကစာချဆရာတော်ဦးကောဝိဒါဘိဝံသထံ သြ၀ါဒခံယူရာ ဆရာတော်က ၀ိနည်း ဓမ္မကံလုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ္တနိက္ကုဇ္ဇနကံဆောင်သင့်ကြောင်း မိန့်ကြားခဲ့ပါသည်။
၃။ ဤကံဆောင်ပွဲတွင် ဦးစီးဆောင်ရွက်ခဲ့ကြသော မန္တလေး၊ မစိုးရိမ်တိုက်ဟောင်းမှ ဆရာတော် ဦးကောဝိဒါဘိဝံသ၊ မစိုးရိမ်တိုက်သစ်မှ ဆရာတော်ဦးရာဇဓမ္မာဘိဝံသ၊ ရန်ကုန်မှ အင်းစိန်ရွာမဆရာတော် ဦးတိလောကာဘိဝံသ၊ တိပိဋကဆရာတော်ဦးသုမင်္ဂလာလင်္ကာရ၊ မေဒိနီဆရာတော်၊ မဂ္ဂင်ကျောင်းဆရာတော် အစရှိသော စာချအကျော်ဆရာတော်ကြီးများနှင့် သံဃာတော်များရာချီပြီး အဖမ်းခံ၊ အနှိပ်စက်ခံ၊ အလုပ်ကြမ်းနှင့် ထောင်ဒဏ်အကျခံရပြီး အချို့သံဃာတော်များ ရဲဘက်စခန်းတွင် အသက်ပေးသွားခဲ့ရသည့် ဦးညွတ်ဦးခိုက်ရမည့် ဖြစ်စဉ်ကြီးကို လျစ်လျစ်ရှုကာ “ မန္တလေးအဖွဲ့ချုပ်မှ ဦးအုန်းကြိုင် (အောင်ဝင့်)နှင့် အဖွဲ့ချုပ်တာဝန်ရှိသူများက မေတ္တာရပ်ခံသဖြင့် ပတ္တနိက္ကုဇ္ဇန ကံဆောင်ပွဲအဖြစ် ရွေးချယ်လိုက်ခြင်းဖြစ်သည် ” ဟူသောရေးသားချက်သည် အဖြစ်မှန်နှင့်လုံးဝကွဲလွဲနေပါသဖြင့် ကန့်ကွက်လိုက်ပါသည်။
၎။ ဤသို့ မှားယွင်းစွာ သမိုင်းမှတ်တမ်းတင်မှုအား ပြန်လည်ပြင်ဆင်ပေးနိုင်ပါရန် ဒီလှိုင်းဂျာနယ် အတိုင်ပင်ခံအယ်ဒီတာနှင့် တာဝန်ခံအယ်ဒီတာဦးအုန်းကြိုင်၊ မန္တလေးတိုင်းရုံးမှပုဂ္ဂိုလ်များအား ဆက်သွယ်တင်ပြ ဆောင်ရွက်ခဲ့ပါသော်လည်း ပြေလည်မှုမရရှိခဲ့ပါ။
၅။ သို့ပါ၍ သမိုင်းအမှန်ကို မှတ်တမ်းတင်နိုင်ရန်အတွက် ဇွန်လနောက်ဆုံးပတ်အတွင်း စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြအပ်ပါသည်။
မန္တလေးမြို့၊ လေးပြင်လေးရပ် သံဃာ့သာမဂ္ဂီ အဖွဲ့ချုပ်(အထက်ဗမာပြည်)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (အထက်ဗမာပြည်)
မိတ္တူကို-
၁။ လက်ခံ
၂။ ဦးတင်ဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၃။ ဦးဝင်းတင်၊ အမျိုးသားဒီမိုကရေစီအဖွဲချုပ်။
၎။ ဦးမိုးသူ၊ အကြံပေး၊ ဒီလှိုင်းစာစောင်။
၅။ ဦးအုန်းကြိုင်၊ ဒီလှိုင်းတာဝန်ခံ။
၆။ ဦးဥာဏ်ဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၇။ ဦးဟံသာမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၈။ ဦးစိုးဝင်း၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၉။ ဦးသိန်းဦး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၀။ ဒေါ်မေ၀င်းမြင့်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
၁၁။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မန္တလေးတိုင်း။
            (မိုးမခမီဒီယာ က ၂၀၀၇ ရွှေဝါရောင်ကာလ၊ မစိုးရိမ်ဆရာတော် ဦးကောဝိဒ ဆန်ဖရန်သို့ ရောက်ရှိစဉ် ရိုက်ကူးထားသော ရုပ်သံမှတ်တမ်းကို ပြန်လည် ကြည့်ရှုနိုင်ရန် တင်ပြလိုက်ပါသည်။ ဦးကောဝိဒက ထိုစဉ်က အခြေအနေများကို ပြန်လည် ပြောပြထားတာကို တွေ့ရမည်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Similar Posts

3 thoughts on “Letter – ဒီလှိုင်းဂျာနယ်ရဲ့ သမိုင်းပြန်ပေးဆွဲမှု
  1. NLDက သွားလေသူ ဦးလွင် ၇ဲ့ စကားသံ ခုထိတိုင် ကြားနေမိပါတယ် ၈၈ ကာလမှာ ဒေါက်တာမောင်မောင် က ကဲ ခင်ဗျားတို့ ကြားဖြတ်လို့ ခေါ်တဲ့ အစိုး၇ဖွဲ့ ဆိုတော့ လူကြီးတွေ လုပ်ပုံ တိုင်းပြည်အေ၇းနဲ့ စတေးခဲ့တဲ့ လူတွေ၇ဲ့ အသက်ကို မငဲ့ဘဲ တယောက်နဲ့ တယောက်မာန်ဖီခဲ့လို့ မနက်က ဖွဲ့ ခဲ့တဲ့အစိုး၇ ညနေမှာ ပျက်ခဲ့၇တယ် ဒါနဲ့ ဘဲ ဆ၇ာထက် တပည့် လက်ဇောင်းထက်တဲ့ စစ်အာ၇ုးလက် ၀ကွက်အပ်လိုက်၇ပါတော့တယ် သမိုင်းတဆက်မှာ ဒီမိုကေ၇စီ ၇ှိပါလျက်နဲ့ နိုင်ငံေ၇းလုပ်သူတွေ အစွဲကြီးလို့ ကွဲပြဲပြီး တိုင်းပြည်လဲ စစ်ဖိနပ်အောက်ေ၇ာက် ကာ မွဲပြာကျပြီး ပြည်သူလူထု မှာ ဘ၀ပျက်ခဲ့၇တာ ခုထိတိုင်ပါ ..ခင်ဗျားတို့ နိုင်ငံေ၇းသမား ပီသတယ်ဆို၇င် ဆက့်ပီး မာန်ဖီနေကြဦးမှာလား

  2. အဲဒီ ကံဆောင်တုန်းက ငါတို့ တွေ ကိုယ်တိုင် ငတ်ငတ်ပြတ်ပြတ်နဲ့ဘုန်းကြီးတွေပေးတဲ့လမ်းစားရိတ်ကလေးနဲ့ ကိုယ့် တိုင်းက ဘုန်းကြီးကျောင်းတွေ က ရဟန်းပျို ဦးဇင်းတွေဆီ တကျောင်းဝင်တကျောင်းထွက်နဲ့  စာတွေ သယ်ပို့  ပေးပြီး ဘုန်းကြီးကျောင်း ထဲမှာပဲ ဖန်ချောင်းနဲ့ ဂက်စ်တန်နာလှိမ့်တဲ့စတိတ်မန့် တွေထုတ်ခဲ့ကြတာ ။
    ခုရေးတဲ့ သူပြောတာမှန်တယ် အဲဒီလို မန်းမှာဖြစ်လို့  တနိုင်ငံလုံး ရဟန်းပျိုတွေဆက်စပ်ချိတ်ဆက်ပြီးလုပ်ခဲ့ကြတာ ။ အဲဒီတုန်းက ဘုန်းကြီးတွေ နေတတ်သလိုနေရင်ရတယ် ။ သူတို့ က ဆွမ်းလှူတဲ့ တကာတွေကိုငဲ့တယ်။
    (comment ကို တည်းဖြတ်ပြီး ထည့်ထားတာပါ၊ မိုးမခ)

  3. အမှားကိုဆောင် အမှန်ကိုအမှောင်ချ
    လူလုံးပြဟန်ရေးကြွယ်ရင်
    များပြည်သူဗိုလ်လူပေါင်း
    ဝေးသွေခွာရှောင်စေကြောင်းရယ်မို့
    ကြည်ညိုဘွယ် တစ်ကယ်ထိုက်ရအောင်
    လူဗိုလ်လယ် မကွယ်ဝိုက်ပါနဲ့
    မှားမိကဝန်ခံ မှန်သည်ဆိုပြန်ရှင်း
    ရဲရဲတင်းရင်ဆိုင် ပြည့်မဏ္ဍိုင်မယိုင်လဲအောင်
    ကွယ်…….ခုရှုပ်မှနောင်ရှင်း ။ ။

Comments are closed.