ဇွန် ၂၂၊ ၂၀၁၂
“ငါ့တူက ဦးလေးကို ငိုချင်လျက်လက်တို့ လာလုပ်နေပါလားကွာ။ အေး မင်းတို့ရဲ့ခေတ်မှာ မဖြစ်ညစ်ကျယ် အဝေးသင်တက္ကသိုလ် ဆိုတာ တွေနဲ့ပဲ ဘွဲ့ရခဲ့ကြတော့ ရန်ကုန်တက္ကသိုလ်ကြီးရဲ့အစဉ်အလာကို လွမ်းမောတသစရာမရှိပဲ ဖြစ်နေတာပေါ့ကွာ။ ဒါပေမဲ့ ဦးလေးတို့လို လူကြီး တွေအဖို့မှာတော့ ရန်ကုန်တက္ကသိုလ်ကြီးမှာ ကျောင်းတက်ခဲ့ကြလေတော့ အခုလိုဖြစ်ပျက်နေတာ မြင်ရတာ ရင်ထဲမှာမချိဘူးကွ”
“ဘယ်လို ဖြစ်ပျက်နေလို့လဲ ဦးလေးရ”
“ဘယ်လို ဖြစ်ပျက်နေတယ်ဆိုတာကို မပြောခင် ဦးလေး ဘယ်လိုခံစားနေရတယ်ဆိုတာကို အရင်ပြောပြမယ်။ ဟိုတနေ့က ကမာရွတ်လှည်း တန်းမှာနေတဲ့ မိတ်ဆွေတယောက်ဆီအလည်သွားရင်း အဲ့ဒီတက္ကသိုလ်ဝင်းထဲကို အလွမ်းပြေ လမ်းလျှောက်ဝင်ကြည့်ခဲ့တယ်။ ရေတမာပင် တန်းနဲ့ အဓိပတိလမ်းအတိုင်း ခန့်ငြားလှတဲ့ ဘွဲ့နှင်းသဘင်ကို မျက်နှာမူပြီး လျှောက်သွားလိုက်တာ ဦးတို့ခေတ်က အာရ်စီ (RECREATION CENTER) လို့ခေါ်တဲ့ အပန်းဖြေရိပ်သာနားလဲရောက်ကရော ဦးလေးရဲ့နားထဲမှာ ပတ္တလားသံတွေ ကြားယောင်လာတယ်အာရ်စီထဲက ကျောင်းသား ကျောင်းသူတွေရဲ့ အော်ဟစ်အားပေးသံတွေလဲ ကြားယောင်လာတယ်။ ဦးတို့တုန်းက အဲ့ဒီအာရ်စီမှာ ဆိုနေ တီးနေတာတွေ အားကစားပွဲတွေ အမြဲလိုလို ရှိနေတယ်လေ။ အဲ့ဒါတွေက ဦးရဲ့ အာရုံမှာ ပြန်ပြီး နိုးကြားထင်ဟပ်လာတယ် ထင်ပါရဲ့ကွာ”
“ဒါပေမဲ့ ဘေးဘီပတ်ဝန်းကျင်ကိုကြည့်လိုက်တော့ အားလုံး ကျီးနဲ့ဖုတ်ဖုတ် တချိန်တုန်းက ကျောင်းသူကျောင်းသားတွေနဲ့ စည်ကား သိုက် မြိုက်ခဲ့တဲ့နေရာတခုဟာ အခုတော့ သုဿန်တစပြင်လို ခြောက်သွေ့လို့ ဦးလေးမှာ မျက်ရည်တောင်ဝိုင်းလာမိတယ်။ တချိန်တုန်းက အာရှ မှာ အထင်ကရထွန်းလင်းခဲ့တဲ့ တက္ကသိုလ်ကြီးတခုဟာ စစ်တပ်အာဏာရှင်စနစ်ရဲ့ အမှောင်တိုက်သွင်းတာကို လည်စင်းပြီးခံနေရရှာတာပေါ့ ကွာ”
“အခု..အဲ့ဒါကို ပြန်လည်ထိန်းသိမ်းဘို့ တောင်းဆိုနေကြတာ ကောင်းတာပေါ့နော်”
“အေးပေါ့ကွ. ဒေါက်တာအောင်ထွန်းသက်တို့လို ဦးမြင့်တို့လို ပညာရှင်တွေကလဲ ရေးကြ ပြောကြတယ် မဟုတ်လား။ ဧရာဝတီကို လူထုက ၀ိုင်းဝန်းပြီးကယ်တင်ခဲ့သလို ဒီရန်ကုန်တက္ကသိုလ်ကြီးကိုလဲ ကယ်တင်ရဦးမှာကွ မင်းတို့ ငါတို့လဲ “အလှည့်ကျတော့ မနွဲ့စတမ်း” ပေါ့ကွာ မဟုတ်ဘူးလား။”
“တံဆိပ်ခေါင်းနဲ့ပတ်သက်ပြီး ပြောပါဦး ဦးလေးရ”
“အေး…အေး..ပြောပါ့မယ်ကွာ ၁၉၂၀မှာ စပြီးဖွင့်ခဲ့တာဆိုတော့ ၁၉၇၀မှာ နှစ် ၅၀ ရွှေရတု ပြည့်ခဲ့တယ်။ အဲ့ဒီတုန်းက အထိမ်းအမှတ် တံဆိပ် ခေါင်း မထုတ်ခဲ့ပါဘူးကွာ။ ရ၅ နှစ် စိန်ရတု ပြည့်တဲ့ ၁၉၉၅ မှာတော့ တံဆိပ်ခေါင်း ၂ လုံး ထုတ်ခဲ့တယ်။ စစ်အစိုးရလက်ထက်မှာပေါ့။ ဟောဒီ မှာကြည့်”
“ဟာ ကံ့ကော်ပွင့်တွေနဲ့ပါလား ဦးလေးရ”
“အေးလေကွာ ဒီကံကော်ပွင့်နဲ့ တံဆိပ်ခေါင်းလေးကို တွေ့ရတော့ ဦးလေးရဲ့နှာခေါင်းမှာ ကံကော်ရနံလေးတွေတောင် ရလာတယ်။ နောက်ပီး ကံကော်မြိုင်တန်းဆိုတဲ့ ကိုသန်းလှိုင်ရဲ့ ကိုယ်တိုင်ရေးစပ်ဆိုခဲ့တဲ့ သီချင်းတပုဒ်ကိုလဲ သွားသတိရမိတယ်။ ဘာတဲ့..
ကံကော်မြိုင်တန်း xxx ချမ်းမြေ့ငြိမ်းချမ်း xxx
စိမ်းစိမ်းမြမြ xxx စိုစိုလန်းလန်း xxx
ပန်းပေါင်းဝေဆာ xxx မြေမှာလန်းလန်း
အဲ့ဒါလေးကို ပြန်ပြီးညည်းလိုက်ချင်သေး လွမ်းမိပါသေးကွာ။ ဦးလေးက အလုပ်ထဲရောက်ပြီး နယ်အနှံ့ရောက်တဲ့နေရာတိုင်းမှာ အဲ့ဒီကံ့ကော် ပွင့်တွေတွေ့တိုင်း ရန်ကုန်တက္ကသိုလ်ကြီးကို ချက်ခြင်းသတိရမိတယ်။ ကျောင်းသားဘ၀ ပင်းယဆောင်မှာနေခဲ့ရတဲ့ဘ၀ကို ပြန်ပြီးလွမ်းမ တယ်ကွ”
“ဦးလေးရောဂါက မသေးပါလားနော်”
“ငါ့တူပြောလဲ ခံရမှာပါပဲကွာ။ အဲ့ဒါနဲ့ ယိုးဒယားကထုတ်တဲ့ တံဆိပ်ခေါင်း ကံကော်ပန်းပုံကလေးနဲ့ ဦးလေးစုထားတာ ငါ့တူကို ပြရဦးမယ်။ ဒီမှာ ကြည့်ပါဦး”
“အဲ့ဒီတုန်းက ရန်ကုန်တက္ကသိုလ်ကြီးဟာ အတော်ပျော်စရာကောင်းမှာပဲနော်”
“အေးပေါ့ကွာ နောက်ပီး အာရှတိုက်ရဲ့ အကောင်းဆုံးတက္ကသိုလ်တွေထဲမှာ စာရင်းဝင်ခဲ့တာပေါ့။ ၁၉၇၀ မှာ နှစ် ၅၀ ပြည် ရွှေရတုသဘင် လုပ်ကြတော့ အတော့်ကို စည်စည်ကားကား ကျင်းပခဲ့ကြတာပေါ့ကွာ။ ဦးလေးနဲ့ရွယ်တူတွေဟာ အဲ့ဒီအကြောင်းကို ခုချိန်ထိ မမေ့နိုင်ပဲ တမ်းတမ်းတတ ပြောနေကြတုန်းပဲ ဦးလေးလိုပေါ့ကွာ”
“နိုင်ငံရေးအရရောဟင် …”
“ရန်ကုန်တက္ကသိုလ်သမိုင်းဟာ တို့နိုင်ငံရဲ့ သူ့ကျွန်ဘ၀က လွတ်မြောက်ရေးကြိုးပမ်းမှုသမိုင်းနဲ့ ထပ်တူထပ်မျှဘဲကွ။ ခွဲခြားပြီးပြောလို့ကို မရဘူး။ ငါ့တူနားလည်အောင် အတိုချုပ်ကလေးပြောရမယ်ဆိုရင် .. ၁၉၂၀ မှာ ရန်ကုန်တက္ကသိုလ်စဖွင့်တယ်ကွာ။ အဲဒီစဖွင့်တာနဲ့ကျောင်းသား သပိတ် စတာပဲ။ ယူနီဗာစီတီအက်ဥပဒေ (University Act) ကို မကျေနပ်လို့ ကျောင်းသားတွေက ထချဲတာဘဲ။ အနုနည်းနဲ့ပေါ့ကွာ။ ကျောင်းမတက်ပဲ သပိတ်မှောက်တယ်ပေါ့။ အဲဒီသပိတ်ဟာ တို့ရဲ့ နောက်ထပ်ပေါ်လာတဲ့ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းဖြစ်စဉ်ကြီးတခုလုံးရဲ့ ပထမဆုံးသော အစိုးရကို အန်တုခြင်းဘဲ။ အဲဒီနောက်တော့ ၁၆ နှစ်အကြာ ၁၉၃၆ မှာ နောက်ထပ်သပိတ်တခု။ နောက် (၂) နှစ်အကြာ ၁၉၃၈ ခုနှစ်မှာ နောက်ထပ်သပိတ်တခု။ အဲဒီလို နယ်ချဲ့ကို ဆက်တိုက်တွယ်ခဲ့ကြတယ်။ ကျောင်းသားသမဂ္ဂအနေနဲ့ လွတ်လပ်ရေးအတွက် လုပ်ခဲ့ကြတဲ့နေရာမှာ ရန်ကုန်တက္ကသိုလ်ဟာ အထင်ကရနေရာကြီးဖြစ်လို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတောင် “ထီမထင် ကျောင်းတော်သားတွေ” လို့ အမွှန်းတင်ခေါ်ဝေါ်ခဲ့သေးတယ်ကွ။ ငါ့တူမှတ်မိဦးမှာပေါ့။ ပဌမဦးဆုံးကျောင်းသားသပိတ်စတင်တဲ့နေ့ကို အစွဲပြုပြီး တို့ရဲ့ “အမျိုးသားအောင်ပွဲနေ့” (National Day) ဖြစ်လာတာကိုလေ။ တို့ရဲ့အမျိုးသားနေ့ကို မြန်မာရက်စွဲနဲ့မှတ်ထားရမယ်ဆိုတာ လေ”
“ဦးလေးပြောဖန်များလို့ ကျနော်မမေ့ပါဘူး။ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်နေ့မဟုတ်လား”
“အေး ဟုတ်တယ်ကွ။ ဒါကြောင့် အမျိုးသားနေ့ နှစ် (၅၀) ပြည့်တဲ့ရွှေရတုမှာ ၁၉၇၀ ရန်ကုန်တက္ကသိုလ် ရွှေရတုပေါ့ကွာ။ ရန်ကုန်တက္ကသိုလ် အတွက် အထိမ်းအမှတ်တံဆိပ်ခေါင်း မထုတ်နိုင်ခဲ့ပေမယ့် အမျိုးသားနေ့အတွက်တော့ တံဆိပ်ပေါင်း ၁၉၇၀ မှာ (၃) မျိုး ထုတ်နိုင်ခဲ့တယ်ကွ။ ဒီမှာကြည့်ပါဦး”
“ဒီတော့ နှစ် ၁၀၀ ပြည့်မဲ့ ၂၀၂၀ အမှီ၊ ရန်ကုန်တက္ကသိုလ်ကြီးကို ကယ်တင်ဖို့လိုတာပေါ့နော်”
“အေးပေါ့ကွ။ နောက်ပြီး ဒါဟာ လူငယ်တွေရဲ့ပညာရေးကွ။ သိပ်အရေးကြီးတယ်။ တရက် – တနာရီနောက်ကျလို့ မဖြစ်ဘူးကွ။ အခုခေတ်ကြီးက သိပ်ပြီးတိုးတက်တာမြန်နေတာ။ ငါ့တူကြီးလဲ အသိဘဲ။ ကိုယ်က နဲနဲနှေးတာနဲ့ ဘေးကကောင်တွေက လှစ်ကနဲ ကိုယ့်ကို ကျော်တက်ကုန်မှာ။ အပေါ့ကြနဲ့နော်။ ၂၀၂၀ အထိ ကျော်ချပြီးစောင့်နေလို့ မရဘူးကွ။ အခုထဲက တက်ကုန် ရွက်ကုန် ကြိတ်ထားရမှာ”
“ဟာ ဦးလေးကလဲ … ဒီရှေ့ကိုကောင်းတော့မှာပါ။ အခုပဲ တော်တော်ဟုတ်နေပြီ … မဟုတ်ဘူးလား”
“အေးလေကွာ … ဒီပုံအတိုင်းသွားရင်ဖြင့် ကောင်းပါလေရဲ့ မင်းတို့တတွေ ပိုပြီး ခြေသွက် လက်သွက်ကလေးတွေဖြစ်သွားအောင် ဦးလေးက သတိပေးနေတာပါကွ”
“ကျနော့်သူငယ်ချင်းတွေ တက်နေတဲ့ ယိုးဒယားက တက္ကသိုလ်တွေကျတော့ကော?”
“အထင်ကရ နာမည်ကြီးတက္ကသိုလ်တွေဖြစ်တဲ့ … ချူလာလွန်ကောင် (Chulalongkorn University)၊ သမာစပ် (Thammasat University) တွေဟာ ဒို့ရန်ကုန်နဲ့ မရှေးမနှောင်း ပြိုင်တူလောက်နီးနီးဖွင့်လှစ်ခဲ့ကြတာလေ။ ခုတော့ သူတို့က အပြတ်အသတ်သာသွားပြီပေါ့ကွာ။ အထိမ်းအမှတ်ပွဲတွေလဲလုပ်၊ တံဆိပ်ကောင်းတွေလဲ အများကြီးထုတ်ခဲ့တာပေါ့။ ဒီမှာကြည့်ပါဦး။”
“ဟာ ခန့်ခန့်ငြားငြားနဲ့ အများကြီးပါလား ဦးလေး”
“အဲ့ဒါကြောင့် မင်းတို့တတွေ အခုလို စံနစ်ပြောင်းစပြုလာတဲ့အချိန်မှာ သွက်သွက်လက်လက်ကလေး လုပ်ကြပါလို့ ဦးလေးက တိုက်တွန်းနေရတာပေါ့။ အဲ့ဒါမှ သူများနဲ့ ရင်ဘောင်တန်းပြီး ယှဉ်လို့ရမှာလေ။
“ဟုတ်ကဲ့ပါ ဦးလေး”
သံတိုင်ကြားက သစ်ပုပ်ပင်အို
Want to see the movies
(1) Kaw-leik-jin by actor/actress Kaw-leik-jin Ne Win – Myint2 Khin
(2) Pan-twe-ne’-wai by Thu Mg, Director Win Na