ဇွန် ၁၄၊ ၂၀၁၂
• လျှပ်စစ်မလုံလောက်မှုပြဿနာ
အစိုးရက လျှပ်စစ်မီး၊ ကန်ထရိုက်တာများခေါ်ပြီး ဒေသအစိုးရများဖြင့် ဖြေရှင်းရန် ကြိုးစားခြင်းသည် ကောင်းမွန်သော ဖြေရှင်းချက်ဖြစ်သည်။ လျှပ်စစ်မလုံလောက်ခြင်းသည် ဆင်းရဲသောနိုင်ငံအတွက် မထူးဆန်းပါ။ ယခု ကျွန်ုပ်ခေတ္တအလုပ်အကိုင်ရှိရာ ဗီယက်နမ်နိုင်ငံတွင်လည်း ညနေ၊ ရပ်ကွက်ဈေးကလေးတခုတွင် လျှပ်စစ်မီးပျက်သွားသောအခါ အရောင်းဆိုင် အားလုံးနီးပါးသည် မြန်မာနိုင်ငံကဲ့သို့ ဘက်ထရီမီးများ ချက်ချင်းလင်းထိန်လာသည်ကို တွေ့ရသည်။ ရပ်ကွက် အိမ်ယာများအတွက် လျှပ်စစ်မီးကိုလည်း ကန်ထရိုက်မီးပေးသောလုပ်ငန်း လိုင်စင် ရသူက လျှပ်စစ်ရောင်းစားနေသည်ကို တွေ့ရသည်။ ကျွန်တော်မိဘများနေထိုင်ရာ မြစ်ကြီးနားသို့ ၂၀၁၁ ဇွန်လက အလည်ပြန်သွားရာ၊ ရပ် ကွက်အိမ်များကို ၄၀ ၀ပ် မီးလုံးတလုံး ည ၇ နာရီမှ ၁၀ နာရီအထိ ညစဉ် လျှပ်စစ်မီးရောင်းစားနေသော ပုဂ္ဂလိကလိုင်စင်ရလုပ်ငန်းကိုလည်း သတိထားမိပါသည်။ မီးထွန်းရုံမျှကို ဒေသခံ ရပ်ကွက်၊ မြို့နယ် အာဏာပိုင်များက ဖြေရှင်းနိုင်သော်လည်း လိုင်စင်အတွက် အာဏာပိုင်များကို လပ်ပေးရခြင်း၊ အာဏာပိုင်များနှင့် သင့်တင့်သူများသာ လိုင်စင်ရရှိခြင်း၊ အာဏာပိုင်များမကြိုက်လျှင် လိုင်စင်ပြုတ်သွားနိုင်ခြင်း၊ အာဏာ ပိုင်တယောက်ပြုတ်သွားလျှင် လိုင်စင်ရသူလည်း အတူပြုတ်သွားခြင်း စသည့် အားနည်းချက်များကို ဥပဒေစိုးမိုးမှုဖြင့်သာ (လူမှန်၊ နေရာမှန် အာဏာပိုင်များဖြင့်သာ) လုပ်ဆောင်နိုင်ပေမည်။
• အလုပ်သမားဆန္ဒပြမှုများ
အလုပ်ရှင်မှ ၀ိသမစီးပွားလုပ်မှုများကို အလုပ်သမားများက၊ လူထုအင်အားသုံးပြီး လိုချင်တာကို တောင်းခံခြင်းဖြစ်သည်။ ခေါင်းဆောင်များအား ဖမ်းချုပ်၊အလုပ်ဖြုတ် ဖြေရှင်းခြင်းသည်လည်း နိုင်ငံတကာ စံနှုန်းနှင့်မကိုက်ညီကြောင်း အစိုးရသစ် နာလည်ပါသည်။ လက်ရှိဖြေရှင်းသောနည်းလမ်းမှာ အနိုမ့်ဆုံးလစာငွေကို ဒေသအလိုက်သတ်မှတ်ပေးသော ဥပဒေကို ထုတ်ပြန်တော့မည် ..ဟုဆိုပါသည်။ အလုပ်သမားဆန္ဒပြမှုမရှိမှ အလုပ်သမားများ ပျော်ကြသည် အကြမ်းဖျင်း၊ ယူဆကြသည်။ ကုမဏီကြီးများသည် အလုပ်သမားကျေနပ်မှုကို အလေးထားသောနိုင်ငံများတွင် လာရောက်ရင်းနှီးမည်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတိုင်းသည် အလုပ်သမားဆန္ဒပြမှုကို တရားမျှတသောနည်းဖြင့် ကာကွယ်ကြရသည်။
• ဗီယက်နမ် အလုပ်သမားများ
မြန်မာနိုင်ငံထက် ၁၈နှစ်စောပြီး၊ ပြုပြင်ပြောင်းလဲခဲ့သည့် ဗီယက်နမ်သည်၊ ယခုအခါ လူထု၏ပျှမ်းမျှဝင်ငွေမှာ မြန်မာထက် ၃ ဆမျှ မြင့် မားနေပါသည်။ နိုင်ငံခြားရင်းနှီးမြှုတ်နှံမှု ဘီလျှံပေါင်း ၂၀၀ ခန့်ရှိသောကြောင့် အလုပ်အကိုင်ပေါများနေပါသည်။ သို့သော် အခြေခံ အလုပ် သမားခမှာ အလွန်နည်းပါးနေဆဲဖြစ်သည်။ အလုပ်ရှင်အတွက် အဓိကအမြက်အစွန်းမှာ အလုပ်သမား၏ လုပ်အားခကို ခေါင်းပုံဖြတ်ယူခြင်းပင် ဖြစ်သည်။ ပြီးတော့ အလုပ်သမားအခွင့်အရေးများ (ဥပမာ..အချိန်ပိုဥပဒေ၊ ခွင့်ဥပဒေ၊ အလုပ်သမားဆေးကုသခွင့်) စသည့် အခြေခံ ကမ္ဘာ့အလုပ်သမား စံနှုန်းများကို အလုပ်ရှင်များကို လစ်လျှူပြုကြသည်။ မထူးဆန်းလှပါ။ အလုပ်ရှင်သည် ၀င်ငွေပဲလိုချင်ပြီး၊ အလုပ်သမားကို ပေးရမည့်ဥစ္စာဆိုလျှင် အလုပ်သုံး ဘောပင်၊ ခဲတံ၊ အလုပ်သမားအင်္ကျီကအစ မပေးချင်သည်မှာ မဆန်းလှပါ။ ဗီယက်နမ်တွင် အလုပ်သမား များများ ခန့်နိုင်သော Process Factory (ကုန်ကြမ်းမှကုန်ချောပြောင်းမှု – ဥပမာ၊ အထည်ချုပ်စက်ရုံ၊ ဘိနပ်စက်ရုံ) များစွာ လာရောက်ရင်းနှီး မြှုပ်နှံသောကြောင့် အလုပ်ကိုင်ပေါပါသည်။ အလုပ်သမားများလည်း မြန်မာပြည်ကဲ့သို့ လစာပဲကြည့်သည်။ အလုပ်သမားအခွင့်ရေးများ နားမလည်သေးပါ။
အလုပ်ရှင်များက ထိုကဲ့သို့ခေါင်းပုံဖြက်ခြင်းကို၊ အလုပ်သမားများက နောက်ဆုံး၊ ဆန္ဒပြနည်းဖြင့်သာ ဖြေရှင်းရသည်။ ထိုအခါကျမှ အစိုးရ၀င် ရောက်ဖြေရှင်းရပါသည်။
ဗီယက်နမ်နိုင်ငံမှာပင် အလုပ်သမားများကို ပုံမှန်လစာပေးမှု သိပ်မရှိလှပါ။ ပုတ်ပျက်စနစ်ဖြင့် အလုပ်လုပ်ရသည်ကို တွေ့ရသည်။ တနည်း အားဖြင့် နေ့စားအလုပ်သမားပုံစံဖြစ်သည်။ နေ့စားဆိုသောကြောင့် အလုပ်မရှိလျှင်လဲ တနေ့စာလုပ်ခရပြီး၊ အလုပ်မရှိပါက အလုပ်လာစရာ မလို၊ ပိုက်ဆံလည်းမရ .. မနိတ်လှပါချေ။ ပိုဆိုးသည်မှာ အထူးသဖြင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင်၊ ဥပမာ သံချောင်းတချောင်းဖြက်ရင် ..ဘယ်လောက်ပေးမည်၊ ယနေ့ ဖြက်စရာသံချောင်းမရှိလျှင် အလုပ်မရှိ၊ ပိုက်ဆံမရ ..ဆိုသော အလုပ်များရှိနေပါသည်။ အလုပ်သမားများ မှနစ်နာလှပေသည်။ မြန်မာထက် ၁၈ နှစ်စောပြီး ပြုပြင်ပြောင်းလဲခဲ့သောဗီယက်နမ်တွင် အခြေခံအလုပ်သမားအဆင့်မှာ တော်တော်နိမ့် ကျနေဆဲဖြစ်သည်ကိုတွေ့ရသဖြင့် မြန်မာနိုင်ငံ၊ သမ္မတဦးသိန်းစိန်နှင့်အစိုးရ ဗီယက်နမ်ကို ဦးစွာလာရောက်လေ့လာသွားမှုမှာ ကောင်း၊ ဆိုး ပညာရပ်များ ရရှိသွားမည် မျှော်လင့်ပါသည်။
• စံနမူနာယူရ န်မြန်မာနည်း မြန်မာဟန်
တခုတော့ရှိပါသည်။ Expat လူတန်းစားတရပ် ဗီယက်နမ်၊ တရုပ် စသည့် နိုင်ငံတိုင်းတွင်ရှိပါသည်။ ထိုလူတန်းစားကို မြန်မာမြို့နေလူတန်းစား၊ ပြည်ပရောက်မြန်မာလူတန်းစားများက အမြဲကြည့်ရှု အားကျနေလေ့ရှိပါသည်။ ဥပမာ .. မြန်မာပြည်အလည်ပြန်သော၊ မြန်မာများပြောစကား… ဟာ..ဟိုမှာ သိန်းကို ထောင်နဲ့ချီ၊လုပ်ကိုင်နေကြပြီတယ်။ စားသောက်ဆိုင်တွေမှာ သုံးနိုင်လိုက်ကျတာ .. ကွာ… ဟုပြောပြီး အားကျနေကြ သည်။ အချိုကလည်း ငါတို့ အမေရိကားမှာ ဒီလိုလုပ်တယ်ကွ၊ တိုကျိုနဲ့တော့ ကွာပါ့ကွာ၊ စင်ကာပူမှာဆို ဒဏ်ငွေရိုက်ပစ်လိုက်တယ် စသဖြင့် တိုးတက်သောနိုင်ငံများကို နှိုင်းပြီး ပြောဆိုကြပြန်သည်။ ထိုသို့ ပြောဆိုသောလူတန်းစားမှာ မြန်မာပြည်တွင်အစိုးရ (အာဏာပိုင်) မလုပ်ပဲ၊ စီးပွားရေးပဲလုပ်သင့်ပါသည်။ အင်တာနက် www.expat.vn တွင်ဝင်ကြည့်ပါ။ ထိုလူတန်းစားများ (ငွေသုံးနိုင်သူများ) အတွက် ဗီယက်နမ်တွင် နေထိုင်သွားလာမှုများကို ဖတ်နိုင်ပါသည်။ မြန်မာပြည်လည်း မကြာမီ www.expat.mm ပေါ်လာပါမည်။ ကွာခြားသည်မှာ ဗီယက်နမ်များသည် ရှမ်းလူမျိုးများကဲ့သို့ အသားရည်လတ်ပြီး၊ အမျိုးသမီးများအားလုံး ဘောင်းဘီ (တရုပ်ပုံစံ) ဖြစ်သည်။ မြန်မာများမှာ ထမီ၊ ပုဆိုး ၀တ်နေဆဲမှ (ထိုင်းနိုင်ငံ ၁၉၅၀ စတိုင်) ဖြစ်နေပါသည်။ စံနမူနာအဖြစ် နိုင်ငံခြားမှ ကောင်းသောအချက်များကို၊ နားလည်ရန် အုပ်ချုပ်သူ (အာဏာပိုင်များ) နိုင်ငံခြား များများသွားရမည်၊ လေ့လာရမည်။ ပြန်လာပြီး မြန်မာနည်းမြန်မာဖြင့် အကောင်အထည်ဖေါ်ရမည်။ ယခု ဦးရွှေမန်း၊ ဦးသိန်းစိန်၊ ဒေါ်အောင်ဆန်းစုကြည် တို့သာမက၊ လွှတ်တော်ကိုယ်စားလှယ်များစွာ နိုင်ငံခြားသွားလေ့လာကြသည်မှာ မဆိုးလှပါ။
• နိုင်ငံတကာစံနှုန်း အလုပ်သမားများ
စင်ကာပူ၊ အမေရိကား၊ ဂျပန်၊ ဥရောပ ..စသည့် တိုးတက်သောနိုင်ငံများတွင် အမြဲတမ်းအလုပ် Full Time Job မရှိသူများမှာ မျက်နှာငယ် ရပါသည်။ နေ့တွက်လုပ်ရသောလုပ်ငန်း၊ ပုတ်ပျက်လုပ်ရသောအလုပ်လုပ်ကိုင်သူများကို နေ့စားအလုပ်သမား (သို့မဟုတ်) ကန်ထရိုက်အ လုပ်သမား (သို့မဟုတ်) ဖရီးလန့်ခ်ျ Freelance Worker ဟုခေါ်ပါသည်။ အမြဲတမ်းအလုပ်လုပ်မှ ခွင့်ရက်၊ ဆေးခွင့်၊ ဆေးကုသစရိတ်၊ အထူးသဖြင့် ဘောနပ်စ်ဆုကြေးများအပြင် အလုပ်မြဲခြင်း (အလုပ်မရှိလဲ၊ အလုပ်မပြုတ်နိုင်) စသည့် အခွင့်အရေးများရပြီး၊ ပင်စင်လစာပေး သောကုမဏီများစွာ ရှိပါသည်။ ထိုင်း၊ မလေးရှားနိုင်ငံများတွင်ပင် ကုမဏီများသည် အမြဲတမ်းအလုပ်များဖြင့် ခန့်ထားလေ့ရှိပါသည်။ သို့သော်…. ဗီယက်နမ်၊ တရုပ် စသည့် တိုးတက်ဆဲနိုင်ငံများ၊ မြန်မာ၊ လာအိုကဲ့သို့သော မတိုးတက်သေးသည့် နိုင်ငံများတွင် အလုပ်သမား များမှာ မြေဇာပင်ဖြစ်သည်။ အမြဲတမ်းအလုပ် မရနိုင်ပါ။ အလုပ်သမားများကလည်း ယာယီအလုပ်များလုပ်ရခြင်းကိုပင် ကျေနပ်နေပါသည်။ ခွင့်ရက်၊ ဆေးခွင့်၊ ဘောနပ်ဆုကြေး ..စသည်တို့မှာ မြန်မာပြည်၊ ဗီယက်နမ် အလုပ်သမားများတွင် စဉ်းစားမိမည်ပင်မဟုတ်ပါချေ..။
ထို့ကြောင့် အခြေခံအလုပ်သမားများအတွက် အနိုမ့်ဆုံးလစာ၊ အလုပ်သမားရပိုင်ခွင့်၊ ထိခိုက်နစ်နာမှုရော်ကြေးငွေ .စသည်တို့မှာ အုပ်ချုပ်သူအစိုးရတာဝန်သာဖြစ်ပါသည်။
• ကျေးလက်အလုပ်သမားများ
Ashin Wiriya – စတုတ္ထမဏ္ဍိုင်ရဲ့ နံပါတ်မဲ့ ဝေဒနာ၊ မိုးမခဆောင်ပါးတွင် ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)၊ ဇွန် ၉၊ ၂၀၁၂ ဂျာနယ်တွေက ပြောတဲ့ မြန်မာပြည် ခုရက်ပိုင်းတွေမှာ .. ရေးသားထားရာ၊ အထက်ပါဖြစ်ရပ်များမှာ ဂျာနယ်များက အထူးဖေါ်ပြနေသော၊ မြို့နေလူတန်းစား ပြသနာများဖြစ်ကြောင်း၊ ဂျာနယ်မဖတ်နိုင်သော မြန်မာလူများစုနေထိုင်သည့် ကျေးလက်ဒေသများ၏ ဆင်းရဲမှုမှာ မြို့နှင့်ကွာခြင်းခြင်း၊ လျှပ်စစ်မီးမရှိခြင်း၊ အလုပ်မရှိခြင်းများ ကျေးလက်ဒေသတွင် ဂရုမထားမိခြင်း၊ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများအဖို့ လူနေမှုနိမ့် ကျ နေဆဲများကို ရေးသားထားသဖြင့် သတိပြုမိပါသည်။ ကျေးလက်အလုပ်သမားများဘ၀မှာ ပွဲရုံ၊ ပွဲစားများအတွက် ငွေဝယ်ကျွန်သာသာ အဆင့်အတန်းမျှသာ ရှိနေသေးသည်ကို ၀မ်းနည်းစရာတွေ့ရပါသည်။
• အစိုးရတာဝန်
နိဂုံးချုပ်အနေနှင့် အလုပ်သမားဆန္ဒပြမှုမဖြစ်ရန် .. ၀ိသမအလုပ်ရှင်များကို ထိန်းချုပ်နိုင်မည့်၊ ဥပဒေစိုးမိုးမှု နံပါတ်(၁) လိုအပ်ကြောင်း အစိုး ရ၊ ပြည်သူများ အားလုံးသိပြီးဖြစ်သည်။ ထိုသို့ ဥပဒေစိုးမိုးက ဥပဒေကို လိုက်နာရန်မှာ အုပ်ချုပ်သူလူတန်းစား (ရပ်ကွက်၊ မြို့နယ်၊ ပြည်နယ်၊ ဗဟိုအစိုးရ အာဏာပိုင်များ) သူတို့ကိုယ်တိုင်က စတင်ပြီး လိုက်နာရမည်ဖြစ်သည်။ ထပ်ဆင့်ရေးပါမည်။ အာဏာပိုင်များကို လပ်ပေးရခြင်း၊ အာဏာပိုင်များနှင့် သင့်တင့်သူများသာ လိုင်စင်ရရှိခြင်း၊ အာဏာပိုင်များ မကြိုက်လျှင် လိုင်စင်ပြုတ်သွားနိုင်ခြင်း၊ အာဏာပိုင်တယောက် ပြုတ်သွားလျှင် လိုင်စင်ရသူလည်း အတူပြုတ်သွားခြင်း စသည့် အားနည်းချက်များကို ဥပဒေစိုးမိုးမှုဖြင့်သာ (လူမှန်၊နေရာမှန် အာဏာပိုင် များဖြင့်သာ) လုပ်ဆောင်နိုင်ပေမည်။
ကျွန်ုပ်အာဏာတခုရလာလျှင် အာဏာယစ်မှုးနိုင်ပါသလား၊ ဘတ်စ်ကားပေါ်တွင် ထိုင်ခုံတခုရလျှင် အခြားပိုမိုလိုအပ်သူများကို ဖယ် ပေးလေ့ရှိသူများသာ အာဏာပိုင်ဖြစ်လာပါက၊ မြန်မာပြည်သည် အလျှင်အမြန်တိုးတက်လာမည်ဖြစ်ပါသတည်း.။
ရွင်လန်းချမ်းမြေ့ပါစေ..။