ရသဆောင်းပါးစုံ သန်းဝင်းလှိုင်

သမိုင်းတကွေ့မှ ဗန္ဓုလဦးစိန်

သန်းဝင်းလှိုင်
ဇွန် ၁၂၊ ၂၀၁၂
စစ်ကြိုခေတ် “ဗန္ဓုလဂျာနယ်”ကို တည်းဖြတ်ထုတ်ဝေပြီး လွတ်လပ်ရေးတိုက်ပွဲတွင် တတပ်တအားပါဝင်ခဲ့သော သမိုင်းတကွေ့မှ ဝါရင့်နိုင်ငံ ရေးသမားကြီး ဗန္ဓုလဦးစိန်ကို ၁၉၀၀ ပြည့်နှစ် မတ်လ ၁၃ ရက် အင်္ဂါနေ့တွင် မန္တလေး ဒီစတြိတ်ခရိုင် (ယခုတိုင်းဒေသကြီး) မြစ်ငယ်မြို့၌ အဖ ဦးဖိုးကြူးနှင့် အမိ ဒေါ်ကျော့တို့မှ ဖွားမြင့်သည်။ သူသည် မန္တလေးမြို့ ဝါးတန်းရပ် ကုမ္မာဝတီပုံနှိပ်တိုက်ပိုင်ရှင် ဦးချင်း၏ တူဖြစ်သည်။ ငယ်စဉ်က ဘုန်းကြီးကျောင်း၌သာ ပညာသင်ကြားခဲ့ရသည်။ ခေတ်ပညာတတ်မဟုတ်သဖြင့် ဂျပန်ခေတ်က သူ့ကို ဝန်ကြီးခန့်သောအခါ ဂျပန်စစ်ဘက်မှ လက်မခံချင်သလိုလို ပြောဆိုခဲ့သည်။ အသက် ၁၉ နှစ်တွင် ရန်ကုန်သို့ ရောက်ရှိလာပြီး မြန်မာ့ အလင်းသတင်းစာတိုက်တွင် အယ်ဒီတာဝင်လုပ်ခဲ့သည်။ စာပေဗဟုသုတကြွယ်ဝ၍ အလုပ်ကြိုးစားမှုကြောင့် များမကြာမီမှာပင် အယ်ဒီတာချုပ်ဖြစ်လာခဲ့သည်။

ထို့နောက် ၁၉၂၁ ခုနှစ် ဇန်နဝါရီလ ၁၂ ရက်နေ့တွင် အယ်ဒီတာဦးစိန်နှင့်တိုင်ပင်၍ “နှစ်ပါးကြည်ဂျာနယ်” ကို တည်းဖြတ်ထုတ်ဝေခဲ့သည်။ ပထမဆုံးထုတ် အမှတ် (၁) ဂျာနယ်၏ မျက်နှာဖုံးမှာ မိန်းမပျိုနှင့်ယောက်ျားပျိုတို့ စုံတွဲဖြစ်သည်။ အမှတ် (၁) ဂျာနယ်တွင် မစ္စတာ ဒီးဒုတ်၏ ပစ္စရလက္ခတ်ကျမ်း၊ ငလက်တိုနှင့် ငညို၊ ဓနသိဒ္ဓိလမ်းညွှန်၊ စိန်ကလောင်၊ တင်းဘုတ်စသော အခန်းကဏ္ဍများ ပါရှိသည်။ မစ္စတာဒီးဒုတ်မှာ အများသိကြသည့်အတိုင်း အာဇာနည်ဒီးဒုတ်ဦးဘချိုပင် ဖြစ်သည်။ ထိုအခန်းတွင် ဆရာချိုက ကဗျာလင်္ကာဖြင့် ပင်တိုင်ရေးပေးသည်။ ထို့ အပြင် ဂျာနယ်တွင် ကမ္ဘာ့အံ့ဖွယ်ရာအခန်း၊ အခါပေးသံခိပ်ဗေဒင်ခန်း၊ ဇမ္ဗူဒီပနီမိတ္တအခန်း၊ ရွှေတလေး၏ ရုပ်ပြကာတွန်းများ ပါသည်။ နှစ်ပါးကြည်ဂျာနယ်သည် ၁၅ ရက် တကြိမ်သာ ထုတ်ဝေသည်။ ပြည်တော်မူ၊ ပျော်တော်ဆက်စသော စာစောင်များ၏ ပုံသဏ္ဌာန်အတိုင်း ဝတ္ထုတို၊ ဝတ္ထုရှည်ကလေးများနှင့် ရောပြွန်းထုတ်ဝေရာမှ နောင်တွင် နိုင်ငံရေးစာစောင်အသွင်သို့ ကူးပြောင်းခဲ့သည်။ ထိုအခါ မူလအမည် နှင့် မလိုက်တော့သဖြင့် “ဗန္ဓုလ” အမည်သစ်နှင့် ပြောင်းလဲထုတ်ဝေသည်။

ဤသို့ဖြင့် “နှစ်ပါးကြည်ဂျာနယ်” ကို “ဗန္ဓုလ” ဂျာနယ်သို့ ၁၉၂၁ ဧပြီ၂၇ ဗုဒ္ဓဟူးနေ့တွင် အမည်ပြောင်းလဲထုတ်ဝေခဲ့သည်။ ဦးစိန်ကပင် ဂျာနယ်၏ အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်ခဲ့သောကြောင့် နောင်တွင် ‘ဗန္ဓုလဦးစိန်’ ဟု လူသိများလာသည်။ ဂျာနယ်၏ အယ်ဒီတာအဖွဲ့ ဝင်များမှာ ဦးချစ်မောင်နှင့် ဦးဘိုးမင်းတို့ ဖြစ်သည်။

ဗန္ဓုလဂျာနယ်ကို ရန်ကုန်မြို့အထက်ပုဇွန်တောင်လမ်း အမှတ် ၃၁၊ ဗန္ဓုလပုံနှိပ်တိုက်တွင်ရိုက်နှိပ်၍ တန်ဖိုးမှာ ဂျာနယ်တစ်စောင်လျှင် (၄)ပဲဖြစ်သည်။ နောင်တွင် ရန်ကုန်မြို့ ၃၃ လမ်း အမှတ် ၁၁၉ သို့ ဗန္ဓုလဂျာနယ်တိုက် ပြောင်းရွှေ့၍ ထုတ်ဝေသည်။

ဗန္ဓုလဂျာနယ်တွင် ဆရာကြီးသခင်ကိုယ်တော်မှိုင်း၊ လယ်တီပဏ္ဍိတဆရာဦးမောင်ကြီး၊ ဆရာပီမိုးနှင်း၊ ဒီးဒုတ်ဦးဘချို၊ မြို့မမောင်၊ ဇဝန၊ သင်္ခါ၊ ထွန်းသိင်္ဂါစသော နာမည်ရကလောင်ရှင်အများအပြား ရေးသားခဲ့ကြသည်။

ဆရာကြီးသခင်ကိုယ်တော်မှိုင်းသည် ဗန္ဓုလဂျာနယ်တွင် ‘ခွေးဋီကာ’ ကို အခန်းဆက်ရေးသားခဲ့သည်။ ဆရာပီမိုးနင်းကမူ ဝတ္ထုတို၊ ဝတ္ထုရှည် ဒိုင်ခံရေးသည်။ ဒီးဒုတ်ဦးဘချိုကမူ နှစ်ပါးကြည်တွင် ရေးသားခဲ့သော မစ္စတာဒီးဒုတ်၏ ပစ္စရလက္ခတ်ကျမ်းကိုပင် ဆက်လက်ရေး သားသည်။ ဗန္ဓုလဦးစိန်သည် တင်းဘုတ်ကြီး၊ စိန်ကလောင်တို့သာမက စိန်ဒိုး၊ သတိုးစိန်၊ ခတ်တိုင်းငန်စသော ကလောင်ကွဲအမျိုးမျိုးဖြင့် သောင်း ပြောင်းထွေလာ ရေးသားသည်။ ထိုစဉ်က ဗန္ဓုလဦးစိန်၏ ‘သတိုးစိန်’ ကလောင်ဖြင့် ရေးသားခဲ့သော ‘စံဖဲ’ ဝတ္ထုမှာ အထူးပင် နာမည်ကျော်ကြား လူကြိုက်များခဲ့သည်။

ဗန္ဓုလဂျာနယ်ကိုလည်း ထိုခေတ်က ဂျာနယ်များ၏ ပုံမှန်ထုတ်ဝေလေ့ရှိသော စာမျက်နှာ၂၄ မျက်နှာမှ စာမျက်နှာ ၄၀ အထိ တိုးချဲ့ထုတ်ဝေ သည်။ တောပုန်းကြီစံဖဲ၊ ဆရာစံအရေးတော်ပုံစသော ထိုခေတ်က နာမည်ကျော်အဖြစ်အပျက်အကြောင်းအရာများကို စုံစုံလင်လင် ထည့်သွင်းဖော်ပြခဲ့ရာ ဗန္ဓုလဂျာနယ်သည် စောင်ရေ ၁၀၀၀၀ အထိ တက်ကာ အထူးလူကြိုက်များခဲ့သည်။ ထိုစဉ်က လူဦးရေနှင့် တွက်ပါက ယင်းစောင်ရေပမာဏမှာ မနည်းလှချေ။ (၁၁) နှစ်မြောက် အထူးထုတ်စာစောင်တွင် “ဂျာနယ်တကာတို့တွင် ဗန္ဓုလဂျာနယ် သည် အသက် အရှည်ဆုံး အကြီးမြင့်ဆုံးဖြစ်ခြင်းကား တပြည်လုံးဝိုင်းဝန်းချီးမြှောက်ခြင်းကြောင့် တဆင့်ထက်တဆင့် မြင့်သထက် မြင့်လျက်”ဟူ၍ ဂုဏ်ယူ ဝံ့ကြွားခဲ့သည်။ ၁၉၂၀မှ ၁၉၃၉ခုနှစ်တိုင် သက်တမ်းရှည်ခဲ့သော ဂျာနယ်ကြီးဖြစ်ပြီး နောင်တွင် သတင်းစာနှင့်မဂ္ဂဇင်းကိုပါ ပူးတွဲထုတ် ဝေခဲ့သည်။

ဗန္ဓုလဦးစိန်သည် ဗန္ဓုလဂျာနယ်နှင့်သတင်းစာထုတ်ဝေနေရာမှ နောင်တွင် ဗန္ဓုလကုမ္ပဏီကိုပါ တည်ထောင်၍ ရုပ်ရှင်ကားများရိုက်ကူးခဲ့ သည်။ ဗန္ဓုလရုပ်ရှင်ကုမ္ပဏီမှ ၁၉၂၉ခုနှစ်တွင် ဒါရိုက်တာ ဆရာကြီးပီမိုးနှင်းက “ချစ်တဲ့သူရယ်”အသံတိတ်ဇာတ်ကားကို သူ၏သား ကျော်စိုး ကို မင်းသားတင်ရိုက်ကာ၊ မင်းသမီး ခင်မြရင် (ရင်ရင်မေ) နှင့် ရိုက်ခဲ့သည်။ မင်းသားက မင်းသမီးကို မဖက်တတ်သဖြင့် ကိုယ်တိုင် သရုပ်ပြ သင်ကြားရာ ကာတွန်းဦးဘလေး (ဦးရွှေရိုး) ကပင် သားမင်းသားကို အဖေဒါရိုက်တာပီမိုးနှင်းက မင်းသမီးဖက်ပုံ အသင်ကောင်း၍ ဆရာက တော်နှင့် ကတောက်ကဆဖြစ်ရကြောင်း ကာတွန်းရုပ်ပြောင်ရေးဆွဲ၍ ကျီစယ်ခဲ့သေးသည်။

ဗန္ဓုလရုပ်ရှင်က ဒုတိယမြောက် ‘မှော်ဝိဇ္ဇာ’ကို ဒါရိုက်တာ ပီမိုးနှင်းကပင် ဗန္ဓုလရုပ်ရှင်ကုမ္ပဏီအတွက် ဆက်လက်ရိုက်ကူးပေးခဲ့သည်။ အဆိုပါ ဇာတ်ကား၌ မင်းသားမောင်ဘအေး၊ မင်းသမီးခင်မြရင်(နောင်သောအခါရင်ရင်မေဟု နာမည်ပြောင်း)နှင့် အသံတိတ်ဇာတ်ကားကို အသံထွက်အဖြစ် ပိတ်ကားနောက်မှ အသံချဲ့စက်ဖြင့် မှော်ဆရာကြီး၏အမိန့်ပေးသံများ၊ ချောက်လှန့်သံများ၊ မြင်းခွာသံများ ပြုလုပ်ပေးခဲ့ သည်။

‘မှော်ဝိဇ္ဇာ’ဇာတ်ကားနှင့်အတူ ယူနီဘာစီတီကောလိပ်ကျောင်းသား ကာတွန်းဦးဟိန်စွန်း ရေးဆွဲသော “ကိုကိုစွန်း” ကာတွန်းဇာတ်ကားကို သီချင်းသရုပ်ဖော် (လာပါလာပါ မကြည့်ရဲလို့ တကယ်စောင့်တဲ့အချိန်၊ မလွယ်ပေါက်နဲ့အိမ်၊ ဝင်တော်ပါမူကလိန်လိန်) အဆိုတော် ခင်လှ ကြည်၏ဓာတ်ပြားကိုဖွင့်၍ ပူးတွဲပြသရာ အထူးအဆန်းဖြစ်၍ လူကြိုက်များခဲ့သည်။ ပထမကာတွန်းရုပ်ရှင်ဇာတ်ကားကို ဦးဟိန်စွန်းနှင့် ဗန္ဓုလဦးစိန်တို့ စတင်တီထွင်ရိုက်ကူးခဲ့မှုကြောင့် မြန်မာ့ရုပ်ရှင်၌ သမိုင်းတင်ခဲ့သည်။

ယင်းသို့ စာပေအနုပညာဖက်၌ ထူးချွန်ခဲ့သော ဗန္ဓုလဦးစိန်သည် နိုင်ငံရေးဖက်၌လည်း ခေသူမဟုတ်ချေ။ သူသည် ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီမှ ခေါင်းဆောင်တစ်ဦးဖြစ်သည်။ ဒေါက်တာဘမော်၏ ဆင်းရဲသားဝံသာနုပါတီ၌ ၁၉၂၀ မှ ၁၉၃၀အထိ ပါတီခေါင်းဆောင် တယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။

မြန်မာနိုင်ငံရေးတပ်ဦးဖြစ်သော ဂျီစီဘီအေအဖွဲ့ကြီးသည် အစိတ်စိတ်အမွှာမွှာပြီုကွဲခဲ့သည်။ ၁၉၃၄ ခုနှစ် မေလ ၁၀ ရက်မှ မေလ၁၃ရက်နေ့ အထိ မုံရွာမြို့တဖက်ကမ်းရှိ ညောင်ပင်ကြီးဆိပ်တွင် သာစည်မြေစိုဆရာတော် သြဝါဒခံ ဂျီစီဘီအေ၏ ၁၉ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံကို ကျင်းပခဲ့ရာ ဗန္ဓုလဦးစိန်ကို ဂျီစီဘီအေအသင်းချုပ်၏ဥက္ကဋ္ဌအဖြစ် ရွေးကောက်တင်မြှောက်ခဲ့ကြသည်။ နောင်တွင် သာစည် မြေစိုဆရာတော်ပျံလွန်တော်မူသောအခါ ဟံသာဝတီမင်္ဂလွန်းဆရာတော်၏ သြဝါဒကို ဆက်လက်ခံယူ၍ မင်္ဂလွန်းဂျီစီဘီအေဟု အမည်တွင် ခဲ့သည်။

၁၉၃၆ခုနှစ် မေလ၂ရက်နေ့တွင် ကျင်းပသော အကြိမ်၂၀၀ မြောက် ဂျီစီဘီအေညီလာခံတွင် အဖွဲ့ချုပ်ဥက္ကဋ္ဌအဖြစ် သာယာဝတီဦးမောင် မောင်၊ အတွင်းရေးမှူးအဖြစ် ဦးလေးမောင်၊ ငွေထိန်းအဖြစ် ဗန္ဓုလဦးစိန်တို့ကို ရွေးကောက်ခဲ့ကြသည်။ ယင်းနောက် ၁၉၃၉ ခုနှစ် စက်တင် ဘာလ ၁ ရက်နေ့တွင်တည်ထောင်ခဲ့သော ဗမာ့ထွက်ရပ်ဂိုဏ်း (Burma Freedom Bloc) တွင်လည်း ဗန္ဓုလဦးစိန်သည် ဗဟိုဦးစီးအဖွဲ့ဝင်အဖြစ် ဆောင်ရွက်ခဲ့သည်။ ယင်းနောက် နယ်ချဲ့ဆန့်ကျင်ရေးလှုပ်ရှားမှုများကြောင့် အင်္ဂလိပ်အစိုးရ၏ ကာကွယ်ရေးဥပဒေအရ ဖမ်းဆီးခြင်းခံခဲ့ရ သည်။

ဗန္ဓုလဦးစိန်သည် ၁၉၄၂ ခုနှစ် ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးနောက် ကန်တော်ကြီးစောင်း နတ်မောက်လမ်းရှိ ဒေါက်တာဘမော်နေအိမ်တွင် တည်းခိုသည်။

ထို့နောက် ၁၉၄၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် မြန်မာပြည်ဗဟိုအုပ်ချုပ်ရေးစီစဉ်မှုတွင် ပါဝင်မည့်ပုဂ္ဂိုလ်များဖြစ်သော ဒေါက်တာဘမော်၊ ဦးဘဘေ၊ ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဓားမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန်တို့က မေမြို့ (ပြင်ဦးလွင်)ရှိ မြန်မာပြည် ဂျပန်စစ်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီးဒါးအား သွားရောက်တွေ့ဆုံသည်။ ဇွန်လ၄ရက်နေ့ တွင် ဒုတိယဗိုလ်ချုပ်ကြီး အီးဒါးက “စစ်ဘက်ဆိုင်ရာအုပ်ချုပ်မှုနှင့် ဗမာနိုင်ငံဗဟိုအုပ်ချုပ်ရေးစီစဉ်မှုအဖွဲ့ ဖွဲ့စည်းခြင်း” နှင့် ပတ်သက်သည့် ကြေညာချက်တရပ် ထုတ်ပြန်၍ မြန်မာပြည်အုပ်ချုပ်ရေးစီစဉ်မှုကော်မတီ (Provisional Administrative Committee)အဖွဲ့ဝင်များဖြစ်ကြ သည့် ဒေါက်တာဘမော်၊ ဒေါက်တာသိမ်းမောင်၊ သခင်မြ၊ ဗန္ဓုလဦးစိန်၊ သခင်ထွန်းအုပ်၊ သခင်နု၊ ဓါးမဦးဘသိန်း၊ ဦးလှဖေနှင့် သခင်ဗစိန် တို့အား ရာထူးခန့်အပ်လွှာပေးအပ်သည်။ ယင်းနေ့မှာ ဂျပန်တပ်မတော်စစ်ဦးစီးချုပ်ရုံးက သခင်ထွန်းအုပ်ဦးစီးသည့် မြန်မာနိုင်ငံ ဗဟိုအစိုးရ အဖွဲ့ကို ဖျက်သိမ်းသည်။

၁၉၄၂ ခုနှစ် သြဂုတ်လ၁ရက်နေ့တွင် မြန်မာပြည် ဂျပန်စစ်တပ်များ၏ စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီးအီးဒါးက ဂျပန်စစ်ဘက်ဆိုင်ရာ အမိန့်ထုတ်ပြန်၍ စစ်ဘက်ဆိုင်ရာ ဗဟိုဋ္ဌာနဖြစ်သော အစိုးရအိမ်တော်၌ မြန်မာပြည်အစိုးရကို ဖွဲ့စည်းပေးခဲ့သည်။ အစိုးရအဖွဲ့ဝင်များမှာ-
(၁) ဒေါက်တာဘမော် – ဝန်ကြီးချုပ်
(၂) သခင်မြ – ဒုတိယဝန်ကြီးချုပ်
(၃) ဒေါက်တာသိမ်းမောင် – ဘဏ္ဍာရေး
(၄) ဦးထွန်းအောင် – တရားရေး
(၅) ဦးဘဝင်း – ပြည်ထဲရေးဋ္ဌာန
(၆) သခင်သန်းထွန်း – မြေယာစိုက်ပျိုးရေး
(၇) သခင်ထွန်းအုပ် – သစ်တောနှင့်သတ္တုတွင်းဋ္ဌာန
(၈) သခင်ဗစိန် – ဆည်မြောင်းနှင့်အလုပ်ဋ္ဌာန
(၉) ဗန္ဓုလဦးစိန် – လမ်းလုပ်ငန်းနှင့်ပြန်လည်ထူထောင်ရေးဋ္ဌာန
(၁၀) ဦးလှဖေ – ကူးသန်းရောင်းဝယ်ရေးနှင့်စက်မှုလက်မှုဋ္ဌာန တို့ဖြစ်သည်။

၁၉၄၃ ခုနှစ် သြဂုတ်လ ၁ ရက်နေ့တွင် ဂျပန်စစ်သေနာပတိ ဒုတိယဗိုလ်ချုပ်ကြီး ကာဝါဘီက စစ်အုပ်ချုပ်ရေးကိုဖျက်သိမ်း၍ လွတ်လပ်သော မြန်မာနိုင်ငံဖြစ်ပြီဟု နံနက် ၇ နာရီ ၃၀ မိနစ်တွင် ကြေညာပေးခဲ့ပြီး နံနက်၈နာရီတွင် အစိုးရဂေဟာ၌ လွတ်လပ်ရေးနေ့အခမ်းအနားကို ကျင်းပခဲ့သည်။ လွတ်လပ်ရေးကြေညာစာတမ်းကို ဗန္ဓုလဦးစိန်က ဖတ်ကြားခဲ့ရသည်။ ယင်းနောက် အစိုးရအဖွဲ့သစ် ဖွဲ့စည်းပေးခဲ့သည်။ ယင်းတို့မှာ-
(၁) ဒေါက်တာဘမော် – နိုင်ငံတော်အဓိပတိ
(၂) သခင်မြ – ဒုတိယဝန်ကြီးချုပ်
(၃) ဒေါက်တာသိမ်းမောင် – ဘဏ္ဍာရေးဝန်ကြီး
(၄) ဦးထွန်းအောင် – ပူးပေါင်းဆောင်ရွက်ရေးဋ္ဌာန
(၅) ဦးဘဝင်း – ပြည်ထဲရေးဋ္ဌာန
(၆) ဗန္ဓုလဦးစိန် – ကြီးပွားရေးနှင့်သာသနာရေးဋ္ဌာန
(၇) ဦးလှဖေ – သစ်တောနှင့်သတ္တုတွင်းဋ္ဌာန
(၈) သခင်သန်းထွန်း – စိုက်ပျိုးရေးဋ္ဌာန
(၉) ဦးသိန်းမောင် – တရားရေးဋ္ဌာန
(၁၀) ဦးလှမင်း – ပညာရေးဋ္ဌာန
(၁၁) ပျော်ဘွယ်ဦးမြ – စက်မှုလက်မှုဋ္ဌာန
(၁၂) ဦးအေး – အခွန်တော်ဋ္ဌာန
(၁၃) သခင်နု – နိုင်ငံခြားရေးဋ္ဌာန
(၁၄) ဗိုလ်ချုပ်အောင်ဆန်း – ကာကွယ်ရေးဋ္ဌာန
(၁၅) သခင်လေးမောင် – လမ်းပန်းဆက်သွယ်ရေးဋ္ဌာန
(၁၆) သခင်လွန်းဘော် – ပြန်လည်ထူထောင်ရေးဋ္ဌာန တို့ဖြစ်သည်။

ထို့နောက် ဖက်ဆစ်ဂျပန်တော်လှန်ရေးဖြစ်ပွားပြီးနောက် ဂျပန်တို့ဆုတ်ခွာသောအခါ ဂျပန်တို့နှင့်အတူ ၁၉၄၅ ခုနှစ် ဧပြီလ ၂၃ ရက်နေ့တွင် ဗန္ဓုလဦးစိန်မိသားစုသည် ဂျပန်ခေတ် မြန်မာအစိုးရအဖွဲ့ဝင် အဓိပတိကြီး ဒေါက်တာဘမော်၊ ဒေါက်တာဘမော်၏အစ်ကို ဒေါက်တာဘဟန်၊ ဝန်ကြီးများဖြစ်ကြသော သခင်မြ၊ ဦးထွန်းအောင်၊ သခင်နု၊ သခင်လွန်းဘော်၊ ဦးလှဖေ၊ ဗိုလ်လရောင်၊ ဗိုလ်ရန်နိုင်တို့ မိသားစုများနှင့်အတူ ရန်ကုန်မြို့မှ မော်လမြိုင်မြို့သို့ စစ်ပြေးခဲ့ရသည်။

ဗန္ဓုလဦးစိန်သည် ဤသို့ စစ်ပြေးခဲ့ရပုံကို စစ်ပြီးခေတ် ၁၉၄၆ ခုနှစ် ဖေဖော်ဝါရီလတွင် “အင်္ဂလိပ်ပြေးမင်း”အမည်ဖြင့် စာအုပ်ရေးသားထုတ် ဝေခဲ့သည်။

၁၉၄၅ခုနှစ် သြဂုတ်လ၁၅ရက်နေ့တွင် ဂျပန်စစ်ဗိုလ်ချုပ်များ မဟာမိတ်များထံ လက်နက်ချလိုက်ခြင်းဖြင့် စစ်ကြီးလည်းပြီးဆုံးသွားခဲ့သည်။ အင်္ဂလိပ်ပြေးမင်း ဒေါက်တာဘမော်သည် ဂျပန်ပြည်သို့ တိမ်းရှောင်သွားပြီးနောက် မဟာမိတ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဗန္ဓုလဦးစိန် သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ၂၇ ရက်နေ့တွင် အင်ဒိုချိုင်းနားနှင့် ယိုးဒယားနိုင်ငံ (ယခုထိုင်း) သို့ ထွက်ပြေးပြီးနောက် ယိုးဒယားနိုင်ငံ မှတဆင့် ကုန်းလမ်းခရီးဖြင့် မော်လမြိုင်သို့ ရောက်ရှိလာသည်။ ယင်းနောက် မော်လမြိုင်မြို့မှတဆင့် ရန်ကုန်သို့ လေယာဉ်ဖြင့် ပြန်လည် ရောက်ရှိလာသည်။ ရန်ကုန်ရောက်ပြီး များမကြာမီမှာပင် အင်္ဂလိပ်စစ်အစိုးရ (CAS-B) ၏ ဖမ်းဆီးခြင်းခံရကာ ထောင်ထဲတွင် ၃ လကြာ နေခဲ့ရသည။ ၁၉၄၆ ခုနှစ် ဇန်နဝါရီလ ၅ ရက်နေ့တွင် ဂျပန်ခေတ် မြန်မာအစိုးရအဖွဲ့၌ ကြီးပွားရေးနှင့် သာသနာရေးဝန်ကြီးအဖြစ် ဆောင် ရွက်ခဲ့သော ဗန္ဓုလဦးစိန်သည် အင်းစိန်ထောင်မှ ပြန်လည်လွတ်မြောက်ခဲ့သည်။

ထောင်မှလွတ်မြောက်ပြီးနောက် ဗန္ဓုလဂျာနယ်နှင့် သတင်းစာများပြန်လည်မထုတ်တော့ဘဲ သာသနာရေးဘက်သို့ ဝင်ရောက်၍ လောကု တ္တရာအကျိုးကို ဆောင်ရွက်ခဲ့သည်။ ၁၉၅၆၊ ၅၇ တွင် မြန်မာကိုယ်စားလှယ်အဖြစ် ဗုဒ္ဓဇေယျာတိကွန်ဖရင့်ကျင်းပရာ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနိုင်ငံသို့လည်းကောင်း၊ ဗုဒ္ဓသာသနာ့ကောင်စီအတွင်းရေးမှူးအဖြစ်လည်းကောင်း၊ နယ်စပ်ဒေသဗုဒ္ဓဘာသာ သာသနာရေးအဖွဲ့ နိုင်ငံတော်သာသနာရေးကော်မရှင်၏ အတွင်းရေးမှူးအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

ဗန္ဓုလဦးစိန်သည် ၁၉၄၆ခုနှစ် “ကျွန်ုပ်တို့အတွင်းရေး” (ပထမတွဲ၊ ဒုတိယတွဲ) ကို ရေးသား၍ ရန်ကုန်မြို့ သီရိဇေယျံပုံနှိပ်တိုက်မှ ထုတ်ဝေ ခဲ့သည်။ ထို့နောက် “သာသနာကို မထိနဲ့”၊ “အင်္ဂလိပ်ပြေးမင်း”၊ “အင်ဒိုချိုင်းနားနှင့်ယိုးဒယား” စသော စာအုပ်များကို ရေးသားထုတ်ဝေခဲ့ သည်။

ထို့နောက် တော်လှန်ရေးကောင်စီခေတ် ၁၉၆၇ ခုနှစ် မေလ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ ဘိုကလေးဈေးလမ်း အမှတ် ၁၃၂ နေအိမ်တွင် ကွယ်လွန်သွားခဲ့လေသည်။ ကွယ်လွန်ချိန်၌ ဇနီးဒေါ်ခင်မြနှင့် သားတစ်ယောက် ကျန်ရစ်ခဲ့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “သမိုင်းတကွေ့မှ ဗန္ဓုလဦးစိန်
  1. My name is Amy. Now I live in abroad. I like this article very much. Because Bandoola U Sein is my grandfather. He has one daughter also. But she pass away when she was child. My grandmother give a birth again when she was 40 something. She got one son. His name is U Mya Sein. He is my father. Now he pass away for 11 years. Now I have one medal box from Japan. And also photograph of government team that time. if you want to know more detail about my grandfather you can contact me email below.

    thanks and regards,
    Amy
    email: amyaung2100@gmail.com

Comments are closed.