မိုးမခကို ပေးတဲ့စာ သူတို့အာဘော်

Ko Thint Myat – မြစ်ဆုံပြီးတော့ ရိုဟင်ဂျာ (ဘင်္ဂါလီ)…

ကိုသင့်မြတ်၊ ဇွန် ၉၊ ၂၀၁၂
ဒီရက်ပိုင်းအတွင်း သတင်းတွေကို ကြည့်လိုက်တိုင်း ထိပ်တန်းမှာ နေရာယူနေတာက ရခိုင်ပြည်နယ် သတင်းတွေချည်းဖြစ်ပါတယ်။ မထင်မှတ်ပဲ ကျယ်ပျံ့လာလိုက်တာ သွေးထွက်သံယိုမှုတွေနဲ့ အထိတ်တလန့် ဖြစ်ဖွယ် သတင်းတွေဟာ တတိုင်းပြည်လုံးကို ရိုက်ခတ်နေပါတယ်။
အမျိုးသား သုံးဦးက အမျိုးသမီးတဦးကို မတရား မုဒိန်းကျင့်စော်ကားပြီး ရက်ရက်စက်စက်သတ်ဖြတ်ရာက မခံမရပ်နိုင်ဖြစ်ပြီး (တောင်ကုတ်) မှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးသတ်ခံရတာ၊ (စစ်တွေမှာ မတရား ဈေးအခွန် ကောက်တာကို ကန့်ကွက်မှုကလည်း ထပ်ဆင့်လိုက်သေး)၊ ရန်ကုန်မှာ အစ္စလာမ်ဘာသာဝင်တွေက အမှုမှန် ဖြစ်ဖို့ ဆန္ဒပြတောင်းဆိုတာ..။ နောက် အခုဆက်ပြီး ရိုဟင်ဂျာဆိုသူ ဘင်ဂါလီတွေက သူတို့ အင်အားကြီးမားတဲ့ ဘူးသီးတောင် မောင်းတောမှာ ရခိုင်ရွာတွေကို ဖျက်ဆီး၊ ရိုက်နှက်၊ သတ်ဖြတ် ပစ်ခတ် မှုတွေဖြစ်ပြီး ရဲတွေက ခြောက်လှန့်ပစ်ခတ် တာ မရတဲ့အဆုံး ပစ်မိန့်ပေးလိုက်တဲ့သတင်း၊ စစ်တပ်အင်အားသုံးပြီး ထိန်းသိမ်းဖို့ ပြင်နေတဲ့သတင်းတွေဟာ ပလူပျံနေအောင် ထွက်ပေါ်လာပါတယ်။
သတင်းတွေထွက်ပေါ်နေသလို ဒီအဖြစ်အပျက်ပေါ် စိုးရိမ်မှုအမျိုးမျိုးနဲ့ ဝေဖန်မှု၊ အကြံပေးမှု၊ ဝေဖန်ပိုင်းခြား မှုတွေကလည်း အမျိုးမျိုးအဖုံဖုံ ပါပဲ။
စစ်တပ်က အာဏာသိမ်းပြီး နောက်ကြောင်းပြန်လှည့်မှာကို စိုးရိမ်သူတွေ၊
ရိုဟင်ဂျာတွေကိစ္စကြောင့် အေးချမ်းစွာ နေထိုင်တဲ့ တခြားအစ္စလာမ်ဘာသာဝင်တွေနဲ့ အထိကရုဏ်းဖြစ်မှာ စိုးရိမ်သူ တွေ၊
ရခိုင်တွေဟာ အကြမ်းဖက် သွေးဆူတဲ့သူလို့ ယူဆကုန်မှာစိုးရိမ်သူတွေ၊
အာဏာပိုင်တွေက စနစ်တကျ မှန်ကန်အောင် ဖြေရှင်းပါ့မလား စိုးရိမ်သူတွေ၊
ရိုဟင်ဂျာတွေဖက်မှာ လက်နက်ကိုင် ပစ်ခတ်မှုတွေရှိနေလို့ မတော်မတရား လုပ်ခံရမှာ စိုးရိမ်သူတွေ အပြင် ရခိုင်ကို မထိနဲ့ မီးပွင့်သွားမယ် ဆိုသူတွေ၊
တို့မြေကို မထိနဲ့ မကျူးကျော်နဲ့ ဧည့်သည်က အိမ်ရှင်ကို မတရားမစော်ကားနဲ့ ဆိုသူတွေ၊
အေးချမ်းသာယာမှုကိုပဲ ဦးတည်ဖို့ ပြောသူတွေ၊
လူကြီးတွေ ဟိုဖက် ဒီဖက် ခေါင်းဆောင်တွေ ဘာလုပ်နေသလဲလို့ အားမလို အားမရ ပြစ်တင်ဝေဖန် သူတွေ စုံလို့ပါပဲ။
တချို့ကလည်း ယခင့်ယခင် သင်ခန်းစာတွေကြောင့်၊ မယုံကြည်နိုင်စရာ အခြေအနေတွေကြောင့် တမင် တကာ ဖန်တီးပြီး နောက်ကြောင်းပြန်လှည့်ဖို့ ထောင်ခြောက်ဆင် အကွက်ဖန်နေတာလားလို့ သံသယရှိကြ ပါတယ်။
တချို့ကတော့ အေးအေးချမ်းချမ်းနဲ့ မှန်မှန်ကန်ကန် ဥပဒေအတိုင်းဖြစ်ဖို့ မေတ္တာရပ်ခံ လှုပ်ရှား ဆောင်ရွက်သူတွေလည်း ရှိနေပါတယ်။
အသံတွေ အားလုံး ခံစားချက်တွေ အားလုံးမှာ တူညီတဲ့ အချက်တခုကတော့ အမျိုးသားရေးဆိုတဲ့ မျိုးချစ်စိတ်နဲ့ တိုင်းပြည်ချစ်စိတ်တွေကြောင့် ပြောဆိုကြတာပဲဖြစ်ပါတယ်။
အခုမှ သွေးနုသားနုလေးဖြစ်နေသေးတဲ့ ပွင့်လန်းစ ဒီမိုကရေစီရောင်ခြည်လေးကို ပျက်စီးသွားမှာလည်း အင်မတန်မှ စိုးရိမ်ကြပါတယ်။ ဒါကြောင့်လည်း တဖက်နိုင်ငံသားတွေက ကိုယ့်လူမျိုး ကိုယ့်ဘာသာ ကိုယ့်သာသနာ ကို ကိုယ့်မြေ ကိုယ့်ရေမှာ လာစော်ကားနေတယ်လို့ ယူဆရင်တောင် သည်းခံဖို့ မေတ္တာရပ်ခံတဲ့ နိုင်ငံကြီးသားပီသမှုတွေကိုလည်း မြင်တွေ့ရပါတယ်။
လတ်တလောပြသနာဟာ မုဒိန်းမှုက စတယ်လို့ ဆိုနိုင်ပေမယ့် တကယ်တော့ အကြောင်းရှိလို့ အကျိုး ဖြစ်လာတယ်။ ယခင့်ယခင်ထဲက ပြသနာတွေရှိခဲ့ကြလို့ ဒီလောက်ထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာတာလို့ ပြောရမှာပါ။
ဒီလိုအခြေအနေမှာ ပြသနာကို ဘယ်လိုဖြေရှင်းကိုင်တွယ်ကြမလဲ။ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းနိုင်ရင်တော့ အကောင်းဆုံးလို့ ဆိုရမှာပေါ့။ ဒီလိုမှ ဖြေရှင်းလို့ မရရင်တော့ ပြတ်ပြတ်သားသား ကိုင်တွယ်ဖြေရှင်းမှ တန်ကာကျမယ်။ မစို့မပို့ သွားလုပ်ရင်တော့ တဖက်နိုင်ငံသားတွေက ငါတို့ ဒီလို စော်ကား မော်ကား လုပ်လို့ရနေတာပဲဆိုတဲ့ အယူအဆကြီးဟာ ပိုကြီးမားသွားနိုင်သလို ကိုယ့်လူမျိုး ကိုယ့်တိုင်းရင်းသားတွေဖက်က လည်း ငါတို့က မတရား အစော်ကားခံဖက်ကပဲ။ ဖြစ်တိုင်းခံရတဲ့ဖက်ကပဲ ဆိုတဲ့ အတွေးအမြင်တွေဖြစ်ကုန်ပြီး အနာဂတ်အတွက် ပိုဆိုးရွားတာတွေ ဖြစ်လာမယ်လို့ သုံးသပ်သူက သုံးသပ်ပါတယ်။
 မြစ်ဆုံအရေးဖြစ်တဲ့အခါ ပြည်သူလူထုက ဘုံရန်သူကို ပြတ်ပြတ်ရှင်းရှင်း ရှုမြင်ပြီး ပြုသင့်ပြုထိုက်တာကို  တပ်ညီ လက်ညီ  ပူးပေါင်းပြီး မှန်မှန်ကန်ကန် ပြသ ပါဝင်ကြိုးပမ်းခဲ့သလို တာဝန်ရှိသူးတွေကလည်း လူကြီးပီသစွာ ရဲရဲရင့်ရင့် ဆုံးဖြတ်စီစဉ်နိုင်ခဲ့လို့  အမျိုးသားညီညွတ်ရေးကို ပိုမိုရရှိခဲ့ကြတယ်၊ နားလည်မှု နွေးထွေးမှု ယုံကြည်မှုတွေ ပိုရှိလာ ခဲ့တယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။
အခု ရိုဟင်ဂျာအရေး ပေါ်ပေါက်လာပြန်ပါပြီ။ မကိုင်တတ် မရှင်းတတ်ရင်တော့ ဒါဟာ ကြီးမားတဲ့ မီးညွန့် မီးစ မီးတောက် မီးလျှံ ဖြစ်ပါတယ်။
လူထုက ဘယ်လိုသဘောထားပြီး ခေါင်းဆောင်တွေ အာဏာပိုင်တွေက ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ။ သွေးထွက်သံယိုမှုတွေဖြစ်ခဲ့တယ် ဖြစ်နေတယ်ဆိုပေမယ့် ယူတတ်ရင် ဖြေရှင်းတတ်ရင် ဒါဟာ အမျိုးသား ညီညွတ်ရေးအတွက် အခွင့်အရေးတရပ်ဖြစ်သလို (ဟိုးနအဖ တွေရဲ့ စကားငှားသုံးရရင်) တပ်နဲ့ပြည်သူ ချစ်ကြည်ဖြူတောင် ဖြစ်သွားနိုင်ပါတယ်။
လူကြီးတွေ အမျှော်အမြင်ရှိရှိနဲ့ မှန်မှန်ကန်ကန် ဆုံးဖြတ်စီစဉ်ကိုင်တွယ်ဖြေရှင်းနိုင်ကြပြီး လူထုတွေ အမျိုးသားရေးစိတ်နဲ့ သတိရှိရှိ ပညာရှိရှိ ပူးပေါင်းဆောင်ရွက်ရင်း အေးချမ်းသာယာတဲ့ အခြေအနေကို ပူးပေါင်း ဖန်တီးနိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
ပွဲလန့်တုန်း ဖျာခင်းချင်သူတွေ၊ ပွဲဆူအောင် ပွဲလှန့်သူတွေ၊ ပွဲပျက်ဖို့ အမဲဖျက်သူတွေရဲ့ရန်က ကင်းဝေး နိုင်မယ်လို့လည်း မျှော်လင့်မိပါတယ်။
မြန်မာပြည် ငြိမ်းချမ်းတိုးတက် သာယာပါစေ။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Ko Thint Myat – မြစ်ဆုံပြီးတော့ ရိုဟင်ဂျာ (ဘင်္ဂါလီ)…
  1. မောင်းတောမှာ အစ္စလာမ်ဘာသာဝင် ၁၀ ဦးသတ်ခံရတာ၊ ??? တောင်ကုတ်မှာပါ။

  2. ewin! Pls read it back. He wrote Taung Gote but you just misunderstand. Pls read back to make yourself clear.

    1. အက်ဒမင်က အမှားပြင်လိုက်လို့ပါ
      အစက မှားရေးထားတာ

Comments are closed.