သတင်းပဒေသာ

88 Generation Students – ၈၈ မျိုးဆက်ကျောင်းသားများမှ ငြိမ်းချမ်းစွာယှဉ်တွဲနေထိုင်နိုင်ရန် အဖွဲ့အစည်းအသီးသီးမှ ၀ိုင်းဝန်းထိန်းသိမ်းဖို့ မေတ္တာရပ်ခံ

မိုးမခ အထောက်တော်၊ ရန်ကုန်။ ဇွန်လ ၅ ရက်၊ ၂၀၁၂ ခုနှစ်၊

၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ့မှ ယမန်နေ့က တောင်ကုတ်မြို့တွင် သံတွဲမှ ရန်ကုန်သို့သွားသည့် အစ္စလာမ်ဘာသာဝင် ခရီးသည် ၁၀ ဦးအသတ်ခံရသည့် ကိစ္စကိုရည်ညွှန်း၍ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်နိုင်ရန် ဘာသာရေး ခေါင်းဆောင်များ၊ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း ခေါင်းဆောင်များနှင့် ဋ္ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ ၀ိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးဖို့  ယနေ့နေ့စွဲဖြင့် ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။

ယင်းကြေညာချက်ထဲတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများသည် ယဉ်ကျေးသည့် လူ့အသိုင်းအ၀ိုင်းမှ မည်သို့မျှ လက်ခံနိုင်စရာ မရှိကြောင်းနှင့် မည်သည့်ဘာသာတရားမှလည်း လက်ခံမည်မဟုတ်ကြောင်း ဖေါ်ပြကာ ယခုအဖြစ်အပျက်များသည် မြန်မာနိုင်ငံ၏ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးများကို နောက်ပြန်သွားစေနိုင်သည့် ထောင်ချောက်များဖြစ်သည်ဟု လည်း သတိပေးထားသည်ကိုတွေ့ရသည်။

                   ယမန်နေ့ မွန်းလွဲပိုင်းက သံတွဲ-ရန်ကုန် ခရီးသည်တင်ယာဉ် တစီးပေါ်ပါ အစ္စလာမ်ဘာသာဝင် ၁၀ ဦးကို တောင်ကုတ်မြို့ခံလူအုပ်၏ ရိုက်နှက်မှုကြောင့် သေဆုံးခဲ့ရသည်။

                  ယင်းအဖြစ်အပျက်မဖြစ်ပွားမီ လွန်ခဲ့သည့် ရက်ပိုင်းက ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာအနီး ရခိုင်အမျိုးသမီးငယ် တဦး အဓမ္မပြုကျင်ခံရပြီးနောက် အသတ်ခံရသည့် အဖြစ်အပျက်ဖြစ်ပွားခဲ့ရာ ယင်းအဖြစ်အပျက်အပေါ် လှုံ့ဆော်ပြီး ယမန်နေ့က တောင်ကုတ်မြို့တွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်ဟု သံတွဲဒေသခံများ၏ အဆိုအရ သိရသည်။

                ယင်းအဖြစ်အပျက် ဖြစ်ပွားသည့်နေ့မှာပင် ရခိုင်ပြည်နယ် မြို့တော် စစ်တွေမြို့၌လည်း ဈေးကောက်ကောက်ယူသည့် ကိစ္စအပေါ် အချင်းများရာမှ ရခိုင်အမျိုးသားတဦး အသတ်ခံရသည်ဆိုသည့် ကောလဟလ ဖြစ်ပေါ်ပြီး စစ်တွေ အမှတ်(၁) ရဲစခန်းကို ထောင်နှင့်ချီသည့် လူအုပ်က နာရီအတန်ကြာ ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။

                   ညသန်းခေါင်မတိုင်မီ လူအုပ်စုအား ဖြိုခွဲသည့်အနေဖြင့် ရဲစခန်းမှ သေနတ်ထောင်ဖောက်ခြင်း၊ လူအုပ်အတွင်း ပစ်ခတ်လူစုခွဲခြင်းတို့ကြောင့် လူ (၁၀ )ဦးကျော် ဒဏ်ရာရရှိခဲ့သည်။        ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts