အင်တာဗျူး

ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ …. (မဲဆောက်က အသံများ)

ဇွန် ၃၊ ၂၀၁၂
ကိုသင့်မြတ် မေးမြန်းရေးသားသည်။

ဒီကနေ့ ၂၀၁၂ ဇွန်လ (၂) ရက် စနေနေ့မှာ ထိုင်းနိုင်ငံ မဲဆောက်မြို့ကို လေယာဉ်နဲ့ နံနက် ၉း၃၀ မှာရောက်ရှိပြီး မယ်လဒုက္ခသည်စခန်းကို သွားမယ်၊ နေ့လည် ၁း၃၀ မှာ မဲဆောက်ကိုပြန်လည်ရောက်ရှိပြီး မယ်တော်ဆေးခန်းကိုဝင်ရောက်ကာ မွန်းလွဲ ၃း၀၀ မှာ မဲဆောက်လေဆိပ် ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာမယ်လို့ သတင်းတွေရရှိထားခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၏ခရီးစဉ်အား ကြိုဆိုနေကြသည့် မဲဆောက်ရောက် ရွှေ့ပြောင်းလုပ်သားများ
 နှစ်ပေါင်း ၂၀ ကျော် ပြည်ပကို ပထမဆုံးထွက်ခဲ့တဲ့ခရီးဖြစ်သလို ခရီးစဉ်စီစဉ်သူတွေရဲ့ညံ့ဖျင်းမှုကြောင့် အစီအစဉ်တွေဟာ မရေမရာ ဖြစ် နေပြီး အစီအစဉ်တွေ လွဲချော်မှုရှိနိုင်ကြောင်းလည်း အတော်များများကသိရှိထားကြပေမယ့် လူထုချစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ကြိုဆိုနှုတ်ဆက်မယ့် မြန်မာနိုင်ငံသားတွေဟာ နံနက် ၈ နာရီလောက်ကတည်းက တဖွဲဖွဲရောက်ရှိစောင့်ဆိုင်းနေကြပါတယ်။ နံ နက် ၉း၄၀ မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်လေဆိပ်ကိုရောက်ရှိပြီး မယ်လဒုက္ခသည်စခန်းကို ဦးတည်ထွက်ခွာသွားတာဖြစ်တယ်။ နံနက်ပိုင်းမှာတော့ နှုတ်ဆက်ခွင့် တိတိပပ မရရှိခဲ့ကြပါဘူး။

မဲဆောက်က စက်ရုံ အလုပ်ရုံအသီးသီးက အလုပ်သမားတွေဟာ သွားလာရေးတင်းကြပ်တဲ့ မယ်လအထိ လိုက်ပါသွားနိုင်ခြင်း မရှိတာ ကြောင့် မွန်းလွဲပိုင်းမှာ မဲဆောက်ကိုပြန်ရောက်ချိန်မှာ နှုတ်ဆက်ကြိုဆိုဖို့ အားခဲပြီး နေပူကြီးထဲမှာ တက်တက်ကြွကြွ စောင့်မျှော်နေခဲ့ကြပါ တယ်။

တကယ်တော့ ဒီနေ့ဟာ မဲဆောက်က အလုပ်သမားတွေအတွက် အလုပ်ပိတ်ရက်မဟုတ်ပါဘူး။ ဒါပေမယ့် သူတို့ချစ်တဲ့ သူတို့လေးစားတဲ့ သူတို့အားကိုးယုံကြည်တဲ့ သူတို့ဘ၀ရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ခဏတာတွေ့ခွင့်ရဖို့ အလုပ်ရှင်နဲ့အတိုက် အခံပြု ပြီး (တချို့ဆို အငှားယာဉ်ခမတတ်နိုင်လို့ တနာရီကျော်မက နေပူကြီးထဲမှာ လမ်းလျှောက်လို့) ကြိုဆိုနေကြတာဖြစ်ပါတယ်။ တချို့လည်း စုပေါင်းပြီးကားငှားပြီး ကြိုဆိုဖို့ထွက်လာရာမှာ ထိုင်းရဲတွေရဲ့ စောင့်ကြိုဖမ်းဆီး စစ်ဆေးခေါ်ဆောင်တာတွေတောင် ခံရရှာပါတယ်။ ဒါကို ကြည့်ရင် သူတို့တွေဟာ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လောက်ယုံကြည် အားကိုးလေးစားတယ်ဆိုတာ အထူးပြောဖို့လိုမယ်မထင်ပါဘူး။

ဒါပေမယ့် အစီအစဉ်တွေ လွဲချော်မှုကြောင့်လား၊ မထင်မှတ်တဲ့ ပြဿနာတစုံတခုကြောင့်လား၊ မူလအစီအစဉ်ရေးဆွဲစဉ်ကပဲ အစီအစဉ်မရှိခဲ့ လို့လားမသိပေမယ့် ဒေါ်အောင်ဆန်းစုကြည်တို့အဖွဲ့ဟာ မွန်းလွဲပိုင်း မယ်လ ဒုက္ခသည်စခန်းက အပြန် နောက်ကျနေခဲ့ပြီး မဲဆောက်လူထုကို ခဏတာလေးတောင် နှုတ်ဆက်ဖို့မဖြစ်နိုင်ခဲ့ပဲ ညနေ (၂)နာရီမခွဲခင်မှာပဲ မဲဆောက်လေဆိပ်ကနေ ဘန်ကောက်ကို ပြန်လည်ထွက်ခွာသွားပါ တော့တယ်။

ဒါကြောင့် တနေကုန်တနေခမ်း နေပူကြီးထဲစောင့်ကြိုနေကြသူတွေကို ….

(၁) ဒေါ်အောင်ဆန်းစုကြည်ကို ဘာကြောင့်လာရောက်ကြိုဆိုတာလဲ။
(၂) ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ရင် ပြောခွင့်ရမယ်ဆိုရင် ဘာပြောချင်သလဲလို့ ကျား-မ လူပေါင်း ၃၀ ကျော်ကို မေးမြန်းခဲ့ပါတယ်။ သူတို့ ဖြေကြားချက်တွေထဲမှာ အများစုကတော့ ဒေါ်အောင်ဆန်းစုကြည်ကို လေးစားကြည်ညိုလို့၊ ကိုယ့်လူထုခေါင်းဆောင်ကို အားပေးကြိုဆို ချင်လို့၊ ချစ်ခင်နှစ်သက်လို့၊ မြင်ဖူးချင်လို့ စသဖြင့် ဖြေကြားသူအများစု ဖြစ်ပါတယ်။ နံပါတ် (၂) မေးခွန်းအပေါ် ဖြေကြားချက်တွေထဲက ထူး ခြားစိတ်ဝင်စားဖွယ်ပြောကြားချက်တွေကို ဖေါ်ပြပေးလိုပါတယ်။

(၁) မအေးအေး ။ ။ မဲဆောက်မှာ အလုပ်လုပ်နေတာ ၃ နှစ်ရှိပါပြီ။ လစာကို ထိုင်းအစိုးရသတ်မှတ်သလို တနေ့ ဘတ် ၃၀၀ ဆိုတာ တခါမှ မရဘူးပါဘူး။ တခြားသူတွေလည်း မဲဆောက်မှာရတယ်လို့ မကြားဖူးပါဘူး။ ရသင့်ရထိုက်တဲ့လစာကို မှန်မှန်ရချင်ပါတယ်။ ကူညီပြောကြား ပေးပါ။

(၂) ကိုအောင်စိုး ။ ။ ကျနော်က တပ်မဟာ စက်ရုံကပါ။ လွန်ခဲ့တဲ့ရက်ပိုင်းကပဲ ကျနော်တို့စက်ရုံက အလုပ်သမား ၅ ဦး ညဖက်အလုပ်ကနေ ထမင်းစားသွားတော့ လမ်းမှာကားတိုက်ခံရတာ ၂ ဦး သေဆုံးသွားပါတယ်။ ကျန်သူတွေလည်း ဒဏ်ရာအပြင်းအထန်ရကြပါတယ်။ တရား ခံကိုတော့ ဖမ်းမမိပါဘူး။ သေဆုံးသူအတွက် ဘာအကူအညီမှ ဘယ်သူ့ဆီကမှ မရသေးပါဘူး။ အမှုဖွင့်ဖို့လည်း ကျနော်တို့မလုပ်တတ်ပါ ဘူး။ ဒီလို ပြသနာတွေလည်း မကြာခဏ ဖြစ်ခဲ့ရ၊ ခံခဲ့ရပါတယ်။ ဒီလိုပြဿနာမျိုးတွေမဖြစ်ရအောင် တတ်နိုင်မယ်ဆိုရင် အမေ့အနေနဲ့ ကူ ညီပေးဖို့ ပြောချင်ပါတယ်။

(၃) ကိုမြကြီး ။ ။ ကျနော်လည်း တပ်မဟာ စက်ရုံကပါ။ ခုန ကျနော့်သူငယ်ချင်းပြောသလို ပြဿနာတွေဖြစ်လာရင် ဘယ်ကိုအကူအညီ တောင်းရမယ်ဆိုတာ မသိပါဘူး။ အားကိုးလောက်တဲ့ အလုပ်သမားတွေကို မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန်ကူညီပေးတဲ့အဖွဲ့မျိုးလိုချင်ပါ တယ်။ သေရင် အသုဘချဖို့ နာရေးကူညီမှုအသင်းတော့ရှိပါတယ်။ ကျနော်ဆိုလိုတာက အလောင်းမြေကျဖို့အတွက် တခုတည်းပြောတာ မဟုတ်ပါဘူး။ အလုပ်သမားတွေ မတရားခံစားနေရတာကို ကူညီပေးမယ့်အာဏာပိုင်အဖွဲ့၊ ဒါမှမဟုတ် အလုပ်သမားတွေအချင်းချင်း ယုံ ကြည်ရတဲ့အဖွဲ့ကို ဆိုလိုတာပါ။

(၄) မမိမော်။ ။ ကျမ မဲဆောက်မှာအလုပ်လာလုပ်တာ ၅ နှစ်ကျော်ပါပြီ။ တရားဝင်အလုပ်သမားလက်မှတ် အလုပ်လုပ်ခွင့်လက်မှတ်နဲ့ပဲ နေထိုင်ခဲ့ပါတယ်။ အရင်က အဲဒီလိုတရားဝင်ဖြစ်ဖို့ လက်မှတ်ခ ဘတ် ၃၀၀၀ ကျော်ပဲကျပါတယ်။ အခု စနစ်သစ်ပြောင်းလိုက်တော့ အား လုံးပေါင်း ဘတ် ၁၅၀၀၀ လောက်ကျပါတယ်။ ဒီငွေကို ပြန်ရဖို့ ကျမတို့လုပ်အားခနဲ့ ၆ လလောက်စုတာတောင် မရပါဘူး။ စနစ်သစ်ပြောင်းမှ ပိုပြီးအခက်အခဲဖြစ်နေပါတယ်။ အမေကို အားကိုးပါတယ်။ လူကြီးတွေကို ပြောပြကူညီပေးပါရှင့်။ အမေစု ကျန်းမာရေးဂရုစိုက်ပါ။ လုံခြုံရေး ဂရုစိုက်ပါ။ အမေကျန်းမာပါစေလို့ အမြဲတမ်းဆုတောင်းပေးပါတယ်။

(၅) ဦးညီညီ။ ။ ကျနော်က မဲဆောက်ဈေးထဲမှာ ဈေးရောင်းပါတယ်။ ဒီနှစ်မှာ အလုပ်သမားလက်မှတ်တွေ ပတ်စ်ပို့တွေလုပ်လိုက်တော့ ငွေ တွေ ၁၆၀၀၀ လောက်ကုန်ပါတယ်။ ကျနော်တို့လို ကိုယ်ပိုင်အလုပ်လုပ်တဲ့သူတွေအနေနဲ့ မထောင်းသာပေမယ့် အလုပ်သမားတွေမှာ တော် တော်ဝန်ပိတယ်လေ။ တချို့ဆို အခုတလောငွေကုန်များလို့ ဈေးတောင် မှန်မှန်ဝယ်မစားနိုင်အောင်ဖြစ်နေတာ တွေ့ရလို့ ကိုယ့်လူမျိုးအ တွက် အရမ်းစိတ်မကောင်းဖြစ်ရတယ်ဗျာ။ ဆိုတော့ ပိုကောင်းအောင် လူကြီးတွေကစီမံပေမယ့် အခုလို အလွဲအချော်ဖြစ်နေတာတွေကို အမေစု အနေနဲ့ သက်ဆိုင်ရာ ထိုင်း၊ မြန်မာ အလုပ်သမားဌာနတွေနဲ့ ဆွေးနွေးပြင်ဆင်ပေးဖို့ ပြောပေးစေလိုပါတယ်။ အမေ ကျန်းမာပါစေ။

(၆) ကိုမိုးကြီး ။ ။ ကျနော်က မယ်ပစက်ရုံကပါ။ ပတ်စ်ပို့တွေလုပ်ရတော့ ပွဲစားတွေကလည်း ခြေချင်းလိမ်လို့။ အလိမ်အညာခံရတာတွေလည်း ကြားရတော့ ဘယ်သူက အမှန်၊ ဘယ်သူက အကြံအဖန်လည်းမသိ။ ကုန်လိုက်တဲ့ငွေကလည်း မနည်းဘူး။ ဒီငွေတွေက ထိုင်းအစိုးရကို ပေး ရတာလား။ ပေးမယ်။ မြန်မာအစိုးရကို ပေးရတာလား။ ပေးမယ်။ ဒါမှမဟုတ်ပဲ ပွဲစားကိုပေးနေရတာ၊ ပွဲစားကြောင့် အကုန်များနေတာ ဆိုရင်တော့ မဖြစ်သင့်ဘူးလေ။ အဲဒါလေး အမေစုကိုပြောချင်တာ။

(၇) မထက်ထက် ။ ။ ကျမလည်း အလုပ်သမားပါ။ အခက်အခဲတွေရှိတာမှန်ပေမယ့် ကျမတို့ထက် ပြည်တွင်းကအလုပ်သမားတွေ အခက် အခဲပိုဖြစ်နေတာ ကြားနေရပါတယ်။ သူတို့ကို ကူညီချင်ပါတယ်။ ဘယ်လိုကူညီရမယ်ဆိုတာ အမေ့ကိုပြောကြားပေးပါ။ အမေ့အနေနဲ့လည်း ကျမတို့ကို ကူညီဖို့ထက် ပြည်တွင်းက ကျမတို့ထက် ပိုပြီးဒုက္ခရောက်နေတဲ့အလုပ်သမားတွေကို ပိုပြီးကူညီပေးဖို့ ပြောချင်ပါတယ်ရှင့်။ အ မေ ကျန်းမာပါစေ။

(၈) ဦးစိန်မြင့် ။ ။ ကျနော်လည်း အလုပ်သမားအရေးဆောင်ရွက်နေသူပါ။ ဒါပေမယ့် ကျနော်တို့တွေဟာ စေတနာ့ဝန်ထမ်းတွေဆိုတော့ ထိ ထိရောက်ရောက် မဆောင်ရွက်နိုင်ဘူး။ အလုပ်သမားအခွင့်အရေးကို အသိပညာပေးနိုင်ပေမယ့် အလုပ်သမားအခက်အခဲကို ထိထိရောက် ရောက် မဆောင်ရွက်နိုင်ဘူးပေါ့ဗျာ။ နိုင်ငံခြားသားတွေအကူအညီနဲ့ ပေါင်းစား ရိုက်စားအဖွဲ့တွေလို့ အလုပ်သမားတွေ အထင်ရောက်နေ တာတွေကို အားမရဖြစ်နေပါတယ်။ ဘယ်လိုဆောင်ရွက်သင့်တယ်၊ အာဏာပိုင်တွေနဲ့ ဘယ်လိုပူးပေါင်းဆောင်ရွက်သင့်တယ်။ အာဏာပိုင် တွေဖက်က ဘယ်လိုကူညီသင့်၊ စိစစ်သင့်တယ်ဆိုတာဆို ဒေါ်အောင်ဆန်းစုကြည်ကိုမေးမြန်းချင်ပါတယ်။

(၉) ကိုအောင်မျိုး ။ ။ အန်တီစုက အခုဆို ကျနော်တို့စောင့်နေပေမယ့် နှုတ်ဆက်ခွင့်မရလိုက်ဘူးဗျာ။ ကျနော်တို့ထက် ဒုက္ခသည်စခန်းကို သွားတွေ့တာ၊ ဒုက္ခသည်တွေကို ပစ်မထားတာသိရလို့ နားလည်ပါတယ်။ ကျေးဇူးလည်း တင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောမယ် ဗျာ။ကျနော့်အမြင်ကတော့ ဒီကဒုက္ခသည်အရေးထက် ပြည်တွင်းက ကချင်ဒုက္ခသည်တွေရဲ့အရေးက ပိုပြီးလိုအပ်နေတယ်ထင်တယ်။ သူ တို့ကို အခုထက် ပိုပြီးကူညီနိုင်ဖို့၊ စစ်ပွဲတွေရပ်ဖို့ ငြိမ်းချမ်းရေးဆုရှင်အမေကို ငြိမ်းချမ်းရေးအတွက် ပိုပြီးဆောင်ရွက်နိုင်ပါစေလို့ ဆုတောင်း ပေးချင်ပါတယ်ဗျာ။

(၁၀) မချိုမြင့် ။ ။ အမေရှင့်။ ကျမဟာ ကျောင်းဆရာမတဦးပါ။ ကျမတို့ဟာ သူများနိုင်ငံမှာ မျက်နှာငယ်ငယ်နဲ့ မိသားစုစားဝတ်နေရေး အ တွက်ရုန်းကန်နေရပေမယ့် ကိုယ့်မြန်မာပြည်လိုမပျော်ပါဘူး။ တိုင်းပြည်ကိုပြန်လာပြီး အေးအေးချမ်းချမ်းနဲ့ နေချင်ပါပြီ။ ဒါပေမယ့် အခုအချိန် မှာ သူများလူမျိုးဆီမှာ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်နေရသလို နောင်တချိန် ကိုယ့်တိုင်းပြည်ပြန်ရောက်ရင်လည်း သူများလူမျိုးဆီမှာပဲ မျက်နှာငယ်ငယ်နဲ့ အလုပ်လုပ်ရမှာမျိုးကို စိုးရိမ်နေမိပါတယ်။ ကျမတို့ဆီမှာ အလုပ်ရှင် အလုပ်သမားဥပဒေတွေ တိတိကျကျမရှိဘူးလို့လဲ ကြားဖူးပါတယ်။ အလုပ်ရှင် အလုပ်သမားဥပဒေတွေ၊ စီးပွားရေးမူဝါဒတွေမှန်ကန်ဖို့ အဲဒါတွေကို လွှတ်တော်မှာ ရေးဆွဲတင်ပြပေးဖို့ အမေ့ကို မေတ္တာရပ်ခံချင်ပါတယ်ရှင့်။ အမေစုကို အင်မတန် လေးစားအားကိုးပါတယ်။ ကျန်းမာပါစေ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “ဒေါ်အောင်ဆန်းစုကြည်ကို ဘာပြောချင်သလဲ …. (မဲဆောက်က အသံများ)
  1. အမေစု နေကောင်းပါစေလိုနေတိုင်စုတောင်းပေးနေတယ်။ထိုင်းနိုင်ငံမှာရျိနေတဲ့ဒုက္ခသည်ကိုလာတွေ့တော့ မြန်မာပြည်ကမြန်မာဒုက္ခသည်။ကချင်ဒုက္ခသည်။တိုင်းရင်းသားဒုက္ခသည်တွေကိုဘာလိုမကြည့်ပေးတာလဲဗျာ။မေစုကိုမတွေ့ဖူးပါဘူးမေစုကိုလေးစားတယ်။ယုံကြည်တယ်။မြတ်နိးတယ် နောက်ပြီတော့ သားသားတို့ရဲ့ လွတ်လပ်ရေးဖခင်ကြီး၇ဲ့သမီးဖြစ်နေတဲ့မေစုကဘာလိုပြည်တွင်းမှာငြိမ်းချမ်းရေးမလုပ်နိုင်သေးပဲနဲ့ပြည်ပကိုလာတာလဲဗျာ။
    သားသားတို့ပြည်ပမှာလာအလုပ်လုပ်တာရည်းရည်ချက်နှစ်ခုပဲရှိတယ်။တစ်ခုကငါမိသားစုစားဝတ်နေရေးအဆင်းပြေဖို့နောက်တစ်ခုထိုင်ပြည်ကို ငါ့ရတဲ့ငွေနဲ့ဘယ်လိုနေရာမှာကူညီပေးလိုရမှာလဲဒါပဲစဉ်စာတယ်ဗျာ။ အမေစုရောဘာလိုပြည်ပကိုထွက်လာတာလဲ၊?
    ကချင်ဒုက္ခသည်ကိုတွေ့ရင်းပြည်တွင်းက နိင်ငံခေါင်ဆောင်တွေဘာလုပ်နေလဲလိုမေးချင်တယ်။ကျွန်တော်ဟာမြန်မာလူမျိုးတစ်ယောက်ပါ။မြန်မာပြည်မှာဘာဖြစ်ဖြစ်မြန်မာပြည်ကထိုင်သားတွေကိုနေ့စင်နေအမျှ ဒီလိုမင်းနဲ့ဒီလိုအမတ်တွေရဲ့ တာဝန်မရှိလုပ်ရပ်တွေကနေ အမြန်ဆုံးလွတ်ကြပါစေလိုဆုတောင်းရင်းနဲ့အမေစုကိုပြောပေးပါလို အကူညိတောင်းပါတယ်ဗျာ
    သူတစ်ပါစိတ်ဒုက္ခရောက်သွားရင်းခွင့်လွတ်ပါလိုတောင်းပန်ထားပါတယ်နော။ဒီစားကိုရေးရတဲ့အကြောင်းကတော့မြန်မာပြည်ကဒုက္ခသည်တွေကိုမကြည့်ရက်လိုပါဗျာ။

  2. အမေစု ဒါတွေ နားထောင်ပြီးလောက်ပါပြီ။ ကိုသင့်မြက်နဲ့မိုးမခ Post အတွက် ကျေးဇူးတင်ပါတယ် … လောလောဆယ် ထိုင်းနိုင်ငံရောက် မြန်မာများအတွက် မြန်မာအစိုးရက တရားဝင် အလုပ်သမားဌာန လုပ်ပေးမယ် မျှော်လင့်ပါတယ်။ အမေရိကန်မှာ တရားမ၀င်လာအလုပ်လုပ်တဲ့ မက္ကဆီကို လူမျိုး ၁၀သန်းလောက်အတွက် မက္ကဆီကိုအစိုးက အမြဲကာကွယ်စောင့်ရှောက်ပါတယ်။ အနိုမ့်ဆုံးလစာရအောင် တောင်းဆိုပေးပါတယ်။ Learn from them….

    မဲဆောက်က မြန်မာတွေလုပ်တဲ့ ထိုင်းလုပ်ငန်းရှင်တွေ မြန်မာနိုင်ငံတွင်း ရွှေ့လာချင်ပါတယ်။ မြန်မာအာဏာပိုင်များက အာဏာပြလွန်း၊ လပ်စားလွန်းလို့ မယုံပါဘူး။

  3. မဲဆောက်မှာရှိတဲ့အတိုက်အခံဆိုတဲ့အဖွဲ့တွေဘာလုပ်နေကြပါသလဲကိုယ့်လူတွေမတ
    ရားသေနေကြရတာ။
    မတရားခိုင်းစေခံနေကြရတာကိုမသိကြဘူးလား။မကူညီပေးနိုင်ကြဘူးလား။မဟာချိုင်မှာရှိ
    တြဲ့မြန်မာ့အလုပ်
    သမားအရေးကိုဆောင်ရွက်ပေးနေကြသူများကိုလေးစားပါတယ်။ဂုဏ်ယူပါတယ်။
    မဲဆောက်မှအဖွဲ့အစည်း
    များအတုယူနိုင်ကြပါစေ။ဒေါ်စုဆီမှာနားတွေအများကြီးရှိပါတယ်။ဘယ်သူကအမှန်အကန်
    ဘယ်သူကအာပ
    လာဆိုတာကောင်းကောင်းသိပါတယ်။ ကျွန်မလိုငတုံးတောင်အဝေးကနေသိနေမှတော့ အမေစုပညာရှိ
    မသိဘဲနေပါ့မလား။

Comments are closed.