ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၅) – Mar Mar Aye


ရဲနန္ဒ၊ ထိပ်တင်ဝင်း
မာမာအေး
ဇွန် ၃၊ ၂၀၁၂


 

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … မာအေးတို့ မြန်မာသံသီချင်းဆိုမယ့် လူသစ်အသံသစ်ကို ကိုယ်ထဲကိုယ့်ယာ ကိုယ်လောကမှာ ရှာဖွေလေ တွေ့ရှိလေ လုပ်ဖို့ရာ သီချင်းနားထောင်ပါတယ်ဆိုမှ မာအေးဖွင့်တဲ့စက်က ဖိုးသင်းမျောက်လိုဖြစ်လို့ တိုးသွားတာကို ခွင့်လွှတ်တော်မူပါဦး။ ကျိုးစားပြီး ဆက်ထားပါတယ်ရှင်၊ ကြည်နေပါပြီ။

* (မိုးနဲ့အတူ လှန်းခဲ့ပါ – ရဲနန္ဒ)
အို မိုးဒေ၀ါ၊ ရှစ်တိုင်းမှိုင်းဆင်ပါလို့လေ xx (ဖေါ်မစုံဝေးသူမို့ ပူဗျာဝေ ပူဗျာဝေ သူဇာမေရေ) ၂ xx ကျွမ်းလုအသည်း လွမ်းသူ့ပွဲ အော် လွမ်းသူရဲ့ပွဲ xx

အခုဆိုသွားတဲ့ အသံသစ်တေးသံရှင်က မာအေးဆီ ရေးတဲ့စာမှာ သားမောင် – ဗိုလ်မှူး လို့ လက်မှတ်ထိုးထားပါတယ်။ သူ့ပတ်ဝန်းကျင်လောကမှာ ချစ်စနိုးခေါ်တဲ့ နာမည်မျိုးလို့ နားလည်ပေးပါသောတရှင်။ မာအေးငယ်စဉ်က ကိုယ့်ဝန်းကျင်မှာ ‘ဗိုလ်တွတ်’ လို့ ခေါ်ရင် ချက်ချင်းသိတဲ့ သဘောမျိုးပေါ့။ သူရဲ့ နာမည်ရင်းက ‘ရဲနန္ဒ’ပါ။ ဒီနာမည်မျိုးဟာ ဇါတ်ထဲပွဲထဲမှာ ဗန္ဓုလဦးထုပ်နဲ့ အချွန်အတက် ဘယက်ဒွါဒယာတွေနဲ့ ၀တ်စားဆင်ယင်ရတတ်တဲ့ မြန်မာစစ်ဗိုလ်မှူး တို့မှာ ခေါ်ရတတ်တဲ့ နာမည်ကိုးရှင့်။ ဒါကြောင့် ရဲနန္ဒကို – နာမည်ပြောင် ‘ဗိုလ်မှူး’ လို့ ခေါ်လိုက်ကြတာပါဘဲ။ သူကလဲ တကယ်စစ်ရင် မဟာနွယ်ဝင်ဖြစ်နေတော့ အတော်ကျသွားတာပေါ့ – သူ့ဖွားအေတော်ဟာ ရှေးရှေးက ကျောက်ပန်းတောင်းမြို့စား မင်းသ္မီး ‘ထိပ်တင်မကြီး’ တဲ့။ အလင်္ကါကျော်စွာစေါင်းဦးဘသန်းရဲ့ ကြင်ယာဇနီးပါရှင်။ မာအေးရဲ့ဆရာ ဦးဘသန်းရဲ့ သားသမီးတွေထဲမှာ သားကြီး ထိပ်တင်ဝင်း၊ ကြည်သာ(ပွဲကြိုက်ခင်) လို့ ဖြစ်လာတဲ့ သားငယ် ထိပ်တင်သင်းတို့ ညီအကိုနဲ့ ညီမ ထိပ်တန်စန်းတို့ဟာ သဘင်ဂီတ မျိုးဆက်ခဲ့ပါတယ်။ ဒီတော့ ‘ရဲနန္ဒ’ဟာ အဖိုးက စေါင်းဆရာကြီးဦးဘသန်း၊ အဖေက ဂီတမှူး စန္ဒရား ထိပ်တင်ဝင်း၊ အမေက ရေဒီယိုတေးသံရှင် စေါမြကြည်တို့က ဆက်လာတဲ့ ဂီတနွယ်စစ်ပေါ့။

မာအေး ပြည်ပ မထွက်ခင်က ‘Studio A’ အသံသွင်းခန်း ဖွင့်ခဲ့သေးတာကိုး။ သူ့ကို အသံသွင်း အသံဖမ်းပညာသင်အဖြစ်နဲ့ ခေါ်ထားတော့ – သူလဲ သားငယ်စာရင်းဝင်ဘဲပေါ့။ ပန်တျာကျောင်းမှာလဲ သုံးနှစ်မြောက် ဆရာဖြစ်တန်းမှာ တက်နေတယ် ထင်ပါရဲ့။ စန္ဒရားလက်လဲ အတော်တော့ ရနေပြီဆိုပြီး မာအေးက ၀မ်းသါနေတာ၊ မောင်လှအေးတို့ မောင်မျိုးခင်တို့လို သင်ပေးရဦးမယ် လို့ ကြံထါးတာမှာ ကိုယ်က ဒီဖက်လာပြီး – သောင်ပြင်လွှတ်တဲ့ ရွှေဟင်္သာဖြစ်နေတာနဲ့ ဘာမှ လုပ်မပေးဖြစ်တာပါ။ ခုတော့ သူကလေးက အဆိုတော်ဘဲ လုပ်တော့မယ် တဲ့။ ဒါလဲ ကေါင်းတာပါဘဲလေ၊ ဗမာသံစည်း။ စည်း“၀ါး”တကျ ဆိုတတ်တဲ့လူငယ်က အတော့်ကို ရားနေတာမို့လး။

စန္ဒရားသင်လို့ လက်ကလေးမှန်မယ်ကြံ၊ သင်္ကေတလေးကေါက်ရေးနိုင်တဲ့ဥာဏ်၊ နည်းနည်းလေးဟန်တာနဲ့ လျှပ်စစ်စန္ဒရားလို့ ပြောရမယ့် key board ပြောင်းတီးတာတွေ များလာလို့ပါ။ ဗမာ့ဂီတတို့ရဲ့ အထာ၊ အတွဲအဖက်၊ အလူးအလှိမ့်တွေရဲ့ အရသာဟာ – ကမ္ဘာ့ဟန်နဲ့ နှိုင်းမရပါဘူး။ ပြန်တော့ တွေ့ရဦးမယ် ထင်ပါတယ်။ “အဆိုချည်းသက်သက်တော့ မလုပ်ပါနဲ့ အတီးလဲ ဆက်ပါ၊ ရှေ့မှာ စန္ဒရားချစ်ဆွေ၊ စန္ဒရားထွန်းညွန့်၊ စန္ဒရားလှထွတ် စတဲ့ အတီးဆရာတွေဟာ ဆိုတီး တီးကြတဲ့ ပညာရှင်တွေပါ၊ ဒီကရှေ့ သီချင်းပါရေးသေးတာဘဲ” လို့ ပြောပေးရမှာပေါ့ရှင်။

‘ရဲနန္ဒ’ရဲ့ အဖေ – ထိပ်တင်ဝင်းကတော့ အတီးပညာရှင်သက်သက်ပဲ၊ မာအေးတို့မောင်နှမတွေလို ကြီးပြင်းလာကြတာမှာ တခါမှ ‘ကိုဝင်း’ သီချင်းညည်းတာကို မကြားဖူးဘူး။ တူရိယာပစ္စည်း အတော်များများကို တီးတတ်တဲ့ ဥာဏ် – သိတ်ကေါင်းတဲ့ မောင်ကလေးဘဲ၊ ဘာကိုတီးတီး အလုပ်ဖြစ်အောင် တီးနိုင်စွမ်းတဲ့သူဖြစ်ပါတယ်။ ဒါကြောင့်လဲ ရောင်းတန်းဂီတ တေးသံသွင်းလောကရဲ့ သီချင်းခွေမျက်နှာစာမှာ သူ့နာမည်ကိုပါ အတော်များများ တွေ့နိုင်ခဲ့တာပေါ့ရှင်။

မာအေး ဆိုပေးခဲ့တဲ့ တေးအတွဲတွေမှာလဲ အတူတွဲခဲ့ ထုတ်ခဲ့တါတွေ အများကြီးပါဘဲ။ အားကိုးရတယ်၊ စိတ်လဲ ရှည်တယ်၊ သီချင်းတွေ ကေါင်းသည်ထက်ကေါင်းအောင် – အရောင်တင်ဖို့ ဆိုတာကို မာအေးက အသံမသွင်းမီမှာရှာခဲ့တာရှင့်၊ အလိုက်အသွား ပြင်တန်တာတွေ ပြင်တယ်၊ သီချင်းကို ဘယ်နေရာ အတီးဝင်လို့ ဘယ်နေရာမှာ ဘယ်လိုပြန်ကေါက်မယ်တို့ ဆိုတဲ့ ပုံစံကို ချတဲ့အခါ၊ ထိပ်တင်ဝင်းလေး လာစမ်းပါဦး – မှတ်စမ်းပါဦး နဲ့ ခေါ်ထားရတာ၊ မာအေးက သင်္ကေတ NOTE တွေ မဖတ်တတ် မရေးတတ်ဖူးလို့ ပြောထားတာ – သတိရပါနော်။ တတ်တဲ့တယောက်က လိုက်မှတ်ပေးတော့ အလုပ်ခွင် အဆင်ချောတာပေါ့ရှင်၊ တခါမှ မလာနိုင်ဘူးမမရယ်လို့ မငြင်းခဲ့တဲ့ စန္ဒရားဆရာ၊ သူ့အဖေ မာအေးဆရာက မောင်လို မွေးစားစေခဲ့တဲ့ ဒီဆရာလေးဟာ ကိုယ်ပြန်မယ့်အချိန်မှာ မတွေ့လာနိုင်တော့ဘူးတဲ့ရှင်။

ဒါကြောင့်လဲ ပြန်မယ်လို့ ကြံတိုင်း တွေးတိုင်း ကိုယ့်ဂီတ အသိုင်းအ၀န်းက နေလိုထွန်းခဲ့တဲ့ “ဂီတလုင်ကြီး” ဒယ်ဒီကို “မိချစ်မှုန်ကြီး လို့ ခေါ်ခဲ့တဲ့ စန္ဒရားချစ်ဆွေ”၊ ဘပု၊ ချစ်၊ မှုန်ကလေး လို့ ခေါ်ခဲ့တဲ့ စန္ဒရားလှထွတ်၊ “မျိုး – သားငယ်လေးလို့ ခေါ်ခဲ့တဲ့ စန္ဒရား မောင်မျိုးခင်” – မာအေးနဲ့ အတွဲညီခဲ့သူတွေ၊ သူတို့ မာအေးကို မကူနိုင် မပို့နိုင်တော့ပါလား – အားငယ်ရသလိုဘဲ၊ ခုဆို ကိုဝင်း – ကိုဝင်း လို့ ခေါ်လာတဲ့ ထိပ်တင်ဝင်းလဲ သွားနှင့်ပြီ တဲ့။ သူ့သားကလေး ‘ရဲနန္ဒ’အတွက် – သူ တကိုယ်တော် တီးခတ်ပေးခဲ့နိုင်ခဲ့တယ်၊ တာဝန်ကျေအဖေပေါ့လေ၊ မာအေး အမှုတွေ ပွေနေလို့ သူရှိတုန်း သားအခြေအနေကို ပြောမပြဖြစ်လိုက်တာအတွက် တာဝန်မကျေတဲ့မမ – မင်းတီးတဲ့ အဖေ့အမွေ စောင်းလက်ကျသံ နာခံရင်း လွမ်းရက်ရှည်ဦးမယ်။

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


စာစီစာရိုက် – မျိုးဇော်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on ““ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၅) – Mar Mar Aye
  1.ီဒီခောတ်ကြီးထဲမှာ ပြောတာတေ ၇ပ်ပီး လက်တွေ.လုပ်၇မဲ. အချိန်ေ၇ာက်နေပြီ မျက်စေ.ဖွင်.ကြည်.ပါဦး ခင်ဗျာ

Comments are closed.