ကဗျာ

စစ်တုရင်

ကျော်ဟုန်း
မေ ၂၈၊ ၂၀၁၂

စကတည်းက လူကြမ်းလို့တရားသေထား
မင်းသားတက်လုပ်လဲ မင်းသားရုပ် မမြင်နိုင်ကြ
ကြိုးစားခွင့်မရှိတော့ဘူးလား နေရာရယ်။

ကိန်းသေအသွင်နဲ့  ကြည့်ကြတဲ့မြင်ကွင်းများ
ဆတိုးပြေးရင် ဆတိုးမောမယ်ဆိုလဲ မောရော့
ဘဝအမောတွေနဲ့  ကစားခဲ့တဲ့သူများ
သက်လုံကောင်းတဲ့ဆုတော့ ရနိုင်သေးရဲ့။

ဘယ်သူမဆို ကိုယ်တန်ရာပဲရမယ်တဲ့လား
ဟန်ချက်ထိန်း မယိမ်းသရွေ့တော့
ကျွန်းပင်ထက်က သစ်ခွပန်း
နမ်းခွင့်ကြုံနိုင်ပါသေးတယ်။

ဘဝကို စာတမ်းထိုးပြီး
အလောင်းအစားလုပ်ရဲလား
ကံဆိုတာအလုပ်မို့ 
ဆက်လုပ် ဆက်ရွှေ့ ဆက်ဟေ့။

အစွဲသည်းတဲ့သူတွေကြား အစွဲမြဲတဲ့သူ
ဘယ်မူနဲ့  လက်ကိုင်ဖမ်းမလဲ ချုပ်မလဲ။

စိတ်များ
ပုံစံခွက်ထဲက ရေခဲတုံးမဟုတ်
အသက်
အခက်ကြုံရင် ပဓာနမဟုတ်။

ပြီး ပြီးရောနေတတ်ခဲ့ရင်
လူ့သမိုင်း ဘယ်တိုးတက်ခဲ့ပါ့မလဲ
စပရိန်လို ဖိလေကြွလေ နိုးထတတ်သူ
အစွဲကို အစွဲနဲ့ချေဖျက်
အရုဏ်ဦးကို ဖယောင်းမီးတသန်းနဲ့ပူဇော်နိုင်ဖို့ 
ရန်သူ – မင်းရှေ့မှာ မီးထွန်းညှိခဲ့ပြီ။ ။

(ဆန္ဒမှန်ကို ထုတ်ဖော်ရဲသူများသို့)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts