ဓာတ်ပုံသတင်း

Yangon – လျှပ်စစ်မီးမှန်ရေး လူထုဆန္ဒဖော်ထုတ်ပွဲ ရန်ကုန်တွင်ကျင်းပ

တာရာဝေယံ၊ မေ ၂၃၊ ၂၀၁၂

          ဒီနှစ်နွေရာသီမှာ ရန်ကုန်နဲ့ အခြားဒေသတွေမှာ အကြောင်းအမျိုးမျိုးပြပြီး မကြာ ခဏ မီးပျက်လေ့ရှိပါတယ်။ ခုရက်ပိုင်းမှာလည်း ရွှေလီဓာတ်အားပေးတာဝါတိုင် ဖောက်ခွဲ ဖျက်ဆီးခံရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ လျှအ်စစ်ဓာတ်အားဖြတ်တောက်မှုတွေ ပြုလုပ် ခဲ့ပါတယ်။ ဒီအခြေအနေတွေကြောင့် လျှပ်စစ်မီးမှန်မှန်ရရှိရေး လူထုဆန္ဒ ဖော်ထုတ်ပွဲကို ဒီနေ့ည ၇း ၀၀ နာရီက ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းပေါ်မှာရှိတဲ့ မြို့တော်ခန်းမကား မှတ်တိုင်အနီးမှ စတင်ခဲ့ပါတယ်။ 

အွန်လိုင်းနဲ့ အသံလွှင့် မီဒီယာတွေမှ တစ်ဆင့် ဒီလူထု ဆန္ဒဖော်ထုတ်ပွဲအကြောင်း ကြားသိကြတဲ့ အလွှာအသီးသီးမှ ပြည်သူအင်အား သုံးရာ ကျော်ခန့်နဲ့ အားပေးကြည့်ရှုသူပရိသတ် ထောင်ပေါင်းများစွာတို့ဟာ ကားမှတ်တိုင်အနီး မိမိတို့ သဘောဆန္ဒအလျောက် စုရုံးရောက်ရှိလာခဲ့ကြ ပါတယ်။ ဆန္ဒဖော်ထုတ်သူများက ည ၇း ၀၀ နာရီတိတိမှာ ဖယောင်းတိုင်မီးများထွန်းညှိကာ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်၍ ဆူးလေစေတီ် ရင်ပြင်တော်ပေါ်သို့တက်ရောက် ဆီမီးပူဇော်ဆုတောင်းကြပြီး ည ၇း၃၀ မှာ အောင်မြင်စွာ လူစု ခွဲခဲ့ကြပါတယ်။ ဆန္ဒထုတ်ဖော်သူတွေထဲမှာ အင်္ဂါဝတ်ပြုဆုတောင်းအဖွဲ့က ဒေါ်နော်အုံးလှကိုလည်း တွေ့ကြရပါတယ်။

           ဒီနေ့ပွဲကို အဓိကစီစဉ်သူဖြစ်တဲ့ ကိုဟန်ဝင်းအောင်က

“ကျွန်တော်တို့ ဒီနေ့ပွဲကို ကျင်းပရတဲ့ရည်ရွယ်ချက်က ပြည်သူလူထုတွေ လိုလားတောင့်တနေကြတဲ့ လျှပ်စစ်မီး အချိန်ပြည့်ရရှိနိုင်ရေးပဲ ဖြစ်ပါတယ်။ ဘယ်အဖွဲ့အစည်းကမှ ဦးဆောင်တာမျိုး မဟုတ် ပါဘူး။ နိုင်ငံခြားကိုတောင် လျှပ်စစ်မီးရောင်းစားနိုင်နေတဲ့ အခြေအနေမှာ ကျွန်တော်တို့ ပြည်သူတွေ မီးမှန်မှန်ရသင့်ပါတယ်။ မှောင်ထဲမှာ နေနေရတာ မျိုး မဖြစ်သင့်ပါဘူး။ နိုင်ငံတော်က တာဝန်ရှိသူတွေအနေနဲ့ ဒီကိစ္စကို ပြေလည်အောင် အမြန်ဆုံး ဖြေရှင်းပေး သင့်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။ 

ဒီနေ့ပွဲကို အာဏာပိုင်တွေဘက်က ဟန့်တားဖို့ ကြိုးစားခဲ့သေးပေမယ့် မအောင်မြင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts