ဓာတ်ပုံသတင်း

San Zaw Htwe – Art Show

 

 နိုင်/ကျဉ်းဟောင်း စန်းဇော်ထွေးရဲ့ Solo Show

တာရာဝေယံ၊ ရန်ကုန်

မေ ၂၂၊ ၂၀၁၂

နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ကိုစန်းဇော်ထွေးရဲ့ တစ်ကိုယ်တော် ပန်းချီပြပွဲဖွင့်ပွဲကို ရန်ကုန်မြို့၊ ပန်းဆိုးတန်းလမ်းမှာရှိတဲ့ လောကနတ်ပန်းချီပြခန်းမှာ ဒီနေ့ နေ့လည် ၁၂း ၀၀ နာရီက ပြုလုပ်ခဲ့ပါတယ်။ ဖွင့်ပွဲမှာ ဆရာဦးထွန်းလွင်၊ ဆရာ အော်ပီကျယ်၊ ကိုမြင့်ဝင်းမောင်၊ ကိုစန်းဇော်ထွေးတို့က အမှတ်တရစကားများ ပြောကြားခဲ့ကြပါတယ်။

ဆရာအော်ပီကျယ်က အမှတ်တရစကားပြောကြားရာမှာ နံရံလေးဘက်ကြားမှာ ခန္ဒာကိုယ်ကို ချုပ်နှောင်ထားနိုင်ပေမယ့် စိတ်ခံစားမှုနဲ့ အနုပညာကိုတော့ ချုပ်နှောင်ထားလို့ မရနိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့ပါတယ်။ ဒီနေ့ပြပွဲကို ၈၈ မျိုးဆက်ကျောင်းသားများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ စာပေ ပန်းချီ အနုပညာနယ်ပယ်မှ ပုဂ္ဂိုလ်များ၊ စိတ်ပါဝင်စားသူများ ဧည့်ပရိတ်သတ် စုစုပေါင်း နှစ်ရာခန့် တက်ရောက်ခဲ့ကြပါတယ်။

ကိုစန်းဇော်ထွေးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လူငယ်)အဖွဲ့နဲ့ ဗကသတို့မှာ ပါဝင်လှုပ်ရှားခဲ့ပြီး ကိုးလေးလုံး လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့အတွက် ၁၉၉၉၊ စက်တင် ဘာ ၂၃ ရက်နေ့မှာ ဖမ်းဆီးထိန်းသိမ်းခံရပါတယ်။ ၁၉၉၉၊ ဒီဇင်ဘာ ၃ ရက်နေ့မှာ ပုဒ်မ ၅၊ ၁၇/၁၊ ၁၇/၂၀ တို့နဲ့ ထောင်ဒဏ် ၃၆ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ အင်းစိန်၊ တောင်ငူ၊ တောင်ကြီး အကျဉ်းထောင်တို့မှာ ၁၂ နှစ်ကျော် အကျဉ်းကျခံခဲ့ရပြီး  ၂၀၁၂၊ ဇန်န၀ါရီ ၁၃ ရက်နေ့ကမှ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။

  ပြပွဲမှာပြသထားတဲ့ ပန်းချီကားတွေကို တောင်ကြီး ထောင်မှာရှိနေစဉ် ရေးဆွဲဖန်တီးခဲ့တာဖြစ်ပါတယ်။ ပန်းချီကားအများစုက ကော်ဖီမစ်အိတ် ခွံ၊ မုန့်အိတ်ခွံ၊ ကြွပ်ကြွပ်အိတ် စတဲ့ စွန့်ပစ်ပစ္စည်းတွေနဲ့ပြုလုပ်ထားတဲ့ Recycle Collage Art တွေဖြစ်ပြီး ကျန်ပန်းချီကားတွေကတော့ ရေဆေးကားတွေ ဖြစ်ပါတယ်။ ပြပွဲကို မေလ ၂၅ ရက်နေ့အထိ ပြသသွားမှာဖြစ်ကြောင်း သတင်းရရှိပါတယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts