သတင်းဆောင်းပါး
MoeMaKa Reader – နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ
မိုးမခမိတ်ဆွေတဦး (ခေတ္တဖားကန့်)။ မေ ၁၉ ၊ ၂၀၁၂
ဖားကန့်မြို့ဟာ ကချင်ပြည်နယ်၊ ဥရုချောင်းဘေးနားက ကျောက်စိမ်းများ၊ ရွှေများ အကြီးအကျယ် ထွက်ရှိနေတဲ့ မြို့ကလေးဖြစ်ပါတယ်။ ဖားကန့်မြို့ရောက်ခိုက် ပတ်ဝန်းကျင်က
ကျောက်စိမ်းတူးဖော်ရာ နေရာများကို သွားရောက် လေ့လာခွင့်ရခဲ့ပါတယ်။ တသက်နဲ့တကို်ယ် မမြင်ဖူးခဲ့တဲ့ စီးပွားရေး ကျောက်တွင်းတူးလုပ်ငန်းဇုံကြီး ကို တအံ့တသြတွေ့ရလို့
ဝမ်းနည်း ၀မ်းသာ ခံစားမိပါတယ်။ ယန္တရားပေါင်း အရေအတွက် ထောင်ချီနေတဲ့ ဘက်ဖိုးလို့ ခေါ်တဲ့ မြေတူးစက်ကြီးများနဲ့ နေ့ဆိုင်း ညဆိုင်း မြေတွေကို တူးပြီး ကျောက်စိမ်းတွေ
ရှာဖွေနေကြတာ ဖြစ်ပါတယ်။ ဒါတွေကို မြင်တော့ စစချင်းမှာ တိုင်းပြည်နဲ့ လူမျိုးအားလုံးအတွက် အားတက်မိပါတယ်။
ကုမ္မဏီပိုင်ရှင်ကြီးများက ဦးစွာပထမ ကျောက်စိမ်းများကို ခေတ်မီနည်းများနဲ့ တူးဖော်ကြပါတယ်။ ကျောက်များနဲ့ ရောပြီး ထွက်လာတဲ့ မြေသားများထဲက ကျောက်စိမ်းများကို ခေတ်မီနည်းတွေနဲ့ ရှာဖွေကြပါတယ်။ ရှာဖွေပြီး ကျောက်တုံးများ ရောနေတဲ့ မြေများကို ထောင်ချီတဲ့ မြေသည်လော်လီကားကြီးများက အခြားနေရာကို သွားပြီး သို့မဟုတ် တွင်းဟောင်းများကို သွားပြီး စွန့်ပစ်လိုက်ပါတယ်။ အခုလို ၂၄ နာရီ ၇ ရက် တပတ် မရပ်မနား မြေတူးခြင်း၊ မြေသယ်ခြင်းအတွက် စက်သုံးဆီ၊ ဒီဇယ်ဆီနဲ့ ဓာတ်ဆီများကို ဂါလံပေါင်းများစွာ အများဆုံး သုံးစွဲနေတဲ့ နေရာဖြစ်တယ်လို့ သိရပါတယ်။
             စွန့်ပစ်မြေထဲက ကျောက်ခဲများနဲ့အတူ ကျောက်စိမ်းအရည်ပါတဲ့ ကျောက်ငယ်များကို ရေမဆေးကျောက်လို့ ခေါ်ကြပါတယ်။ အဲသည် အရည်အသွေးညံ့တဲ့ ကျောက်ခဲလေးများကို ဒေသခံ ဆင်းရဲသားများက အသက်စွန့်ပြီး အလုအယက်ရှာဖွေကြပါတယ်။ တောင်ကမူပေါ်က လော်ရီကားကြီးတွေနဲ့ မြေကြီးတွေကို သွန်ချရာနေရာမှာ စိန်သွားငယ်လေးတတ်ထားတဲ့ ၂ ပေခန့် ရှည်တဲ့ တုတ်ကလေးများနဲ့ ကျောက်တွေကို တဒေါက်ဒေါက်ခေါက်ပြီး ကျောက်တုံးငယ်ကလေးတွေ ရွေးချယ်ကြပါတယ်။ ညအခါမှာ ရေမဆေးကျောက်ရှာသူတွေက ဓာတ်မီးငယ်လေးများထိုးပြီး ကျောက်ရိုင်းတုံးလေးတွေ ရှာဖွေကြပြန်ပါတယ်။ ဒေသခံတဦးရဲ့ အပြောကတော့ သူတို့အတွက် ထမင်းစာကျောက်လေးတွေ ရဖို့တောင် ခဲယဉ်းလှလို့ အကျိုးအမြတ်နည်းပါးတယ်လို့ ညီးပါတယ်။ 
            စက်ယန္တရားကြီးများက ၂၄ နာရီပတ်လည် ကျောက်စိမ်းတွေ တူးဖော်နေပြီး ထွက်လာတဲ့ အဖိုးတန် ကျောက်စိမ်းတွေကို တရုတ်ပြည်ကြီးကို အများဆုံး တိုက်ရိုက်သယ်နေကြတယ်လို့ ဒေသခံတွေက ပြောပြပါတယ်။ သူတို့ပြောတာ ဖြစ်နိုင်ချေ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောက်တူးလိုင်စင်ရ ကုမ္မဏီတွေက ထောင်နဲ့ ချီပြီး ရှိပါတယ်။ အဲသည်ထဲမှာ ထိပ်တန်းလုပ်ငန်းကြီးတွေကတော့ – Ever Winner ဖြစ်ပါတယ်။ ဒုတိယတန်းအကြီးစားတွေက – ရတနာရောင်ခြည်၊ ဆဲဗင်းစတား၊ မြန်မာတကောင်း ခေါ် ရာဇဋ္ဌာနီ၊ ကျော်နိုင်နဲ့ညီများ၊ နဲ့ ရတနာသိဒ္ဓိ စတဲ့ ကုမ္မဏီကြီးများ ဖြစ်ပါတယ်။ တတိယအဆင့်လုပ်ငန်းကြီးများကတော့ သံလွင်တောင်တန်း၊ မြန်မာ့ဂုဏ်ရည်၊ မက်စ်မြန်မာ နဲ့ စိမ်းရွှေဝါတို့ ဖြစ်ကြပါတယ်။ အဲသည်ကုမ္မဏီကြီးများရဲ့ ပိုင်ရှင်တွေက အများစုဟာ တရုတ်လူမျိုးတွေ ဖြစ်ပါတယ်။ မြန်မာပိုင်လုပ်ငန်း အလွန်နည်းပါတယ်။
            ဒေသခံအချို့က ပြောဆိုတာကတော့ အကျိုးအမြတ်တွေကို “နိုင်ငံတော်”က အနည်းငယ်ပဲ ခံစားခွင့်ရှိပြီး လုပ်ငန်းကို လည်ပတ်နေတဲ့ တရုတ်သူဋ္ဌေးများရဲ့ လက်ဝါးကြီးအုပ်ထားမှုတွေနဲ့ လက်ရှိဒေသမှာ အုပ်ချုပ်နေတဲ့ အာဏာပိုင် အဖွဲ့များ၊ လက်နက်ကိုင်အဖွဲ့များက ဆက်ကြေး၊ အကောက်နဲ့ အခွန်တွေ ရယူနေကြတယ်လို့ ဆိုပါတယ်။
            “ကေအိုင်အေလက်နက်ကိုင်တွေကို ရတနာတွင်း တူးတဲ့သူတွေဖက်က တမှော်လျင် သိန်း ပေါင်း ၂ သောင်း ဆက်ကြေးပေးနေရတယ်လို့လည်း သတင်းတွေ ထွက်နေတယ်”
            လို့ အိမ်ခံတဦးက သူကြားတဲ့အကြောင်းကို ပြောပါတယ်။
            “ဒီမှာက နယ်မြေကို စိုးမိုးထားတဲ့ လက်နက်ကိုင်တွေကို ဆက်ကြေးပေးရတာက မဆန်းပါဘူး။ အရင်က တနှစ်ကို တခါပဲ ပေးရတယ်။ အခုကျတော့ ဆက်ကြေးတွေကို
မြို့တွေပေါ်မှာအထိ အကြိမ်ကြိမ် တောင်းတာတွေ ရှိတယ်။ တဖက်ဖက်ကို တိုင်လိုက်ရင်လည်း အသက်အန္တရာယ်ပေးတဲ့အထိ ဖြစ်တော့ အားလုံးမှာ လူ့အခွင့်အရေးတွေ ဆိတ်သုံးနေတယ်လို့ ပြောချင်တယ်”
            ဆိုပြီး သူ့အမြင်ကို ပြောပြပါတယ်။
            လူမျိုးခြားတွေပိုင်တဲ့ ကုမ္မဏီကြီးတွေဖြစ်တဲ့အတွက် မြေများကို မဆင်မခြင်တူး၊ ဒေသခံတွေဖက်မှာလည်း အကာအကွယ်ပေးတဲ့ ဥပဒေစိုးမိုးမှု ငြိမ်းချမ်းမှုတွေကလည်း
နတ္ထိ၊ တောင်များမှာ မြေပြိုတာတွေ မြေပိတာတွေ မိုးတွင်းကာလမှာ အများအပြား ဖြစ်ပွားတယ်လို့ သိရပါတယ်။ တနှစ်တနှစ်မှာ သေဆုံးပျက်စီးရသူ တိုင်းရင်းသားတွေ ထောင်ချီရှိပါတယ်။ မြို့ထဲက အိမ်တွေ လမ်းတွေမှာလည်း ရွှံ့တွေ နုံးတွေနဲ့ ပျက်စီးရပါတယ်။  ရွှံ့နွံတွေ ဖုံးပြီး ဖားကန့်မြို့နယ်၊ ဆိတ်မူရွာက ဓမ္မာရုံကြီးနဲ့ ဘုရားဆင်းတုကြီး မြေအောက် ပေ ၂၀လောက် နစ်မြုပ်သွားတာကို တွေ့ခဲ့ရပါတယ်။
သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Similar Posts
2 thoughts on “MoeMaKa Reader – နိုင်ငံရေးကျိန်စာသင့်နေတဲ့ ဖားကန့်နယ်မြေ
  1. သို့
    မြန်မာနိုင်ငံမှ သဘာဝသယံဇာတ အများဆုံးရှိသည့် တိုင်းပြည်မှာ ကချင်ပြည်နယ်ဖြစ်၏..ထို့်ကြောင့် မြန်မာအစိုးရ နှင့် တရုတ်စီးပွါးသမားများ၏ မနာလိုလောဘများကြောင့် ကချင်ဒေသခံတွင်မှာ နိုင်ငံရေးကျိန်စာသင့်ခြင်းခံနေသည်ဟု ယူဆနိုင်ပါသည်။
    (ဆယ်လ်မွန်)
  2. So what to do now with that, Mennnnnnnnnnn?
    Where is the parliament?
    Where is the Burma National Army which they say is founded and is still saving the country & its people from any kind of danger?
    Northern Burma is under destruction now.
    And where are they?
    What are they doing?
    Saving the money for the family?
Comments are closed.