ရေခြားမြေခြား မြန်မာများ

Zawari – မယ်ရီလန်း ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ ညစာစားပွဲ – မင်္ဂလာ သောကြာနေ့ ~ Good Friday


ဇာဝါရီ။ မေ ၁၇၊ ၂၀၁၂
အမေရိကန်အရှေ့ ဖက်ခြမ်း မဟာဝါရှင်တန်မြို့ တော်ကို အနောက်ဖက်ခြမ်း အာရီဇိုးနားပြည်နယ်၊ ဖီနစ်မြို့ မှ ယူအက်စ်အေ လေကြောင်းလိုင်းနဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့၏ ဂုဏ်ထူးဆောင် ဧည်သည်တော် ကိုကျော်သူ နဲ့ ချစ်ဇနီး မရွှေဇီးကွက် (နာရေး ကူညီမှုအသင်း – ရန်ကုန်) တို့ မေလ (၁၅) ရက် အင်္ဂါနေ့ ညပိုင်း (၁၁) နာရီမှာ မယ်ရီလန်းပြည်နယ် ဘောလ်တီမိုးလေဆိပ်ကို ချောချောမောမော ရောက်ရှိလာခဲ့တယ်။ ပြည်သူ့ဂုဏ်ရည် (သုံးပြည်နယ်၊ Tri-states: DC, MD, VA) အဖွဲ့ဝင်များက ဧည်သည်တော် ချစ်ဇနီးမောင်နှံကို ဝမ်းပန်တသာ လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြတယ်။
ယနေ့ နဲ့ မနက်ဖြန် ပြည်သူ့ဂုဏ်ရည်အဖွဲ့ တာဝန်ခံ ကိုနေလင်း နဲ့ မတင်မိုးအေး တို့ စံအိမ်တော်မှာ ဧည်သည်များ တည်ခိုကြပြီး ဝါရှင်တန်မြို့ တော်ရှိ သမ္မတအိမ်ဖြူတော်၊ လွှတ်တော်အဆောက်အဦး၊ ဝါရှင်တန်ကျောက်တိုင်၊ သမ္မတကြီး ဂျက်ဖာဆင်၊ လင်ကွန်း အထိမ်းအမှတ် အဆောက်အအုံများ နဲ့ အနီးပတ်ဝန်းကျင်ရှိ များပြားလှတဲ့ သမိုင်းဝင်နေရာများကို
အချိန်ယူ သွားရောက်လေ့လာကြည့်ရှု လည်ပတ်ခြင်း နဲ့ မိတ်ဆွေသင်္ဂဟများနဲ့ တွေ့ဆုံမှုများကို ပြုလုပ်သွားပါလိမ့်မယ်။ ပန်းသတင်း လေညှင်းဆောင် လူသတင်း လူချင်းဆောင် ဆိုစကားအတိုင်း သူတို့ဇနီးမောင်နှံ ရောက်လာမယ့်သတင်းကို ကြားသိချိန်ကတည်းက သူတို့ကို တွေ့ချင်မြင်ချင်၊ နှုတ်ခွန်းဆက်ချင်သူများကြောင့် သူတို့ နားချိန်ရှိပါ့မလားလို့ ဧည်ခံစီစဉ်သူများ အနည်းငယ် စိုးရိမ်နေမိကြတယ်။
မိုင်ပေါင်းများစွာ အလှမ်းဝေးတဲ့ မိခင်မြန်မာပြည်မှနေ ခရီးလှမ်းလာခဲ့ပြီး အမေရိကန်ပြည်ထောင်စုအနှံ မနားမနေ ခရီးဆက်နေတဲ့ သူတို့ဇနီးမောင်နှံနဲ့ တမြေခြားမှာ နှစ်ပေါင်းများစွာ အနေဝေးနေကြတဲ့ မြန်မာမိသားစုများ တွေ့ဆုံနိုင်ဖို့  စီစဉ်လုပ်ကိုင်ပေးနေကြတဲ့ ပြည်နယ်အသီးသီးမှာရှိနေကြတဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ဝင်များ၏ ကြိုးပမ်းမှုက အထူးအားရဖွယ် ကောင်းလှပါတယ်။ အနောက်ဖက်ခြမ်း ပြည်နယ်မြို့ များမှ မိသားစုများနဲ့ တွေ့ဆုံပြီးနောက် ဒီတပတ် သောကြာနေ့၊ မတ်လ (၁၈) ရက်နေ့ ညနေမှာတော့ မျှော်လင့်စောင့်စားနေကြတဲ့ မဟာဝါရှင်တန်မြို့ တော်တဝိုက်နေ မြန်မာမိသားစုများနဲ့ ဆုံဆည်းနိုင်ဖို့ ကျနော်တို့ပြည်နယ် ပြည်သူ့ဂုဏ်ရည်အဖွဲ့ အကျိုးဆောင်အဖွဲ့ဝင်များက ညနေစာစားပွဲ အခမ်းအနားတခု စီစဉ်ထားပါတယ်။
ပြည်သူ့ဂုဏ်ရည် ရန်ပုံငွေ ညစာစားပွဲ နဲ့ အထူးဧည်သည်တော် ကိုကျော်သူ၊ မရွှေဇီးကွက်တို့နဲ့ တွေ့ဆုံပွဲ အခမ်းအနားကို မယ်ရီလန်းပြည်နယ် Silver Spring မြို့ လယ် ဧည်ခန်းမမှာ ကျင်းပပြုလုပ်သွားပါမယ်။ အခမ်းအနားကို ညနေ (၆း၃၀) မှာ ဖွင့်လှစ်ပြီး နှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ပြည်သူ့ဂုဏ်ရည်အကြောင်း ရှင်းလင်းမိတ်ဆက် ပြောဆိုခြင်း၊ ညနေစာ စားသုံးခြင်း၊ ကိုကျော်သူ၏ အနုပညာ ဘဝဇာတ်ကြောင်း နဲ့ နာရေးကူညီမှုအသင်းအကြောင်း မှတ်တမ်းရုပ်ရှင်များ ပြသခြင်း၊ ကိုကျော်သူ နဲ့ မရွှေဇီးကွက် တို့က နာရေးကူညီမှုအသင်း
နဲ့ တခြား လူမှုရေးလုပ်ငန်းများ လုပ်ကိုင်လှုပ်ရှားမှုအကြောင်း တင်ပြပြောဆိုခြင်း၊ အခမ်းအနား ဖြစ်မြောက်ရေး တာဝန်ခံတဦးမှ ကျေးဇူးတင်စကားပြောဆိုခြင်း နဲ့ တက်ရောက်လာကြတဲ့ ဧည်သည်များ အလှူငွေများ ပေးလှူခြင်း၊ ကိုကျော်သူတို့ ဇနီးမောင်နှံနဲ့ ဧည်သည်များ နှုတ်ဆက်စကားပြောဆို၊ ဓါတ်ပုံများ ရိုက်ကူးခြင်းများ စတဲ့ အစီအစဉ်များကို ည (၉း၃၀) အထိ စည်းကားစွာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။
အာဏာပိုင်များ၏ ဖိနှိပ်မှု၊ တားဆီးကန့်သတ်မှုများအောက် နဲ့ မြန်မာလူမျိုးတို့၏ အယူသည်းအစွဲအလန်းများကို တိုက်ဖျက်ရင် မွန်မြတ် ခိုင်မာသော စိတ်ဓါတ်ခွန်အားတို့နဲ့ အများကောင်းကျိုး သယ်ပိုးနေတဲ့ ဂုဏ်ထူးဆောင်ဇနီးမောင်နှံနဲ့ ဆုံတွေ့ခွင့်ရခြင်းဟာ ကျနော်တို့ မြန်မာမိသားစုများအတွက် ကောင်းသောမင်္ဂလာတပါး ဖြစ်ပေတော့သည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts