ကဗျာ

စီးချင်းထိုးအိမ်မက်စစ်

နိုင်ဦးညို (ဖိုးဇီးရိုး)
မေ ၁၅၊ ၂၀၁၂

တရားတယ်
မတရားတယ်
မသိဘူး
စစ်ပွဲတွေတော့
တန်းစီနေတာဘဲ …။

တစ်ပွဲပြီးတစ်ပွဲ
ပြီးတယ်ကို
မရှိနိုင်ဘူး
ကမ္ဘာဦးကစ
တိုက်လာတဲ့စစ်ပွဲတွေ
ရှုံးသူကခံစတမ်း
ချုပ်လိုက်ကြတဲ့စာချုပ်
စစ်ပြေငြိမ်းဖို့
ရန္တပိုကနေ ဗားဆိုင်း
ဒါပေမဲ့ ဒါပြီးရင်
နောက်တစ်ပွဲအတွက်
အသင့်ပြင်ထားသလို
သာစဉ်မြေးဆက်
လျှော်ကြေးပေးဖို့
ရက်စက်ဖို့အမွေဆိုး
လက်ဆင့်ကမ်း
လက်စားချေဖို့
မှာထားခဲ့သလိုဘဲ …။

ဘာသာရေးအကြောင်းပြ
လူမျိုးရေးအကြောင်းပြ
နိုင်ငံရေးအကြောင်းပြ
နယ်မြေလုကြရင်း
တကယ်တမ်းတော့
အတ္တအကြောင်းပြု
ဂဲနဲ့ထုတာကအစ
မင်းကဘာကောင်မို့လဲ
ချကြတဲ့စိတ်တွေ
ဘယ်တရားဟောတာကိုမှ
လက်မခံချင်ဘူး …။

မြှောက်တဲ့သူကမြှောက်ပေး
ရောင်းတဲ့သူက
ဂျင်ကလိရော
တိုက်ချင်းပစ်ဒုံးပျံရော
ဓာတုလက်နက်ရော
နျူကလီးယားရော
ရရာတီထွင်ပြီး
ဈေးကွက်ရှာရောင်း
စီးပွာပျက်ကပ်
ဆိုက်ချင်ဆိုက်
ငါစီးပွားတက်ဖို့
အရေးကြီးဆုံးဘဲ
စစ်နိုင်ဖို့ဆိုရင်
နှမပေးချင်တဲ့
ယောက်ဖတွေလည်း
အများကြီးဘဲ
ခင်ဗျားတို့ကျုပ်တို့
ဒုက္ခလှလှရောက်ရတာ
ဒီစစ်ပွဲတွေကြောင့်ဘဲ …။

ဒီစစ်ပွဲတွေချက်ချင်းရပ်
ဒီစစ်ပွဲတွေချက်ချင်းရပ်
ဒီစစ်ပွဲတွေချက်ချင်းရပ် …။

ပြောသာ ပြောရတာ
ဒီည …. ကျုပ်အိမ်မက်ထဲမှာ
ဘယ်သူနဲ့များ
စီးချင်းထိုးရအုံးမှာလဲ မသိဘူး ….။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts