Uncategorized

သတင်းပဒေသာ – အမာရီလို ဇေယျသုခ ကထိန်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပ

အမာရီလို ဇေယျသုခ ကထိန်ပွဲ ခြိမ့်ခြိမ့်သဲ ကျင်းပ
မိုးမခအထောက်တော်
နိုဝင်ဘာ ၁၉၊ ၂၀၁၃

အမေရိကန် ပြည်ထောင်စု တောင်ဖက်ခြမ်း တက္ကဆက်ပြည် အမာရီလိုမြို့ ဇေယျသုခ ဓမ္မရိပ်သာ မြန်မာထေရ၀ါဒ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း၌ တတိယအကြိမ်မြောက် စုပေါင်းမဟာ ဘုံကထိန်ပွဲတော်ကို နိုဝင်ဘာလ ၁၇ ရက် တနင်္ဂနွေနေ့ တွင် နံနက် ၁၁ နာရီမှ ညနေ ၄ နာရီထိ စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပခဲ့ကြကြောင်း သတင်းရရှိသည်။
ကထိန်ပွဲတော်သို့ ပင့်သံဃာ ၂ ပါး၊ အမာရီလိုမြို့ နှင့် အနီးတ၀ိုက် မြို့ များဖြစ်သည့် ဒူးမာ့စ်၊ ခက်ထက်၊ ကင်ရွိင်၊ လက်ဘရက်၊ ဂါရင်းစီးတီးနှင့် ကင်ဆာ့မြို့ များမှ လူပရိတ်သတ်အနည်းဆုံး ၃၀၀ ခန့်  တက်ရောက်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
ပင့်သံဃာ ၂ ပါးဖြစ်ကြသော အမာရီလိုမြို့ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်၊ အမာရီလိုမြို့ ထီဆယ်မယ်ရွာ ထေရ၀ါဒ ဗုဒ္ဓဘာသာ ကရင်ဘုန်းတော်ကြီးကျောင်း၏ ကျောင်းထိုင်ဆရာတော်များနဲ့ အတူ ဇေယျသုခ ဓမ္မရိပ်သာ ဘုန်းတော်ကြီးကျောင်းတွင် လက်ရှိ သီတင်းသုံး သာသနာပြုလျက်ရှိသော သံဃာတော် ၄ ပါး၊ စုစုပေါင်း သံဃာတော် ၆ ပါးတို့ အား မဟာဘုံကထိန် အဟာရဒါန ကျွေးမွေးရေး အလှူရှင်များက စုပေါင်းဆွမ်း ဆည်းကပ်ပူဇော်ကြခဲ့ကြပြီး အနီးတ၀ိုက် မြို့ များဖြစ်သည့် ဒူးမာ့စ်၊ ခက်ထက်၊ ကင်ရွိင်၊ လက်ဘရက်၊ ဂါရင်းစီးတီးနှင့် ကင်ဆာ့မြို့  များမှ ကြွရောက်လာကြသည့် မြန်မာတိုင်းရင်းသား မိသားစုများကိုလည်း ရိုးရာ အစားအသောက်မျိုးစုံဖြင့် ကျွေးမွေးဧည့်ခံခဲ့ကြကြောင်း သိရှိရသည်။
 မွန်းလွဲ ၁ နာရီခန့် တွင် သံဃာတော် အရှင်သူမြတ်များက သိမ်ဝင် ကထိန်ကံဆောင်ကြကာ ကထိန်အောင် သိမ်အထွက်တွင် စေတနာရှင် အလှူရှင်များက သိမ်ဆွမ်း လောင်းလှူခဲ့ကြသည်။
မွန်းလွဲ ၁ နာရီခွဲခန့် တွင် ကထိန်ပဒေသာများ၊ ကထိန်သင်္ကန်းများ နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ ကို အိုးစည် ဒိုးပတ်ဝိုင်းများနဲ့  ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လှည့်လည်ပူဇော်ခံကြပုံကို ဘုံကထိန်ပွဲတော်သို့  ရောက်ရှိ သတင်းယူနေသည့် မိုးမခ အထောက်တော်က ယခုလို ပြောဆိုသည်။
“ကထိန်ပဒေသာပင် အကြီး အငယ် အရွယ်အစားမျိုးစုံတွေ အတော့်ကို ပါဝင်ကြပါတယ်။ ဒီဘုန်းကြီးကျောင်းကို ဗုဒ္ဓဘာသာ မြန်မာတိုင်းရင်းသားပေါင်းစုံက ကိုးကွယ်နေကြတာဆိုတော့ တိုင်းရင်းသားပေါင်းစုံက မတူကွဲပြားခြားနားကြတဲ့ ပဒေသာပင်အလှမျိုးစုံတွေ ကိုယ်စီနဲ့ အတူ ပအို့ ဝ်တိုင်းရင်း သားတွေက အိုးစည် ဒိုးပတ် ဓားသိုင်း အက၀ိုင်းတွေနဲ့  နေ့ လည် ၁ နာရီခွဲခန့် မှာ ဘုန်းတော်ကြီးကျောင်းဝန်းအတွင်းကို လက်ဝဲရစ် လှည့်လည်ပူဇော်ခံကြပါတယ်။ ခြိမ့်ခြိမ့်သဲ စည်ကားလှပါတယ်” ဟု မိုးမခ အထောက်တော်က ပြောဆိုသည်။
ကထိန်ပဒေသာများ၊ ကထိန်သင်္ကန်းများ နှင့် လှူဖွယ်ဝတ္ထု အစုစုတို့ ကို အိုးစည် ဒိုးပတ်ဝိုင်းများနဲ့  ဘုန်းတော်ကြီးကျောင်းဝန်းအတွင်း လှည့်လည်ပူဇော်ခံကြပြီးနောက် မွန်းလွဲ ၂ နာရီခန့် တွင် ဇေယျသုခ ကျောင်းထိုင်ဆရာတော် အရှင်နန္ဒ၀ံသက ကထိန်ခင်းရခြင်း အကြောင်းနဲ့ ကထိန်ခင်းရခြင်း၏ အကျိုးကျေးဇူးများကို အနည်းငယ်ရှင်းလင်း မိန့်  ကြားပြီးနောက် အလှူရှင်များက ကထိန်လျာသင်္ကန်း နှင့် လှူဖွယ်ဝတ္ထုအစုစုတို့ ကို ဆည်းကပ် လှူဒါန်းကြကာ ရေစက်ချ အမျှပေးဝေခဲ့ကြသည်။
ကထိန်အောင်ပွဲအထိမ်းအမှတ် အစီအစဉ်အနေဖြင့် အမာရီလိုမြို့  ယဉ်ကျေးမှုအနုပညာအဖွဲ့ မှ ပွဲလာဧည့်ပရိတ်သတ်အပေါင်းတို့အား ပဒေသာမျိုးစုံ အကအလှများနဲ့ အောင်ပွဲခံ ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရှိရသည်။
ကထိန်ပွဲတော်ကို မူလက စနေနေ့ နှင့် တနင်္ဂနွေနေ့ ၂ ရက်တိုင်တိုင် ကျင်းပရန် စီစဉ်ထားခဲ့သော်လည်း စနေနေ့ တွင် စက်ရုံ အလုပ်ရုံ မြန်မာလုပ်သားများ အလုပ်ဆင်းကြရသဖြင့် တနင်္ဂနွေနေ့ တရက်တည်းတွင်သာ ကျင်းပပြုလုပ်ခဲ့ကြကြောင်း စုံစမ်းသိရှိရသည်။
ဗုဒ္ဓဘာသာ အစဉ်အလာအရ ဝါတွင်း သုံးလပတ်လုံး ဝါမကျိုး မပျက်ဘဲ ပဝါရဏာပြုသော ရဟန်းရှိရာ ကျောင်းတိုက်တွင် သီတင်းကျွတ် လပြည့်ကျော် ၁ ရက်နေ့မှ တန်ဆောင်မုန်း လပြည့်နေ့အထိ ကထိန် ခင်းကြခြင်းဖြစ်သည်။

ထိုသို့ ကထိန်ခင်း၍ သံဃာတော်များအား ကထိန်သင်္ကန်း ကပ်လှူခြင်းကို မြန်မာနိုင်ငံတွင် ပုဂံခေတ်က ပင် အစပြုခဲ့ကြကြောင်း စာပေ ကျမ်းဂန်များအရ သိရှိရသည်။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts