ရသဆောင်းပါးစုံ

မီးတိုင်အောက်မှာ ကခုန်ကြသူများ

ဖိုးထက်
မေ ၁၁၊ ၂၀၁၂
ဒီကမ္ဘာလောကကြီးပေါ်မှာ လူသားတွေ သုံးနှုန်းတဲ့ဘာသာစကားတွေထဲမှာ သင်ယူ၊ တတ်မြောက်ဖို့ အခက်ဆုံးဘာသာစကားတွေကို ပညာရှင်တွေ သုတေသနလုပ်ပြီးထုတ်ပြန်တာကို တလောက အင်တာနက်မှာ ဖတ်လိုက်ရတယ်။ အာရဗီဘာသာစကားက အခက်ဆုံးလို့ ပြောပါတယ်။ သူ့နောက်ကမှ ဂျပန်၊ တရုတ်၊ ကိုရီးယားလို့ သတ်မှတ်ကြပါတယ်။

သူများတွေဘာသာစကားတော့ မပြောတတ်ဘူး။ “သုည” လို ၀န်းဝန်းဝိုင်းဝိုင်းတွေများတဲ့ မြန်မာဘာသာစကားကတော့ ဝေါဟာရကြွယ်၊ ရှုပ်တာကိုတော့ ပညာရှင်မဟုတ်တဲ့ ကျနော်က မှတ်ချက်ပေးချင်သားဘဲ။ ဦးဖေမောင်တင်၊ ဆရာကြီး မင်းသုဝဏ်၊ ဆရာကြီး ဇော်ဂျီတို့ ခေါင်းဆောင်တဲ့ ပညာရှင်အဖွဲ့ကဦးဆောင်ပြီး ဘာသာပြန်ပေးခဲ့တဲ့ ရူပဗေဒ၊ ဓာတုဗေဒ၊ ဇီဝဗေဒ၊ ဂြိုဟ်တု စတဲ့ မြန်မာမှုပြုမှုတွေက မြန်မာစကား ဝေါဟာရကြွယ်တာကို သက်သေပြနေတယ်လို့ ထင်ပါတယ်။ ပညာရှင်ဦးစားမပေး၊ ပညာရှင်မတိုင်ပင်ဘဲ လူညီရင် “ဤ” ကို “ကျွဲ” ဟုဖတ်ဆိုပြီးလုပ်ခဲ့ကြတော့ ကျနော်တို့ခေတ်မှာ မွေးစားစကားလုံးတွေ များလာတယ်လို့မြင်ပါတယ်။ သတင်းနည်းပညာခေတ် ဆိုတဲ့ ထောင့်တောင့်တောင့် တိုက်ရိုက်ဘာသာပြန်စကားလုံးတွေကို သိပ်သဘောမတွေ့လှဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတာကို ကမ္ဘာ ရွာကြီးဆိုပြီးသာသာပြန်တာလဲ အဖြေအတိအကျမပေးနိုင်တဲ့ ကျနော်က သဘောမကျချင်ပြန်ဘူး။

မြန်မာဘာသာစကားသင်ယူမယ့်နိုင်ငံခြားသားတွေအတွက် ပြောတတ်၊ ဆိုတတ်ရှိချင်သာ ရှိလာမယ်။ ကျနော်တို့လူငယ်တွေပြောနေတဲ့ ကွိုင်ဘဲ၊ ချီးထုပ်၊ ဘဲကြီး၊ ငကြောင်၊ အရမ်းပြိုင်းတယ် စတဲ့ မြန်မာစကားလုံးဗန်စကားတွေကြားထဲမှာ သူတို့ရူးသွားနိုင်ပါတယ်။ ပြီးတော့ မြန်မာဘာသာစကားမှာ ၀ိဝါဒကွဲစရာ၊ ဆန့်ကျင်ဘက်အဓိပ္ပါယ်တွေရှိတတ်တဲ့ စကားပုံတွေ၊ အဆိုအမိန့်တွေလဲ ရှိတယ်မို့လား။ ဥပမာအားဖြင့် “တစ်ရွာမပြောင်း သူကောင်းမဖြစ်” နဲ့ “သေချင်တဲ့ကျား တောပြောင်း” ဆိုတဲ့ စကားပုံနှစ်ခုဆိုရင် မျက်စိလည်စရာ၊ စိတ်ရှုပ် စရာကြီးပါ။

ကျနော်တို့ ခေါင်းဆောင် လူကြီးတွေနဲ့ ကိုက်ညီတဲ့ မြန်မာစကားတွေကိုလဲ သတိထားမိပါသေးတယ်။ “ငါ့မြင်းငါစိုင်း စစ်ကိုင်းရောက်ရောက်”၊ “ဟိုကွေ့ ဟိုတက်နဲ့လှော်၊ ဒီကွေ့ ဒီတက်နဲ့ လှော်”၊ “ မီးစင်ကြည့် က” စတဲ့ စီမံခန့်ခွဲမှု အားနည်းတဲ့ မြန်မာလူမျိုးတွေစရိုက်ကို ပြနေတဲ့ စကားလုံးတွေပါ။ အခု လက်ရှိ မြန်မာပြည်ကြီးရဲ့ သတင်းတွေ ဖတ်ရင်းနဲ့ ကားတင်သွင်းခွင့် သတင်းတွေကို ဖတ်ရတော့ “ မီးစင်ကြည့် ကကြ တာပေါ့” ဆိုတဲ့ စကားကို သတိရမိတယ်။

မြန်မာပြည်ကားကိစ္စက နိုင်ငံခြားသားတွေအတွက် မျက်စိနှစ်လုံးကျွတ်ထွက်လောက်အောင် အံ့သြချင် အံ့သြကြပါမယ်။ ကျနော်တို့အ တွက်ကတော့ မထူးဆန်းတာ ဆယ်စုနှစ်ပေါင်းများစွာကတည်းကဆိုတော့ အသားတောင်ကျနေပါပြီ။ အခွင့်ထူးခံလူတန်းစား၊ ဖြတ်စား လျှပ်စားလူတွေ လက်ဝါးကြီးအုပ်ထားတဲ့ကိစ္စကြီးဆိုတော့ တရားတယ်၊ မတရားဘူးဆိုတာလဲ ကျနော်တို့လို ဘတ်စ်ကားတိုးစီးနေတဲ့ လူတွေအတွက် သိပ်တော့လဲမထူးခြားပါဘူး။ ပြည်သူလူထုအပေါ်မှာ စေတနာရှိတယ်လို့ထင်ရတဲ့ အစိုးရအပြောင်းအလဲမှာမှ ပြည်သူပြည် သားတွေက ကားဆိုတာ ဇိမ်ခံပစ္စည်းအနေနဲ့ မသုံးလဲရတယ်။ သွားရေး၊ လာရေးလွယ်ကူအောင်သုံးလို့ရတဲ့ လူတွေတီထွင်ထားတဲ့ အ ရာလို့ မြင်လာတတ်ကြတာပါ။

ကားမဆိုထားဘိ စက်ဘီးတောင် ကောင်းကောင်းမထုတ်နိုင်တဲ့ ရွှေပြည်ကြီးမှာ သူများနိုင်ငံတွေတီထွင်သမျှ သွားရေတွေကျနေရုံကလွဲပြီး ဘာမှလဲ မတတ်နိုင်ပါဘူး။ ကျွန်းသစ်၊ ရေနံ၊ သဘာဝဓာတ်ငွေ့စတဲ့ သံယံဇာတတွေ အားကိုး၊ ရောင်းစားပြီး တစ်ရာရင်းရင် တစ်ထောင် မြတ်ချင်တဲ့ လူတစ်စုလက်ထဲမှာသာ ကားဈေးကွက်ကြီးကရှိနေတာဆိုတော့ ဘာပြောလို့ရမှာလဲပေါ့။ သန့်ရှင်းတဲ့အစိုးရ၊ တာဝန်ယူတဲ့ အစိုးရ၊ ပြည်သူပြည်သားတွေကို မိဘတွေလို့ခေါ်လာတဲ့ခေါင်းဆောင်ကြီးတွေရဲ့ ခေါင်းဆောင်မှုအောက်မှာ မြန်မာပြည်ကားဈေးကွက်က လူတိုင်း ခေါင်းထောင်ကြည့်လို့ရပါလားဆိုတဲ့အသိလေးတွေ ၀င်လာကြတာပါ။

မရှိမဲ့ ရှိမဲ့ ကျောတသပ်သပ်၊ ရင်တသပ်သပ်လုပ်နေရတဲ့ ကားအို၊ ကားဟောင်းတွေနဲ့လဲပေးတဲ့ ကားတင်သွင်းခွင့် ပါမစ်တွေ အပြောင်း အလဲမှာ ချီးဟဲ့ ငှားဟဲ့လုပ်နေရတဲ့လူတွေရှိသလို အကြီးအကျယ်ပွပေါက်တိုးသွားတဲ့လူတွေရှိတယ်ဆိုတဲ့အသံတွေလဲ ကြားရတာ မထူး ဆန်းပါဘူးလေ။လူအမျိုးမျိုး စိတ်အထွေထွေဆိုသလိုအသံဗလံတွေအများကြီးနဲ့ ကားကိစ္စမှာ ပြဿနာတွေတထွေးကြီးဖြစ်နေတာလဲ ကြားရတာ စိတ်မချမ်းသာဖို့ကောင်းပါတယ်။ အပြောင်းအလဲတွေ ကြားထဲမှာ “ဘာလုပ်ရမှန်းတောင် မသိတော့ဘူး၊ သိမ်းချင်လဲသိမ်း တော့၊ သတ်ချင်လဲ သတ်သာပစ်လိုက်ကြပါတော့” ဆိုတဲ့ ကားနဲ့ ရိုးရိုးသားသားစီးပွားရေးလုပ်နေတဲ့လူတွေရဲ့ အသံတွေကြားတော့ ဘတ်စ် ကားတိုးစီးနေတဲ့ ကျနော်က အတူသာ လိုက်ငိုချင်မိလာတယ်။

တစ်နှစ်မပြည့်ခင်အတွင်းမှာ ဥပဒေတွေအမျိုးမျိုး၊ သတင်းသဲ့သဲ့သံတွေအဖုံဖုံတွေကြားလာရတော့ အခုနက ကျနော်ပြောခဲ့တဲ့ မြန်မာစကား တွေထဲက “မီးစင်ကြည့်ကကြတာပေါ့” ဆိုတဲ့ မြန်မာစကားကို သတိရလာတယ်။ အဲဒီစကားက ရှေးခေတ် မြန်မာ့ဇာတ်သဘင်လောက က ပေါက်ဖွားလာတယ်ထင်ပါတယ်။ ရွှေပွဲလာပြည်သူတွေအတွက် ရသမျှအလင်းရောင်လေးကို အသုံးချပြီး အကောင်းဆုံး ကပြဖျော်ဖြေကြစို့လို့ ပြောတယ်ထင်ပါတယ်။ ကားကိစ္စကို မြင်ရ၊ ကြားရတဲ့ ကျနော့်အတွက်ကတော့ အဲဒီစကားလုံးကြီးက စီမံခံ့ခွဲမှု ညံ့ဖျင်းတာ၊ မလုပ်တတ်၊ မ ကိုင်တတ်တာ၊ Plan မရှိတာလို့ဘဲ မြင်ပါတယ်။

ဒီဒွန်င်္ဒြရာ (စလုံးပေါင်းပြန်ကြည့်ရန်) ကြီးထဲက အောင်မြင်တဲ့ အဖွဲ့အစည်းမှန်သမျှ Plan A၊ Plan B ဆိုပြီး ကိုယ့်အဖွဲ့အစည်းနဲ့ ကိုယ်၊ ကိုယ့် ရည်မှန်းချက်နဲ့ကိုယ် အကောင်းအဆုံးနည်းလမ်းတွေကို ရွေးချယ်ကြပါတယ်။ အကယ်၍ဆိုပြီး Plan B ကိုထားတတ်ကြပေမယ့် Plan A မှာ သာ အကောင်းဆုံး၊ အထိရောက်ဆုံးနည်းလမ်းတွေကိုသုံးပြီး အကောင်အထည်ဖော်ကြတာပါ။ ဒါကြောင့် Plan A ကို ရေးဆွဲကြတဲ့အခါမှာ တတ်သိနားလည်တဲ့ သက်ဆိုင်ရာနယ်ပယ်မှာ အံတိုနေတဲ့ ပညာတတ်လူတွေ၊ အဖွဲ့အစည်းတွေနဲ့ပူးပေါင်းပြီး ပုံဖော်ထုဆစ်ကြတယ်လို့ နားလည်ထားပါတယ်။ “စေတနာဘယ်လောက်ရှိရှိ ပညာကပ်မလိုက်ရင် ဝေဒနာဖြစ်သွားတတ်တယ်” ဆိုတဲ့ လူကြီးမိဘ ပညာရှိတွေ ပြော စကားက သိပ်မှန်တာဘဲလို့ တွေးမိပါတယ်။

ကျနော်တို့ သမိုင်းစာမျက်နှာတွေပေါ်မှာရှိတဲ့ ဆင်ပေါ်က သက်ဦးဆံပိုင်မင်းတရားကြီးနဲ့ ဆီသယ်မကြီးအဖြစ်အပျက်ကို လူတိုင်းသိကြမှာ ပါ။ “ငါဆင်ချွန်းအုပ်တာကျွမ်းလို့ နင်မသေတာ” လို့ ကြွားတဲ့ ဘုရင်ကြီးကို “ အိုတော်..ကျွမ်းကျင်ရာ လိမ္မာရာပေါ့” ဆိုပြီး ဆီကို မဖိတ်မစင် အောင် သပ်သပ်ရပ်ရပ်ထည့်ပြတဲ့အဖြစ်အပျက်မှာ မိမိအမှားကို မိမိဝန်ခံတဲ့ သူတော်ကောင်းဘုရင်ကြီးကို ချစ်ရသလို ကိုယ့်အသက်မွေး ၀မ်းကျောင်းနဲ့ကိုယ်ဆိုတဲ့စကားကို သတိရမိတယ်။ မြန်မာ့လူမှုနယ်ပယ်မှာ လူတစ်ယောက်ကို ပိုးစိုးပက်စက်ပြောပြစ်ချင်ရင် “လူက လမ်း ဘေးက ဆိုက္ကားသမားလိုလို ဘာလိုလိုနဲ့” လို့ ပြောတတ်ကြပါတယ်။ ပြောတဲ့သူတွေ သတိမထားမိတာက ဆိုက္ကားနင်းပြီး အသက်မွေးသူ တွေကို ဆိုက္ကားဆရာလို့ခေါ်ကြတာကိုပါ။ ဆိုက္ကားတစ်စီးကိုမမှောက်မပြုဘဲ မိမိခရီးသည် လိုရာရောက်နိုင်အောင် ဆိုက္ကားနင်းရတာ မ လွယ်ဘူးဆိုတာ ဆိုက္ကားတက်ခွဘူးသူတိုင်း သိကြမှာပါ။

အခု ပြဿနာတွေ သောင်းခြောက်ထောင်ကြားနေရတဲ့ကားကိစ္စမှာ ပြည်သူလူထုအတွက် စေတနာရှိတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒါပေမယ့် အပြောင်းအလဲတွေမှာ သတင်းတွေပေါက်ကြားနှင့်ပြီး ကြိုသိနှင့်ကြတဲ့လူတွေအတွက် ပွပေါက်တိုးသွားတယ်ဆိုတဲ့သတင်းတွေ ကြားရတော့ မရှိမဲ့ ရှိမဲ့ အချိန်ကုန်၊ လူကုန်၊ ငွေကုန်အဖြစ်ခံရတဲ့လူတွေကို ခဏ ခဏခေါ်ခေါ်ပြီး ရင်ဘတ်ကို ဆောင့်ကန်နေသလိုဘဲလို့ ကိုယ်ချင်းစာမိတယ်။

“လူတစ်စုကောင်းစားဖို့ လုပ်နေတာဗျ” ဆိုတဲ့အသံတွေကို သဘောမတူပေမယ့် အဲဒီအသံတွေထွက်လာတဲ့ လူတွေရဲ့အပြစ်မဟုတ်တာ ကိုလဲ သိကြမှာပါ။ ဦးဆောင်သူ ကိုယ့်အထက်အရာရှိက ခုတမျိုး၊ တော်ကြာတမျိုးကြားထဲမှာ အဲဒီလူကြီးကို မယုံမကြည်ဖြစ်လာတာ ထူးဆန်းတဲ့ကိစ္စတော့ မဟုတ်ပါဘူးလေ။ ပြည်သူလူထုမယုံမကြည်ဖြစ်ခံရတဲ့အစိုးရဟာ နိုင်ငံကိုတိုးတက်အောင်မလုပ်နိုင်ဘူးဆိုတဲ့ အဆို လေးကိုလဲ သတိရမိတယ်။ ပြည်သူလူထုယုံကြည်ကိုးစားတဲ့ အစိုးရနဲ့ ပညာတတ်များတဲ့ ပြည်သူလူထုရှိတဲ့နိုင်ငံမှသာ အချိန်တိုတိုအတွင်း မှာ အဆင့်အတန်းတခုကို တက်လှမ်းနိုင်မှာမို့လား။

တတ်နိုင်တဲ့လူတွေဝယ်စီးကြမယ့် ကားတင်သွင်းခွင့်တွေမှာ အခွန်အခမကောက်ဘဲလဲ မဖြစ်နိုင်ပါဘူး။ သာပေါင်း၊ ကပ်ပေါင်း၊ ပြည်သူလူထု မျက်မှာမကြည့်ဘဲ မိမိအသိုင်းအ၀ိုင်းနဲ့ မိသားစုကောင်းစားဖို့ဦးတည်နေတဲ့ မူဝါဒတွေလဲ မဖြစ်သင့်ပါဘူး။ ဒါဆိုရင် စာရေးသူမှာ အဖြေရှိမှာ ပေါ့လို့မေးချင်တဲ့ စာဖတ်သူတွေကိုတော့ ကျနော့်မှာ အဖြေရှိပါတယ်။ မူဝါဒတွေချမှတ်တာ ကျနော့်အသက်မွေးဝမ်းကျောင်းမဟုတ်ပါဘူးလို့။ မိဘပြည်သူတွေလို့ခေါ်နေကြတဲ့ ခေါင်းဆောင်ကြီးတွေမှာလဲ ထင်းခွဲတာကနေအစ နိုင်ငံအုပ်ချုပ်တာအထိ အလုံးစုံမသိနိုင်၊ မတတ်နိုင် ပါဘူး။ သက်ဆိုင်ရာနယ်ပယ်မှာ သက်ဆိုင်ရာပညာရှင်တွေနဲ့တိုင်ပင်ပြီး ပြည်သူပြည်သားတွေအတွက်၊ နိုင်ငံအတွက် အကောင်းဆုံး၊ အကျိုးအရှိဆုံး နည်းလမ်း၊ မူဝါဒတွေချမှတ်နိုင်ပါစေလို့ဘဲ ဆုတောင်းတတ်တဲ့ အကောင်ပါ။ ကျနော့်ဆုတောင်းတွေ မပြည့်ခဲ့ရင်လဲ “ငါ့မြင်း ငါစိုင်းပြီး ဟိုကွေ့ ဒီကွေ့တွေမှာ ဟိုတက် ဒီတက်နဲ့လှော် မီးစင်ကြည့်ကခုန်နေကြတဲ့ ငါတို့မိဘတွေပါလား” လို့ဘဲ ရှုပ်ထွေးတဲ့ မြန်မာစကား တွေနဲ့ဘဲ အချိန်ပေးနေမိမှာပါ။ နောက်ပြီး မြန်မာစကားတစ်ခုကို ကိုးကားချင်ပေမယ့် လူကြီးတွေကို မရိုသေဖြစ်မှာစိုးလို့ ချန်ထားခဲ့ချင်ပါ တယ်။ အဲဒီစကားကတော့ “နွားရှေ့ထွန်ကျူး” ဆိုတဲ့ မြန်မာစကားပုံလေးပါ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts

2 thoughts on “မီးတိုင်အောက်မှာ ကခုန်ကြသူများ
  1. ကိုယ်တို့ကတော့ကားလည်းမပိုင်ဘူး၊ သူတို့ပြောတဲ့ပါမစ်လဲစိတ်မဝင်စားလို့မလုပ်ခဲ့တဲ့အတွက်ဘာမှမခံစား
    ရတော့အေးရော။ လူတိုင်းကိုကားဝယ်ခွင့်ပြုလည်းကားမောင်းရတာကြောက်တော့သူများမောင်းပေးတာ
    စီးရမယ့်အတူတူtaxiဘဲစီးလိုက်တော့မယ်ကွယ်။

Comments are closed.