မိုးမခကို ပေးတဲ့စာ

မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)

ကိုသင့်မြတ်
မေ ၈၊ ၂၀၁၂
ပြောရရင်တော့ ဒီအကြောင်းကို မပြောချင် မရေးချင်ဘူးဗျ။ သူတပါးစီးပွားရေးကို တုတ်နဲ့ ထိုးသလို (အဲ) ကလောင်နဲ့ထိုးသလို ဖြစ်နေ တာကိုး။ ဘယ်သူများ ပြောမလဲ ရေးမလဲဆိုပြီး စောင့်ကြည့်နေတာကြာပြီ။ သူတပါး ထိခိုက်တာထက် သူအများ ထိခိုက်နေတာကို အမြင်မ တော်လွန်းလို့သာ ရေးလိုက်ရတာ..။ ဖြစ်ပုံက ဒီလိုဗျ။

ကိုယ်လူတို့ ရောက်ဖူးမလားတော့ မသိဘူး။ ထိုင်းမြန်မာနယ်စပ်။ နာမည်ကျော် သောင်ရင်းမြစ်လေ။ မြစ်ဆိုပေမယ့် တိမ်ကောတာတွေများ လေတော့ ချောင်းသာသာ မြောင်းသာသာရယ်ပါ။ နို့ပေမယ့် ထိုင်း – မြန်မာ နယ်စပ်ကုန်သွယ်ရေးအတွက် အဓိကအကျဆုံး အရေးအကြီးဆုံး ကုန်သွယ်မှုနေရာကြီးကိုဗျ။ (ထိုင်းမြန်မာနယ်စပ် ချစ်ကြည်ရေးတံတားကြီးက ကြံ့ခိုင်မှုသိပ်မရှိတော့လို့ဆိုလား လူနဲ့ လူစီးကားတွေလောက် သာ ဖြတ်သန်းတာ) သောင်ရင်းမြစ်တလျောက် နှစ်နိုင်ငံ နှစ်ဖက်နှစ်ချက်မှာ ကုန်စည်ဂိတ်ပေါင်းက ၂၀ ကျော်ရှိသဗျ။

စကားစပ်တုန်းပြောရရင် ကိုယ်လူ နယ်စပ်ရောက်ရင် လေ့လာကြည့်ဗျ။ ထိုင်းဖက်က နေ့စဉ် ဆီ၊ အချိုရည်၊ ဘီယာ၊ အချိုမှုန့်၊ သကြား၊ နို့ ဆီ၊ ဘိလပ်မြေ၊ သွပ်သံ၊ လျှပ်စစ်ပစ္စည်းကနေ ဒူးရင်းသီးအထိ တင်ပို့နေလိုက်ပုံများ အားရစရာ။ အဲ.. အားငယ်စရာ။

အားငယ်စရာဆိုတာက ကိုယ့်နိုင်ငံကတင်ပို့နိုင်တာက ကြက်သွန်၊ ငရုတ်၊ (ခိုးသွင်းတဲ့) ဆန်၊ ဆန်ကွဲ။ ဒီလောက်ပဲရှိသကိုး။ အဲ.. များတာဆို လို့ တခါတလေတော့ ကိုယ့်နိုင်ငံက သယံဇာတဖြစ်တဲ့ ခနောက်စိမ်းတော့ရှိသဗျ။ ထိုင်းကနေတဆင့် တရုတ်ပြည်ကို တင်ပို့တယ်ဆိုပဲ။

ထားပါတော့ဗျာ။ ကျုပ်ပြောချင်တာက… အဲဒါတွေ မဟုတ်သေးဘူး။ တင်ပို့သမျှ အခြေအနေတွေကိုသာ ရင်ဖွင့်ရရင် ခင်ဗျားထိုင်ငိုချင်စိတ် ပေါက်သွားလိမ့်မယ်။ လတ်တလောတော့ အဲဒီပို့ကုန်တွေထဲက တခုကိုပဲ ပြောချင်သေးတယ်။ ကျုပ်တို့ နိုင်ငံက မလွတ်လပ်ဘူး၊ ဘာညာ ပြောနေကြတဲ့သူတွေအတွက် လွတ်လပ်မှုရှိပုံလေးပေါ့ဗျာ။ ဘာအကြောင်းလဲဆိုတော့ ဘီယာအကြောင်း။

ဘီယာက တံဆိပ်စုံဗျ။ ထိုင်းနိုင်ငံထုတ်တွေက အဓိကပေါ့ဗျာ။ ကျုပ်တို့နိုင်ငံကို ထိုင်းထုတ်တွေထဲက ဘီယာချမ်းလို့ခေါ်တဲ့ ဆင်တံဆိပ် ဘီယာ၊ ဆင်းဂါး (သီဟ) လို့ခေါ်တဲ့ ခြင်္သေ့တံဆိပ်ဘီယာတွေကတော့ ပေါ်ပြူလာအဖြစ်ဆုံးပေါ့ဗျာ။ တခြားဘီယာတွေလည်း မနည်းဘူးဗျ။ ကိုယ်မသိတဲ့တံဆိပ်တွေလည်း အများသား။ ၀က်ဝံတွေရော ကျားသစ်တွေရော စုံလို့ဗျ။ ဈေးပေါပါတယ်ဆိုတဲ့ လာအိုဘီယာတောင် ထိုင်း ကိုဖြတ်ပြီး ကျုပ်တို့ပြည်ထဲ အတော်များများရောက်သဗျ။

ဘီယာအမျိုးပေါင်းစုံလှပေမယ့်၊ ရန်ကုန်ရွှေမြို့တော်အပါအ၀င် မြန်မာနိုင်ငံတနံတလျား ကျေးလက်တောရွာအထိ ခရီးပေါက်နေတဲ့ အဲဒီဘီ ယာတွေကို ဆန်းစစ်လိုက်တော့.. လား.. လား.. ဘယ်မလဲ မှတ်ပုံတင်ထားတာ။ မူပိုင်က ဘယ်သူ၊ တင်သွင်းခွင့်လိုင်စင်က ဘယ်သူ။ ဖြန့်ချိ ရောင်းချခွင့်က ဘယ်လိုဆိုတာများ ကိုယ်လူတို့ တွေ့မိသလားဗျ။ ဟဲ .. ဟဲ .. တင်သွင်းချင်တိုင်းတင်သွင်းနေတာ နားလည်မှုနဲ့ ဖြန့်ချင်သ လောက်ဖြန့်နေတာ ဘယ်လောက်လွတ်လပ်သလဲ။ ဘယ်နိုင်ငံများ ဒီလိုစည်းမရှိ ကမ်းမရှိ၊ လုပ်ချင်သလိုလုပ်လို့ရသလဲ။ ကဲ ကျုပ်မပြော လား ကျုပ်တို့နိုင်ငံလောက် လွတ်လပ်တာရှိမလားလို့။

နယ်စပ်က တင်ပို့နေတာ နည်းနည်းပါးပါးပါလို့တော့ ဆင်ခြေမတတ်စေချင်ဘူးဗျို့။ ဘာလို့လဲဆိုတော့ ဂိတ်တချို့မှာ ဥဒဟို ဖြတ်သန်းတင် ပို့နေတဲ့ စက်လှေတွေကိုသွားကြည့်။ မိနစ်မခြားပဲ တစီးပြီးတစီး တင်ပို့နေတာဗျ။ မမြင်ချင်မှအဆုံး။ ဘယ်လောက်များ တင်ပို့နေမလဲလို့ တွေးသာကြည့်။ လွန်ခဲ့တဲ့ သင်္ကြန်မတိုင်ခင်ကဆို အဆိုးဆုံးထင်ပါ့။ နာမည်ကျော်ဘီယာတမျိုးထဲတင် တနေ့ကို ၂၄ လုံးဝင် ဘီယာကဒ်ဖာ ပေါင်း ၁၀၀၀၀ (တသောင်း) ပုံမှန်တင်သွင်းနေသဗျ။ တနေ့ကို ဘီယာဗူးပေါင်း နှစ်သိန်းလေးသောင်း (၂၄၀၀၀၀) ဗျာ။ နည်းလား။ လန့်မသွားနဲ့ကိုယ့်လူ။ ပြောခဲ့ပါပီကော လွတ်လပ်တဲ့ မြန်မာပြည်ပါဆို။

ဘီယာဈေးတွေကလည်း ချိုသဗျာ။ ထိုင်းနိုင်ငံမှာထုတ်တဲ့ဘီယာက ထိုင်းနိုင်ငံမှာထက် မြန်မာမှာဈေးချိုသဗျာ။ ထိုင်းကလည်း ပြည်ပပို့တာမို့ (သူ့နိုင်ငံမှာ မသောက်ရင်ပြီးရော) အခွန်အခ ဈေးလျော့တယ်။ ကိုယ်တိုင်းပြည်ကလည်း အခွန်အခ (တရားဝင်) မရှိ။ ပေးရကမ်းရတာတော့ ရှိတာပေါ့လေ။ လူကြီးတွေကလည်း “ဟေ့ကောင်တွေ ချတော့ချ၊ ပြသနာတော့မဖြစ်စေနဲ့နော်” ဆိုပြီး မှာထားတယ်ဆိုပဲ။ (ဒါတော့ ဟုတ် မဟုတ် မသိဘူးပေါ့လေ)

အဲဒီဘီယာတွေကို လမ်းအသွယ်သွယ် နားလည်မှုအဖုံဖုံ ပေးကမ်းမှုအစုံစုံတွေနဲ့ မြ၀တီကနေ ဘားအံ၊ မော်လမြိုင်ကို ကားတွေနဲ့တင်၊ အဲဒီ ကမှတဆင့် တချို့က ကားလမ်း၊ တချို့က ရေလမ်း၊ တချို့က ရထားလမ်း (ရန်ကုန်ဆိုရင် တိုးကြောင်လေးဘူတာအထိပေါ့) တင်ပို့ရောင်း ချကြသဗျာ။ သူ့နိုင်ငံနဲ့ သူ့ပေါ်လစီ သူ့ကုန်သည် အဆင်ကိုပြေလို့။ လွတ်လပ်နေပုံများ။

ဒီအထိတောင် ဖြစ်နေလားဆိုပြီးမေးရင်တော့ ဖြေရလိမ့်မယ်။ ဒါက အကင်းပဲရှိသေးတယ်လို့။ ဒီထက်ဆိုးတာ ရှိသေးတယ်။ အဲဒီဘီယာ တွေကို ကြည့်ဗျာ။ ခုနပြောတဲ့ တချို့ဘီယာတွေကို။ ရေးထားတာက အယ်လ်ကိုဟော့ ၅%။ ၅.၅%။ (တချို့ဘီယာတွေကတော့ ၈.၆ တို့ ဘာတို့ ရေးထားတယ်)။ အထဲမှာ ဘယ်လောက်ရာခိုင်နှုန်း အယ်လ်ကိုဟော့ပါသလဲဆိုတာ ဘယ်သူမှမသိဘူးဗျ။ အရည်အသွေးပြည့်မှီ ရဲ့လား။ ရေးထားတဲ့အတိုင်းဟုတ်ရဲ့လားဆိုတာတွေ ဘာမှစစ်ဆေးစုံစမ်းတယ်လို့ မရှိဘူးဆိုပဲဗျ။ ဟဲ ဟဲ.. ဘယ်လောက် လွတ်လပ်သလဲနော်။

ပြည်တွင်းကထုတ်ကုန် ငရုတ်သီးမှုန့်ထဲ ဘာရောတယ် ညာရောတယ်ဆိုတာလောက် စစ်ဆေးတွေ့ရှိရုံနဲ့ အတော်လန့်နေတာ။ သည်ပို့ ကုန်တွေကိုရော မစစ်ဆေးသင့်ဘူးလားဗျာ။

ဘီယာဟာ သေရည်သေရက်။ တခြားစားကုန်တွေထက် လူတွေကို ဆိုးကျိုးပေးသမို့ အခွန်အတုပ် ပိုယူသင့်တယ်။ ဖြစ်နိုင်ရင် လူမြင်ကွင်းတွေ မီဒီယာတွေမှာတောင် မကြော်ငြာသင့်ဘူးလို့ လူတိုင်းသဘောပေါက်နေပြီးသားကိစ္စပါ။ လိုတာထက်ပိုရင် လူညွှန့်တုံးစေတာမို့ ၀ိုင်းဝန်းထိန်း သိမ်းသင့်တယ်ဆိုတာလည်း ပြောစရာတောင် မလိုပေဘူးပေါ့။

သည်လိုပြောရတာ အကြောင်းရှိပါတယ်။ သူများ လုပ်ကိုင်စားသောက်နေတာ မနာလို မစ္ဆာရိယစိတ်နဲ့ အပြစ်ရှာခိုင်းနေတာ မဟုတ်ရပါဘူး။ မြန်မာဘီယာကုန်သည်က ထိုင်းဖက်က ဘီယာကုန်သည်ကို ပစ္စည်းမှာပုံလေးကို ခင်ဗျားနားထောင်ကြည့်။

“မြန်မာပြည်အတွက်ဗျာ ဘီယာများများလိုချင်တယ်။ အရည်အသွေးကတော့ ညံ့ချင်ညံ့ပါစေ။ ဈေးတော့ အပေါဆုံးဖြစ်ရမယ်။ အရေအ တွက်လည်း အများကြီးယူမယ်။ အဲ ဖြစ်နိုင်ရင် ဟိုဘီယာလို ဗူးပေါ်မှာ အယ်လ်ကိုဟော့ ၅ % လောက်ပဲရေးချင်ရေး၊ အထဲမှာတော့ ၁၀% လောက်တော့ ဖြစ်အောင်လုပ်ပေးနော်” တဲ့..။

ခင်ဗျားတို့မလွတ်လပ်ပါဘူးလို့ပြောနေတဲ့ ကျုပ်တို့နိုင်ငံရဲ့လွတ်လပ်မှုအခြေအနေကို ခင်ဗျားသဘောပေါက်ပါတယ်နော်။ အဲ … အရှည် အ ရှည် ဖြစ်လာနိုင်ခြေတွေကိုတော့ ခင်ဗျားပဲ ဖြန့်ပြီးတွေးပေတော့ဗျာ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မြန်မာပြည်မှာ လွတ်လပ်မှုမရှိဘူးလို့ ဘယ်သူပြောသလဲ (ပေးစာ)
  1. မိတ်ဆွေပြောတဲ့ သဘောကို နားလည်ပါတယ်- အဲဒါကို ဗရမ်းဗတာ စည်းမရှိ- ကမ်းမရှိ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ နယ်စပ်ကုန်သွယ်ရေး -လို့ ခေါင်းစဉ်တပ်လိုက်ရင် ကောင်းမယ်။

  2. ဟိတ်ရောင်တွေ မင်းတို့မလုပ်ရတိုင်း (စီစီသင်း)နဲ့မတည့်တိုင်း၊ ပစ္စည်းဝယ်လို့မရတိုင်း မိန်းမလို မိန်းမရ လိုက်မရေးနဲ့ လုပ်တဲ့လူက ပိုင်လို့ export only ဆိုတဲ့ဗူးတိုင်း တစ်ဦးတည်း မြန်မာပြည်ကိုယ်စားလှယ် ယူထားပြီးသား၊ လမ်းက ဂိတ်တွေကိုလည်း အခွန်ဆောင်တဲ့ဈေးနှုန်းထက်မြင့်အောင်ပေးပြီးသွားတာ သတင်းကိုဇစ်မြစ်မသိဘဲလျှောက်မရေးနဲ့ ဘီယာတွေဝင်တာ တစ်ရက်ကဒ်တစ်သိန်းကျော်တယ် ဘားအံက ကုန်သည်တစ်ယောက်တည်းတင် အဆင်းနေ့တစ်ရက် ကဒ်တစ်သောင်းခွဲဝယ်တယ် မှတ်ထား။
    မင်းက တစ်ထောင်၊ နှစ်ထောင်လောက်နဲ့မြ၀တီမှာလာဝယ် ဟိုက လှည့်တောင်ကြည့်မှာမဟုတ်ဘူး။

Comments are closed.