ကဗျာ

လိုက်ကာ အဖွင့်

ကျော်ဟုန်း
မေ ၄၊ ၂၀၁၂

ဒီဝိညာဉ်တွေမှာ
ဒေဝဒတ်နဲ့စေတန် ရောစပ်နေသလား
သင်္ကန်းခြုံထားတဲ့ သောနုတ္ထိုရ်တွေ၊

ဗေထိသံကြားရင်
ကွေးနေအောင် ‘က’ ချင်တာလဲ သူတို့ …

မင်းသား၊ မင်းသမီးများ မလုပ်ရရင်
ပတ်မကြီးထိုးဖောက်ချင်တာလဲ သူတို့ …

မင်းသား၊ မင်းသမီးတင်ပြန်ရင်လဲ
ချိုမိုင်မိုင် ‘က’ နေတာလဲ သူတို့ …

ရန်သူ့ဘက် ပစ်ခွင်းမယ့်မြှားတွေဟာ
ပစ်မှတ်ဆီမရောက်ဘဲ ကိုယ့်ခေါင်းပေါ် ပြန်ကျနေပေါ့
ဒါလားဟေ့ မြားဘုရင် …

ရန်သူကို ကိုယ့်ဘက်ပါအောင် မစွမ်း
ကိုယ်လူကိုယ့်ဘက်ထဲ မလှမ်းချင်အောင် သင်းကွဲ …

ဒါတွေ ဘာ့ကြောင့်ဖြစ်တာလဲ စဉ်းစား
မသူတော်တွေ သူတော်ယောင်ဆောင် ဂိုဏ်းကွဲနေသမျှ
အလှမ်းဝေးမယ် ပန်းတိုင် …

ဒီကမ္ဘာမှာ အာရုဏ်ဦးတွေ အမြဲပဲသစ်နေမင့်
အာရုံနောက်စရာတွေနဲ့  ခဏ ခဏ ညစ်ထေပေါ့ …

ပြင်ရမှာက စိတ်တခုရယ်ပါ
စိတ်တခုကလဲ ရုပ်ကိုးဆယ်ဆိုတော့ (အင်း ….)

သက်ပြင်းရှည်ကြီးတွေ မှုတ်ထုတ်တိုင်း
ဘဝအမောတွေ ပြေကြေးဆိုရင်
စက္ကန့်တိုင်း မှုတ်ထုတ်လိုက်ချင်ရဲ့
အားလုံးအတွက်ပါ …။

ချိုးဖြူတွေကို အကျယ်ချုပ်ထားပြီး
မဝရေစာ ကျွေးနေသူများရေ
ကောင်းကင်လေကို မျှဝေရှုနေသူချင်းအတူတူ
ကောင်းကင်ပြင်ကို မျှဝေမသုံးတတ်ဘူးလား …။

သစ်ပင်စိုက်ချင်သူချင်း အတူတူ
သူ့မျိုးစေ့ကို ရေပူလောင်းချင်နေပါသလား …။

အသစ်တွေအတွက် အညစ်တွေမပေးခဲ့မှ ‘လူ’
အချစ်တွေအတွက် အစစ်တွေ ထားရစ်နိုင်မှ ‘လူ’
လူဟာ လူပီရင် ရန်များတာတော့ ဝမ်းနည်းစရာ …။

အော်သံပန်းချီကားကို မျက်နှာအပ်ပြီး
အသံကုန်ဟစ် ကျုံးအော်လိုက်တော့
အဲ့ဒီမှာ ဇာတ်လမ်းကစပြီ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “လိုက်ကာ အဖွင့်
  1. စိတ်တစ်ခု ရုပ်ကိုးဆယ်…မဟုတ်ပါဘူး။ စိတ်တစ်ခုယုတ် (လျော့) ကိုးဆယ်ပါ။
    ကိုးဆယ်ထဲက တစ်ခုလျော့နေတယ်ဆိုတော့ စိတ် ၈၉ ပါး ရှိတယ်လို့ ပြောတာပါ။
    အဘိဓမ္မာလေ့လာရင် သိနိုင်ပါတယ်။ ရုပ်ပေါင်း..၂၈ ပါးရှိတယ်လို့ အဘိဓမ္မာက ပြပါတယ်။

    1. အမှားပြင်ပေး ထောက်ပြပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါတယ်ခင်ဗျာ၊ နောင်ကိုလဲ အမှားရှိရင် ခုလိုပြင်ပေးပါလို့  ဖိတ်ခေါ်ပါတယ်( ကဗျာရေးတဲ့ ကျော်ဟုန်း)

  2. အတိအကျ မသိဘဲ – ကြားဘူးနားဝတွေ နဲ့ လျောက်ရေးနေတယ်- ထင်ပါတယ်။ စိတ်က အကျဉ်း ၈၉ ပါးရှိတယ်။ အကျယ် ၁၂၀ ရှိတယ်။ ရုပ်တရားက ၂၈ ပါး။ ဒီလိုမျိုးမှားတာ- မောင်ရင်တယောက်ထဲ မဟုတ်ဘူး- စာရေးတဲ့သူ အတော်များများမှားကြတယ်။ စာရေးတယ် ကဗျာရေးတယ်ဆိုတာ- ကိုယ်ရေးတဲ့ အကြောင်းအရာကို သေသေခြာခြာ နားလည်မှ ရေးတာကောင်းတယ်။ ဖတ်သူက မရှင်းလင်းလို့ မေးခဲ့မယ်ဆိုေ၀၀ါးဝါး မရှိဘဲ ရှင်းပြနိုင်တာပေါ့-

    1. ကျေးဇူးအထူးတင်ပါတယ်မင်းကိုကို ခင်ဗျား၊ နောင်လဲ အမှားပါရင် ခုလိုပြင်ပေးပါလို့ ပြောပါရစေ၊
      (ကဗျာရေးတဲ့ ကျော်ဟုန်း)

Comments are closed.