ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၂၀) – Mar Mar Aye

မာမာအေး
ဧပြီ ၊ ၂၀၁၂


“—- သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်၊ ချစ်သူ့ရင်ခွင်ကြား နားနားနေနေ၊ ရေမြေအလိုက် စိုက်စိုက်ပါလို့ မျောလိုလဲ မျောပါစေ၊ ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ၊ သစ္စာတရားထွန်းကါးရာ ငြိမ်းချမ်းသာယာသောနယ်မြေ—”

သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ပြီးခဲ့တဲ့ အစီအစဉ်တွေမှာ မာအေးပြောပြချင်တဲ့ သီချင်း တပုဒ်ကို သိမ်းထားရာက ထုတ်ပြလိုက်တဲ့ ‘သံသာလေကမ်းတိုင်’ ရဲ့ အဓိပ္ပါယ်တွေနဲ့ သီချင်းရေးတဲ့သူရဲ့ အကြောင်းကို ပြောပြီးပြီ ဆိုတော့ အသံအလိုက် ဆိုတာမပါပြန်ရင်လဲ သီချင်းမှ မဖြစ်နိုင်တာမို့ သီချင်းအသံ ရှာထည့်ပေးတဲ့ ဂီတစာဆိုအကြောင်းကိုလဲ နည်းနည်း ပြောခဲ့ရတာပေါ့ရှင်။

ဒီနေ့တော့ သီချင်းလေးထဲက ဇါတ်အိမ်တည်ထားရာမှာ ပါဝင်တဲ့သူတွေအကြောင်း ပြောဘို့အချိန် ရောပါပြီ။ စိတ်ကူးယဉ်ဇါတ်အိမ်တည်တဲ့သီချင်း မဟုတ်တဲ့ ဖြစ်ရပ်မှန်ကို သီချင်းရေးစပ်ခဲ့သူက တပ်မတော်လေက လူကြီးတဦး – အညာသားဆိုတဲ့ နာမည်ခံပြီး ရေးခဲ့ကြောင်း ရှေ့မှာပြောထားပါတယ်။ သတိရပါတယ်နော်။ သီချင်းရေးဘို့ အတွေးများ ရစေနိုင်တဲ့ အကြောင်းအရာတွေဟာ ရေးမယ့်သူရဲ့ အနီးအနား သူ့ဝန်းကျင်များကသာ ရနိုင်တာမျိုး ဖြစ်တော့ကါ၊ သီချင်းတိုက်နေကြစဉ်မှာ ရေလာမြောင်းပေး လေချိုသွေးရင်း – မှတ်လေ့ မေးလေ့အတိုင်း ကြားရချက်က၊ ဂရုဏါသက်မိစရာက တဖက် ရှိပေမယ့် သူတို့အကြောင်းမှ ပြောရသလားရယ်လို့ မျက်လာနိုင်တာကတဖက်လို့ စိတ်ထဲ တွက်မိပြီး အပြောရ ခက်နေတာနဲ့ ချန်ထားရစ် သိမ်းထားဖြစ်တာ နှစ်ချို့တောင်နေခဲ့ပါပြီလေ။

ခုအချိန်ကတော့ လွတ်လပ်ငြိမ်းချမ်းရာ တည်ဆောက်ကြမယ့် အလားအလာနဲ့ တင်းမာတာလေးတွေ လျော့ပါးအောင် ဆောင်ရွက်နေကြတမှာမို့ နှလုံးစိတ်ဝမ်း နူးညံ့လန်းဆန်း၊ ခွင့်လွှတ်ရေးလမ်းသာပြီလို့ ယုံကြည်မိတဲ့အလျောက် ရွှေနားတော်လျှောက်ဖြစ်ခဲ့တာပါရှင်။

ပြောရရင် ဒီသီချင်းလေးရဲ့အနှစ်ဟာ တချိန်က နိုင်ငံရဲ့ No One ကြီး ဖြစ်ခဲ့သူနဲ့ သူ့မဒမ် (သို့မဟုတ်) FIRST LADY တို့ရဲ့ ဇါတ်သိမ်းကါနီး အဖြစ်မှန်ပါတဲ့ရှင်။ အာရှနိုင်ငံက တချို့သောခေါင်းဆောင်များရဲ့ ဇနီး ကြင်ဖေါ်တို့ကို၊ နံပါတ်ဝမ်းကြီး မိုးကေါင်းနေစဉ်ကါလတုန်းက၊ မဒမ်ချန်ချင်း၊ မဒမ်နု စသဖြင့် ခေါ်ကြတဲ့ခေတ်နဲ့အညီ သူ့ဇနီးကိုလဲ ‘မဒမ်’ လို့ ခေါ်ခဲ့ သုံးခဲ့ကြတာ ကိုယ်တိုင် နားနဲ့ကြားခဲ့ရပါသကေါရှင်။ မာအေးကိုတော့ မမကစ်တီ လို့ အခေါ်ခံပါတယ်။

နိုင်ငံ့အဆိုတော် – ဆိုတဲ့ နဖူးစီးတတ်ထားချိန်က အိမ်တော် လို့ ခေါ်ကြလေ့ရှတဲ့ ၀င်ဆာလမ်းက သမ္မတအိမ်ဝိုင်းကြီးထဲမှာ ပြည်ပက ဧည့်သည် လါလါ၊ ပြည်တွင်းကပွဲဘဲလုပ်လုပ်၊ အုတ်ကြွက်အုတ်ကြွက် ဧည့်ခံပွဲသရုပ်ထဲ သီချင်းတွေ ဟဲရ – ဆိုရ၊ အချိန်ကြိုစောင့်ရတဲ့ ဘ၀တခု ရှိဖူးခဲ့တော့ ကြားနိုင်တာပေါ့နော်။ မပျော် – ပျော် – ပျော် အဆိုတော်ကို အဆိုတော်လို့ဘဲ နားလည်ပေးဘို့ပါရှင်။

တိုင်းသိပြည်သိ၊ သတင်းလွတ်လပ်ခွင့်တွေ ရှိခဲ့တဲ့ ဖ-ဆ-ပ-လ ခေတ်ကနေပြီး သူတို့ စုတေခဲ့ကြတဲ့အထိ တစိုးတစိမျှ နာမည်မလှပတဲ့အတွဲအဖြစ်နဲ့၊ ခမဲတံဆိပ်အများက ခပ်နှိပ်ထားကြတဲ့သဘော ရှိနေတဲ့အကြောင်းကိုလဲ စောကြောမိတာအမှန်ပါ။ ဒါပေမယ့် မာအေးဟာ ကံသာအမိ၊ ကံသာအဖ ကံပစ်ချရာ၊ အနတ္တာ – ငါမဟုတ်ပါတကါးလို့ တရားအမြိုက် အားမစိုက်နိုင်ခင်ကါလက ‘သံသရာကိုတောင် ဆွဲဆန့်ချင်တဲ့သူ’ ဖြစ်ခဲ့တာ – ချစ်ဆွေတို့လဲ အသိဘဲ မဟုတ်လားရှင် ….။

 

(* ချစ်သူ့နယ်မြေမှ) သံသရာ ဆွဲဆန့်လို့ ဘယ်လောက်ပင်ရှည်ရှည်၊ ချစ်သူ့ရင်ခွင်ကြား နားနားနေနေ၊ ရေမြေအလိုက် စိုက်စိုက်ပါလို့ မျောလိုလဲ မျောပါစေ၊ ချစ်သူ့နယ်မြေသည်သာ ငြိမ်းချမ်းနယ်မြေ၊ သစ္စာတရားထွန်းကါးရာ (ငြိမ်းချမ်းသာယာသောနယ်မြေ) ၂ xxx


အဓိပ္ပါယ် လှလွန်းလို့ အနုသယ ရင်ထဲက ဆိုခဲ့တဲ့သီချင်းလေးပါ၊ ဆိုလဲဆိုခဲ့ နေလဲနေချင်ခဲ့ဖူးတာကိုး၊ ရိုးရိုးလေးဘဲ ဟိုသီချင်းလေးကိုလဲ တွေးခဲ့မိတာပါ။ “သံသရာခရီးမှာ ကိုယ်မပါနိုင်သည်အထိ စိတ်အားလေးနဲ့ ကူဖေးလိုက်ချင်သေးတဲ့ သဒ္ဓါတရား” ကို မာအေး ကြားလိုက်ရလို့၊ နားလည်လိုက်မိလို့၊ ဒီအတွေးအခေါ်မျိုးကို သဘောကျခဲ့တာပါရှင်။ သူတို့နှစ်ဦးရဲ့ နာမည်ဆိုးဆိုး တိုးဝင်ပေါင်းဖက် – နွှယ်ယှက်စဉ်က၊ မာအေး လူလားမမြောက်သေးဘူးလေ။ ကိုယ့်မျက်စေ့အောက် တည့်တည့်ရောက်တဲ့ ကိုယ်သိတာလောက်သာ ပြောသင့်မှ ပြောမှာပါ။

အဲဒီလို အမျိုးမျိုးသော သတင်းဗလင်းတွေကြောင့် စိုးနှောင့်ဗျာပွေ စိတ်မရဲတရဲနဲ့ နေဖြစ်တဲ့ မာအေးဟာ တွေ့ရတဲ့ အချိန်တွေမှာ သေချာ သတိထားကြည့်တာပေါ့နော်။

မာအေးတို့ရှေ့တခေတ်က လူကြီးတွေဟာ ဂီတမှာ မွေ့လျော် သာယာတတ်တဲ့ ဉာဉ်ရှိတာ များပါသတဲ့။ ကြေးရေတတ်တွေ၊ ရာထူးရာခံရှိသူတွေရဲ့ ဧည့်ခန်းမှာ – စန္ဒရားတို့ စေါင်းတို့ နေရာယူထားတာ – ဗိုလ်အောင်ဒင်မှာတောင် ပါသေးတယ်လေ။ မမကစ်တီရဲ့ ဖခင် – ဆရာဝန်ကြီး ဦးဘသန်း ဆိုတာ စစ်အတွင်းမှာပါမရှောင်၊ ဆေးရုံကြီးတွေ ရတဲ့နည်းနဲ့ ထောင်ခဲ့တဲ့ ဆရာကြီးပါ၊ ဂီတ၀ါသနာ အလွန်ကြီးတဲ့ ဒီဆရာကြီးဟာ မဟာဂီတ ဆရာကြီးတွေ ဆရာမကြီးတွေထံမှာ ဂီတပညာပတ္တလျား သင်ကြားတတ်မြောက်ထားပါတယ်။ မမကစ်တီ ဆယ့်လေးငါးနှစ်အရွယ် – ဆေးရုံတွေ တည်ကါစကလဲ စုတို့အမေ ကြီးကြီးဒေါ်ခင်ကြည်တို့ ကြီးကြီးဒေါ်ခင်ကြီးတို့ တာဝန်ကျတဲ့ ဆေးရုံမှာ လူနာတွေ စိတ်ပျော်ရအောင် စန္ဒရားတီးပြ၊ သီချင်းဆိုပြနဲ့ ကူခဲ့တဲ့အကြောင်း ဆရာဝန်ကြီး ဦးမြင့်ဆွေ ရေးတဲ့ ‘မှတ်မိသေးတယ် ဂျပန်ခေတ် ဆေးရုံကြီးဝယ်’ စာအုပ်မှာ ဖတ်နိုင်ပါတယ်။
အဆင့်အတန်း ခွဲခြားပုံ မရပါဘူး။ အိမ်တော်ထဲကို မြန်မာ့အသံအဖွဲ့ အနေနဲ့ လေးနာရီလောက်က စပြီး ၀င်ထားရတော့ သုံးနာရီလောက် စောနေတာပေါ့။ သူ အချိန်ရရင် အိမ်ကြီးနောက်ဖက်ကို ထွက်လါပြီး တဖွဲ့လုံးကို နှုတ်ဆက်တတ်ပါတယ်။

နံပါတ်ဝမ်းကြီးကိုတော့ မာအေး ငယ်စဉ် စစ်ရဲတပ်အဆိုတော်လေးဘ၀က တပ်မှူးများညီလာခံ ဂုဏ်ပြုညတွေမှာ သီချင်းဆိုပေးရလို့ သိဖူး မြင်ဖူးဖြစ်လာတာပါ။ ဇနီးသည်ကိုတော့ အထွဋ်အထိပ် မရောက်မီ ကြည်း၊ ရေ၊ လေ တပ်ပေါင်းစုရဲ့ အကြီးအကဲဘ၀မှာ အလည်အပတ်လာတဲ့ တရုတ်ပြည်က ခေါင်းဆောင် (ချူအင်လိုင်း) ကို သူတို့နေအိမ်မှာ ညစာတည်ခင်းဘို့ ဖိတ်ကြားတဲ့အခါ ဖျော်ဖြေဘို့ရာ သွားရတာကြောင့် သိခဲ့ရတာပါရှင်။ နံပါတ်ဝမ်းက မြန်မာသီချင်းကြီးတွေ ပိုကြိုက်တယ်၊ နားထောင်တတ်တယ်၊ ဇနီးက မြူးမြူးကြွကြွ တီးရတာကို ကြိုက်တယ်။ ခေတ်ဟောင်းသီချင်းတွေ အတော်များများ ရတယ်။ သူ မကြိုက်တဲ့ ‘မန်ဒါလီ’ နဲ့ ‘ဆင်ဝန်ကတော်’ ဆိုတဲ့ သီချင်းတွေ ဆိုပေးခဲ့ရဖူးပါတယ်။ လေချုပ်ကြီးဖြစ်တဲ့ သီချင်းရေးဆရာ အညာသားဟာလဲ တချိန်ထဲအတူ တက်လာတဲ့သူချင်းမို့ အတွင်းသိကို ရေးကြည့်တင် ထင်ကြောင်းပါရှင်။ ကုမရတဲ့ရောဂါတခု ခံစားနေရလို့ ဆိုတာဘဲ သိခဲ့ရပါတယ်။ ခုတော့ ရေးသူ – အသံထည့်ရှာပေးတဲ့သူနဲ့ ကါယကံရှင်တွေ မရှိတော့ပါဘူး။ သီချင်းသွင်းပေးခဲ့တဲ့ စန္ဒရားစိန်သောင်းရယ်၊ တရောကိုတင်ရီရယ်၊ မာအေးရယ် ဒါဘဲ ရှိပါတော့တယ်။ ဒါဟာလဲ သမိုင်းထဲကတကွက် ဖြစ်လာနိုင်ပါတယ်။

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။
စာစီစာရိုက် – မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts