သူတို့အာဘော်

Maung Wuntha & Kyaw Win – “အင်န်အယ်ဒီ၊ လွှတ်တော်နဲ့ ကျမ်းကျိန်စာသား သဘောထား” ကောက်နုတ်ချက်

စာရေးဆရာ မောင်ဝံသနဲ့ စာရေးဆရာကျော်ဝင်းတို့ရဲ့ “အင်န်အယ်ဒီ၊ လွှတ်တော်နဲ့ ကျမ်းကျိန်စာသား သဘောထား” ကောက်နုတ်ချက်

မိုးမခ၊ ဧပြီ ၂၉ ၊ ၂၀၁၂

ဧပြီ ၁ မှာ ကြားဖြတ်ရွေးကောက်ပွဲနိုင်ခဲ့တဲ့ အင်န်အယ်ဒီအမတ် ၄၃ ဦးက ဧပြီ ၂၃ မှာ ကျင်းပတဲ့ လွှတ်တော်ညီလာခံကို တက်ရောက်ခြင်း၊ ကျမ်းကျိန်ခြင်း၊ တာဝန်စတင်ထမ်းဆောင်ခြင်းများ မပြုနိုင်ခဲ့ဘူး။ အဓိကအချက်ကတော့ ရွေးကောက်ပွဲကော်မရှင်ဥပဒေပြင်ဆင်ချက်ဖြစ်တဲ့ အခြေခံဥပဒေကို လေးစားလိုက်နာမည်ဆိုတဲ့ စာသားကို လွှတ်တော်တက်အမတ်များ ကျမ်းကျိန်လွှာမှာ ဆက်လက်ပြင်ဆင်ပေးခြင်းကို လက်ရှိအစိုးရနဲ့ လွှတ်တော်တို့က မဆောင်ရွက်ပေးလို့ ဖြစ်ပါတယ်။

အဲသည်အကြပ်အတည်းကာလမှာ အမျိုးမျိုးသော သဘောထားအမြင်များ ပြောဆိုနေကြချိန်မှာ နိုင်ငံရေးအတွေးအမြင်များ ထုတ်ဖော်ရေးသားသူ ဆရာမောင်ဝံသနဲ့ ဆရာကျော်ဝင်းတို့က ၎င်းတို့ရဲ့ သဘောထားများကို ဖေ့စ်ဘွတ်နဲ့ အီမေးများမှာ ထုတ်ဖော်ရေးသားထားတာကို တွေ့ရပါတယ်။ အဆိုပါ အာဘော်တို့ကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

 

မောင်ဝံသ၊ ဖေ့စ်ဘွတ်၊

ဒီချုပ်အမတ်များ လွှတ်တော်ဝင်ရေး (မောင်ဝံသ)

by Maung Wuntha on Tuesday, 24 April 2012 at 01:38 ·

ဧပြီ ၂၆ ၂၀၁၂ ရက်စွဲနဲ့ ထုတ်ဝေတဲ့ ပြည်သူ့ခေတ်ဂျာနယ်၊ အတွဲ ၂ အမှတ် ၉၁က ဒီနေ့ စောထွက်သွားပါပြီ။ ခါသင်္ကြန်ပွဲတော်ရက်များမှာ ၂ ပတ်နားခဲ့တဲ့ ပြည်သူ့ခေတ်ကို ပရိသတ်များလက်သို့ မြန်နိုင်သမျှ မြန်မြန် ပို့ဆောင်ချင်ဇောနဲ့ စောစောထွက်လိုက်တော့ လွှတ်တော်အမတ်များ ကတိသစ္စာပြုခြင်းဆိုင်ရာ စာသား ပြင်ဆင်ရေးနဲ့ ဒီချုပ်အမတ်များ လွှတ်တော်ထဲ ၀င်မ၀င် သတင်းဖြစ်စဉ်နဲ့ ပတ်သက်လို့ ကျွန်တော့်အမြင်ကို မပြောလိုက်ရသေးဘူးဗျာ။

            ဒီရက်ထဲ ဟိုက ဒီကမေးတာတချို့ကိုတော့ ဖြေလိုက်ပါတယ်။ မနေ့က မြန်မာတိုင်းမ်ဂျာနယ်က မေးတော့ ဗြိတိသျှပါလီမန်မှာ ၂၀၀၉ခုနှစ်က မြောက်အိုင်ယာလန် ဆင်ဖိန်း အမတ် ၅ ယောက် ကျမ်းသစ္စာမဆိုနိုင်ဘူးဆိုပြီး ငြင်းပယ်ခဲ့တဲ့ ဖြစ်ရပ်အကြောင်း ပြန်ပြောပြလိုက်သေးတယ်။ သူတို့ကတော့ ဗြိတိသျှဘုရင်မကြီး၏ သစ္စာတော်ကို စောင့်သိရိုသေပါမည်လို့ သစ္စာဆိုရတာကိုး။ ဘယ်လိုက်နာနိုင်ပါ့မလဲ။အခြေအတင်တွေ ဖြစ်ခြဲ့ပီးမှ နောက်တော့  ဆင်ဖိန်းတွေနဲ့ သဘောတူညီချက်ရအောင် ညှိနှိုင်းခြင်းဖြင့် ပြေလည်ခဲ့ပါတယ်။ ဆင်ဖိန်းရဲ့ လက်နက်ကိုင်အုပ်စုဖြစ်တဲ့  အိုင်အာအေ (IRA) တွေနဲ့တောင် ငြိမ်းချမ်းရေးရအောင်လုပ်ခဲ့ပြီးမှ လွှတ်တော်ထဲ ဆင်ဖိန်းတွေ ၀င်ရေးကို စကားလုံးကြောင့် ပြသနာ အဖြစ်မခံတဲ့ ဗြိတိသျှများရဲ့ နိုင်ငံရေးရင့်ကျက်မှုကို သာဓကပြချက်တစ်ခုပါပဲ။ 

            ကျွန်တော်တို့ဆီမှာက အဲသလို ပြသနာမဟုတ်ပါဘူးဗျာ။ နှစ်ဘက်စလုံးက တိုင်းပြည်အကျိုးကို ဦးထိပ်ထားပြီး ဖြေရှင်းလို့ရနိုင်တဲ့ ကိစ္စပါ။

(၁) ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမယ်ဆိုတာကို လေးစားလိုက်နာပါမယ်ဆိုတဲ့စကားရပ်နဲ့ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေမှာ ပြင်ဆင်ပေးခဲ့ပြီးပါပြီ။ ဒီတော့ ဒီစကားရပ်ကို ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြင်ဆင်ပေးမယ်ဆိုရင် ကန့်ကွက်မည့်သူ မရှိတန်ပါဘူး။ ဆိုလိုတာက ဒီစကားရပ် ပြင်ဆင်ပေးရေးကို အစိုးရက လက်ခံထားပြီးသားဖြစ်ပါတယ်။

(၂) သို့သော် အခြေခံဥပဒေမှာ ကတိသစ္စာပြု စာသားကို ပြင်လိုတယ်ဆိုရင် ပြည်ထောင်စု လွှတ်တော်ကပဲ သူတို့လုပ်ထုံးလုပ်နည်းများနဲ့အညီ ဆက်လုပ်သွားရမှာ ဖြစ်ပါတယ်။ ၂၀%က အဆိုပြု၊ ၇၅%ကထောက်ခံ၊ ပြင်ဆင်ချက်ကို အတည်ပြု။  (ဒီချုပ်မ၀င်လာခင် ပြင်ပေးပြီး ကြိုဆိုတဲ့နည်း။)

(၃) ဒီချုပ်တွေ မ၀င်လာခင် အဲသလို ပြင်ဆင်ပေးပြီး ကြိုဆိုလိုက်ရင် အတိုင်းထက်အလွန်ပေါ့ဗျာ။ အမျိုးသား ညီညွတ်ရေး စွမ်းဆောင်ချက်တစ်ရပ်လို့တောင် ပြည်ခိုင်ဖြိုးတွေကို အမှတ်ပေးစရာ ဖြစ်လာမှာပါ။ နောင်အခါမှာလဲ တူတာတွေကို တွဲလုပ်ဖို့ရာ နမူနာကောင်းတစ်ခု ဖြစ်လာမှာပါ။

(၄) အဲသလို မလုပ်ချင်ဘူးဆိုရင်လည်း နိုင်ငံတော်သမ္မတကဖြစ်စေ၊ လွှတ်တော်ဥက္ကဌများကဖြစ်စေ၊ ဒီချုပ်အမတ်များကို ၀င်သာဝင်လာခဲ့ပါ။ အထဲရောက်တဲ့အခါ လေးစားလိုက်နာပါမည်ဆိုတဲ့ စာသားအဖြစ် လွှတ်တော်လုပ်ထုံး လုပ်နည်းများနဲ့အညီ  ပြင်ဆင်ပေးပါမယ်လို့ အာမခံချက်ပေးပြီး ကမ်းလှမ်းလိုက်ရင်ကော၊ ဘယ်လိုနေမလဲ၊ ကျွန်တော်ကတော့ အဲသလို ကတိပေးရင် ဒီချုပ်တွေလည်း မျက်နှာမပျက်ဘဲ ၀င်လာနိုင်မယ်လို့ ယူဆပါတယ်။ (ပြင်ဆင်ရေးကတိပေးပြီး ၀င်လာစေတဲ့နည်း။)

(၄) ယနေ့တိုင်းပြည်မှာ အစိုးရ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုးနဲ့ ဒီချုပ်တို့ နောက်ကြောင်းပြန်မလှည့်ကြဖို့ အင်မတန်မှ အရေးကြီးပါတယ်။ နှစ် ၂၀ ကျော် ကြုံခဲ့ကြပြီပဲ။ နောက်ဆုံးတော့ တိုင်းပြည်ပဲ နာရတာပါ။ ပြီးခဲ့တဲ့ အပတ်က Messenger ဂျာနယ်မှာ “အစိုးရပါတီနဲ့ အင်အယ်လ်ဒီ ဘယ်လို ဆက်ဆံရေးမျိုးနဲ့ သွားကြမှာလဲ´´ခေါင်းစဉ်နဲ့ ကျွန်တော် ဆောင်းပါးရေးခဲ့ပါတယ်။ ကျွဲနှစ်ကောင်ခတ်ရင် ကြားက မြေဇာပင် ပြည်သူတွေပဲ နစ်နာရမယ်ဆိုတဲ့ အမြင်ကနေ ရေးခဲ့တာပါ။ အခု စာသားပြင်ရေး ပြသနာ မပေါ်ခင် စောစောကတည်းက ၁၃၊ ၄၊ ၂၀၁၂ရက်စွဲနဲ့  အဲဒီရှုထောင့်က စိုးရိမ်ပြီး ရေးခဲ့တာပါ။

 အဲဒီဆောင်းပါး face book မှာ ဆက်တင်ပေးပါမယ်။

မောင်ဝံသ (maungwuntha@gmail.com )

 

ကျော်ဝင်း၊ အီးမေးပေးစာ

တစ်ဖက်ပိတ်လမ်းအန္တရာယ် (ဘေးမှရပ်ကြည့်သူတစ်ဦး၏ ထင်မြင်ချက်များ)

နှစ်ကူးမှ နှစ်ဦး

မြန်မာနိုင်ငံရေးနှစ်ဦးမှာ ‘တစ်နေ့ရွှေ၊ တစ်နေ့ငွေ’ ဆိုရမည်လားမသိ။ ကြည့်လေ …၊ သင်္ကြန်မတိုင်မီနှစ်ကူးရက်များကပင် အားတက်မျှော်လင့်ဖွယ်ရာအပြည့်။ ဟော – သင်္ကြန်အပြီး နှစ်ဦးလည်းရောက်ရော၊ သို့လော … သို့လော ဖြစ်ရပြန်သည်။

အားလုံးသိကြသည့်အတိုင်း ဧပြီ ၁ ရက်နေ့က၊ ကြားဖြတ်ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပဖြစ်သည်။ ဤရွေးကောက်ပွဲမှာ အမတ်နေရာအားလုံး၏ ၇%နီးပါးမျှသာ ကိုယ်စားပြုသော်လည်း အရေးကြီးသော တိုးတက်မှုခြေလှမ်းတစ်ရပ်ဟု ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့်သူများက အလေးထားကြသည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ယှဉ်ပြိုင်သည်ဖြစ်၍ မြန်မာ့နိုင်ငံရေးအင်အားစုအားလုံး အကျုံးဝင်သောရွေးကောက်ပွဲ ဖြစ်သွားသည်။

ပို၍အားတက်ဖို့ကောင်းသည်မှာ ‘လွတ်လပ်ပြီးတရားမျှတသော  ရွေးကောက်ပွဲ’ ဆိုသည့် ပြည်တွင်းပြည်ပအကဲဖြတ်ချက်များပင်ဖြစ်သည်။ ဤအတိုင်းဆိုလျှင်
သင်္ကြန်အပြီးဆက်လက် ကျင်းပမည့် လွှတ်တော်အစည်းအဝေးများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါဝင်ပေတော့မည်။ လွှတ်တော်တွေမှာ မြန်မာ့နိုင်ငံရေးအင်အားစုများ ငြင်းကြ၊ ခုံကြ၊ ညှိကြ၊ နှိုင်းကြ၊ ဆွေးနွေးကြရာ ဒီမိုကရက်တစ်ဖိုရမ်ကြီးဖြစ်သွားပေတော့မည်။

အားတက်စရာအပြည့်၊

မျှော်လင့်စရာအပြည့် …။

သို့တစေ၊ သင်္ကြန်ပြီးသည်နှင့် လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်၊ သို့မဟုတ် ကျမ်းသစ္စာဆိုချက် ပုံစံ (ဇယား ၄) ပါ စကားလုံးအသုံးအနှုံး နှင့် ပတ်သတ်ပြီး အငြင်းပွားစရာပေါ်လာသည်။ ထိုမှတဆင့် NLD ပါတီမှ အနိုင်ရ အမတ်များ လွှတ်တော်မတက်တော့ ဖြစ်လာသည်။ စာရေးသူလို ဘေးမှရပ်ကြည့် အားတက်နေရသူများအတွက် နှစ်ကူးကမျှော်လင့်ချက်တွေမှာ နှစ်ဦးအရောက်မှာပင် “တန်ခူးလေနှင့် လျှောတော့သည်” ဖြစ်ရလေတော့သည်။

တစ်ဖက်ပိတ်လမ်း

နိုင်ငံရေး၊ အထူးသဖြင့် ဥပဒေတွင်း နိုင်ငံရေးတွင် ဆုံးဖြတ်ချက်တစ်ခုမချမီ အထပ်ထပ်အခါခါ ဘက်ပေါင်းစုံမှ လှည့်ပတ်စဉ်းစားကြရသည့် အမှားခံလို့မဖြစ်သော ကိစ္စမျိုးတွေ
မကြာခဏဆိုသလို ကြုံရတတ်ပါသည်။ Dead End ဟုခေါ်သည်။ ‘တစ်ဖက်ပိတ်လမ်း’ ဆိုပါဆို့။ မိမိဆုံးဖြတ်ချက်ကြောင့် မိမိကိုယ်ကို ချောင်ပိတ်မိစေသော၊ အဆင်မသင့်လျှင် မိမိ ‘လှုပ်ရှားခွင်’ (space) ကိုပင် စတေးရဖွယ်ရှိသော ကိစ္စမျိုးကိုဆိုလိုသည်။ အမျှော်အမြင်ရှိသော ခေါင်းဆောင်မှုအနေနှင့် ဤသို့သောပေါ်လစီမျိုးကို တတ်နိုင်သလောက်ရှောင်သည်။ အခြားရွေးစရာ ဘာတစ်ခုမျှ မရှိတော့မှ၊ ‘နောက်ဆုံးအားထားရာ’ (last resort) အဖြစ် မလွှဲမရှောင်သာ ရွေးလေ့ရှိသည်။

ပြောရလျှင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၀ ရွေးကောက်ပွဲကို သပိတ်မှောက်စဉ်က စာရေးသူဘ၀င်မကျခဲ့သည်မှာ တစ်ဖက်ပိတ်လမ်းထဲ မရောက်စေလို၍ဖြစ်သည်။ Dead End နှင့်တိုးမှာစိုးသောကြောင်ဖြစ်သည်။ တကယ့်လက်တွေ့တွင်လည်း တစ်ဖက်မှမျှော်လင့်သည်ထက် ပို၍သဘောထားပျော့ပြောင်းလာသောကြောင့်သာ စာရေးသူစိုးရိမ်သလို မဖြစ်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၀ ရွေးကောက်ပွဲအကြိုကာလအထိ၊ ဤမျှအခြေနေကောင်းလာလိမ့်မည်ဟု ဘယ်သူမျှ မျှော်လင့်ခဲ့ကြသည်မဟုတ်။

ယခုကိစ္စ (လွှတ်တော်တက်ရေး မတက်ရေး) မှာလည်း တစ်ဖက်ပိတ်လမ်း အန္တရာယ်ရှိသည်ဟုမြင်သည်။ ယခုကိစ္စမှာ ယခင်ကိစ္စ (၂၀၁၀ ရွေးကောက်ပွဲကိစ္စ) မှာလို
ခေါင်းဆောင်တစ်ဦးနှစ်ဦး၏ သဘောထားပျော့ပြောင်းမှုမျှလောက်နှင့်လည်း ပြေလည်နိုင်ဖွယ်ရာမရှိ။ ပုဒ်မ ၁၂၅ နှင့် ဇယား ၄ တို့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဌာန်းချက်ဖြစ်သည်။
နိုင်ငံရေးပါတီဥပဒေလို အလွယ်တကူပြင်လို့မရ။ လွှတ်တော်အတွင်းက ပြင်မှရပါလိမ့်မည်။ သို့အတွက် ပထမဆုံးလွှတ်တော်ထဲရောက်ဖို့လိုသည်။ ဒါတောင် USDP ကိုယ်စားလှယ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏ ထောက်ခံမှုလိုလိမ့်ဦးမည်။ ရှင်းရှင်းပြောရလျှင်၊ ယခုလောလောဆယ် လွယ်မည်မထင်သေးပါ။
ဤသို့ဆိုလျှင် NLD ဘာလုပ်မည်နည်း။ တစ်ဖက်ပိတ်လမ်း အန္တရာယ်ကိုထည့်သွင်းစဉ်းစားပေးကြပါဟု မေတ္တာရပ်ခံလိုပါသည်။

စကားလုံးတစ္ဆေ

မြန်မာ့နိုင်ငံရေးတွင် ‘နှုန်းစံအခြေပြုစဉ်းစားနည်း’ (normative thinking) များ လွှမ်းမိုးတွင်ကျယ်နေသလား၊ မကြာခဏဆိုသလို စဉ်းစားမိသည်။ ၀ိပ္ပဿနာတွင် ‘စာခံ’ နေလျင် ဥာဏ်စဉ်တက်ဖို့ခက်တတ်သည်ဟု ကြားဖူးသည်။ နိုင်ငံရေးတွင်လည်း ‘စံခံ’ နေကြလျင် လိုခရီးရောက်ရေးအတွက် အဟန့်အတား ဖြစ်လိမ့်မည်ထင်သည်။ အဆိုပါ ‘နှုံးစံအခြေပြုစဉ်းစားနည်း’ နှင့် ကျွဲကူးရေပါဖြစ်လေ့ရှိသည်မှာ စကားလုံးတွေကို အသေကိုင်ပြီး ကိုယ့်ဖာသာကိုယ် ပြန်လန့်နေတတ်ခြင်းဖြစ်သည်။

ယခုပြဿနာကိုပဲကြည့် …။

‘နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်’ ဆိုသော စကားလုံးများ အပေါ်ဗဟိုပြုနေသည်ကိုတွေ့ရသည်။ အခြားနိုင်ငံများ၏ အခြေခံဥပဒေများတွင် ဘယ်လိုရှိသည်သိချင်၍ လွယ်လွယ်ရှိသော Encarta တွင်ရှာကြည့်မိသည်။ လွှတ်တော်အမတ်များ ကတိသစ္စာပြုချက်ကိုတော့ မတွေ့။

အမေရိကန်သမ္မတများ ကျမ်းသစ္စာကျိန်ဆိုကြသည့် စာသားကိုသာတွေ့သည်။ သူတို့တွင်လည်း “Preserve, protect and defend the Constitution of United States” ဆိုသော စကားရပ်ပါသည်သာဖြစ်သည်။ (Preserve, protect and defend ဆိုသော အဓိပ္ပါယ်မနီးယိုးစွဲ စကားလုံးသုံးလုံးကြီးများတောင် သုံးထားသည်။) သို့တစေ ပြင်သင့်ပြင်ထိုက်၊ ပြင်စရာရှိလျင်မူ ပြင်ခဲ့ကြသည်သာဖြစ်ပါသည်။ ဤသို့ပြင်ဆင်ရင်းဖြင့်သာ အမေရိက၏ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည့်စုံကောင်းမွန်လာခြင်းဖြစ်သည်။

ပြောရလျင် စိတ်ကောင်းစေတနာနှင့် ပြင်ကြသည်မှာ အခြေခံဥပဒေကို ဖျက်စီးသည်မဟုတ်။ ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရာရောက်သည် မဟုတ်ပါလော…။ ဒီမိုကရက်တစ်နည်းကျ  ပြင်ဆင်နိုင်ကြဖို့ပဲလိုမည်ထင်ပါသည်။

စာရေးသူအနေနှင့် မြန်မာ့နိုင်ငံရေးအကျပ်အတည်းတွေနှင့်ကြုံတိုင်း၊ ‘ဗိုလ်ချုပ်အောင်ဆန်း ဘာတွေလုပ်ခဲ့သည်’ ကိုပြန်ကြည့်လေ့ရှိသည်။ လွတ်လပ်ရေးတိုက်ပွဲ နောက်ဆုံးအဆင့်တွင် ဗိုလ်ချုပ်ကိုယ်တိုင် ဘုရင်ခံအမှုဆောင်ကောင်စီတွင် ပါခဲ့သည်။ ဘုရင်ခံက ဥက္ကဌ။ ဗိုလ်ချုပ်ကဒုဥက္ကဌ။ ဘုရင်ခံမှာ ဗိုလ်ချုပ်အထက်ကလူ။ ဘုရင်ခံသစ္စာခံထားသည်က ဗြတိသျှအစိုးရ။ နှုံးတွေ၊ စံတွေ၊ စကားလုံးတွေနှင့် ကြည့်လျင် အဓိပ္ပါယ်တစ်မျိုး။

သို့သော် ဗိုလ်ချုပ်က ဒါတွေကို အသေမကိုင်။ ‘လက်တွေ့အခြပြုစဉ်းစားနည်း’ (pragmatic thinking) ဖြင့်ချဉ်းကပ်သည်။ သူတို့မျိုးဆက်ထဲတွင် ဗိုလ်ချုပ်က သူများထက် ခေါင်းတစ်လုံးမြင့်သည်မှာ လက်တွေ့ကျကျ စဉ်းစားဆုံးဖြတ်တတ်သောကြောင့် ဖြစ်လိမ့်မည်ဟု စာရေးသူကနားလည်ထားသည်။ သူက ‘စံ’ တွေကို အသေမကိုင်၊ စကားလုံးတစ္ဆေမကြောက်။

မေတ္တာရပ်ခံချက်

ဝန်ခံရလျင် စာရေးသူအနေနှင့် ယခုစာစုကို မ၀ံ့မရဲ ရေးရခြင်းဖြစ်ပါသည်။ နိုင်ငံရေးခေါင်းဆောင်များလည်းဖြစ်၊ ဥပဒေပညာရှင်များလည်း ဖြစ်ကြသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူများအနေနှင့် စာရေးသူလို အနုံညာတ တစ်ယောက်ထက် ပိုသိ၊ ပိုတတ်၊ ပိုစဉ်းစားနိုင်ကြမည်မှာ သေချာပါသည်။

သို့နှင့်အမျှ ‘မိချောင်းမင်းရေခင်းပြ’ သလိုဖြစ်မှာကိုလည်း အမှန်ပင်စိုးရိမ်ပါသည်။ အမှန်စင်စစ်၊ ‘နိုင်ငံရေးအကျပ်အတည်း တစ်ခုများ ကြုံလေဦးမလား’ ဆိုသော စိုးရိမ်သောကကြောင့် ရေးမိရေးရာ ရေးလိုက်မိသော၊ ဘေးမှရပ်ကြည့်သူတစ်ဦး၏ အတွေးစများသာဖြစ်သည်။

တစ်ဆက်တည်း၊ နှစ်ဘက်ခေါင်းဆောင်အားလုံးကိုလည်း မေတ္တာရပ်ခံပန်ကြားအပ်ပါသည်။

၁။ ဗိုလ်ချုပ်အောင်ဆန်း၏ အစဉ်အလာ၊ မဲဆန္ဒရှင်များ၏ မျက်နှာကို ထောက်ရှု၍ ဒုတိယအကြိမ် ပြန်လည်စဉ်းစားပေးပါဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်များကို လေးစားစွာ တောင်းပန်အပ်ပါသည်။

၂။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီခေါင်းဆောင်များ၊ တပ်မတော်ခေါင်းဆောင်များကိုလည်း နောက်ထပ် နိုင်ငံရေးအကျပ်အတည်းတစ်ခု မကြုံရလေအောင် အတတ်နိုင်ဆုံး ညှိနိုင်းဆောင်ရွက်ပေးပါဟု အားကိုးမျှော်လင့်စွာ တောင်းပန်အပ်ပါသည်။

ကျော်ဝင်း

၂၄ ဧပြီ ၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

8 thoughts on “Maung Wuntha & Kyaw Win – “အင်န်အယ်ဒီ၊ လွှတ်တော်နဲ့ ကျမ်းကျိန်စာသား သဘောထား” ကောက်နုတ်ချက်
  1. I strongly with U kyaw win, USDP has a chance to show their political maturity and skill. They should try to get win-win situation between them according to people desire

  2. ဆရာမောင်ဝံသနဲ့ ဆရာဦးကျော်ဝင်းတို့၏ သုံးသပ်ချက်အမြင်များ အလွန်သင့်မြတ်ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း၏ အလွန့်အလွန်ရိုးသား ရိုးရှင်းသည့် တိုင်းပြည်အကျိုးစီးပွားကို ရှေ့တန်းတင်သော တွေးခေါ်ဆုံးဖြတ်ချက်များကို နှစ်ဖက်လုံးမှ အတုယူသင့်ပါသည်။
    တိုင်းပြည်အတွက် အကျိုးရှိမည့် တူသည်များကို ပေါင်းဖက်လုပ်ကိုင်မည်ဟု ကြွေးကြော်ခဲ့သူများအနေဖြင့် ဖြေရှင်းရနိုင်သော အခက်အခဲတစ်ခုကို အကျယ်ချဲ့နေခြင်းသည် တိုင်းပြည်အတွက် အမှန်တကယ် အကျိုးဖြစ်ထွန်းစေမည့် လုပ်ဆောင်မှုဟု မယုံကြည်ပါ။ နှစ်ဖက်စလုံးတွင် မည်သည့်အကြောင်းပြချက်များ ရှိလင့်ကစား ယခုအခြေအနေအတွက် ယင်းအကြောင်းပြချက်များသည် ပေါက်မှဖေါ်သည့် ပေါက်ဖေါ်တစ်မျိုးဖြစ်သည်ဟုသာ ထင်မြင်မိတော့သည်။
    ယင်းပြဿနာ ဖြေရှင်းပုံနည်းလမ်းကို ကြည့်ပြီး သမ္မတ၊ လွှတ်တော်၊ ပြည်ခိုင်ဖြိုး နှင့် အင်အယ်လ်ဒီတို့အကြားတွင် တိုင်းပြည်အတွက် အမှန်တကယ် စေတနာရှိသူ မည်သူဖြစ်မည် ဆိုသည်ကို ထင်ရှားစွာ တွေ့မြင် မှတ်ကျောက်တင်ခံရမည့် အနေအထားဟု ထင်မြင်ယူဆမိပါသည်။ တစ်ယောက်မှ မစွံလျှင်တော့ မြန်မာပြည်အနာဂတ်သည် မတွေးဝံ့ဆရာအတိပင် ဖြစ်ပေလိမ့်မည့်။

  3. We realize both Daw Aung San Su Kyi and U Thein Sein are “Lady and Gentleman” with adorable “sincerity”. Wishing both two make right decision and pave way for sake of own people’s benefit.

  4. ဒီလို စံနှုန်းတွေကိုပါ ကိုင်မထားရင် စစ်တပိုင်း အာဏာရှင်စနစ်က ပိုပြီးတော့ သက်ဆိုးရှည်မှာပါ့ ဆရာ(ဦး) ကျော်ဝင်း ခင်ဗျာ..။ စကားလုံးတစ္ဆေ ကြောက်တာ၊ မကြောက်တာထက် စနစ် တစ္ဆေ ကြောက်လို့၊ သမိုင်း တစ္ဆေ ကြောက်လို့ ခင်ဗျာ..။ ခံရတာလည်း များနေပြီကို ခင်ဗျာ..။

    စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရမယ်ဆိုတာက အခြေခံဆွဲကိုင်၊ စံနမူနာပြုရမယ့် စံနှုန်း ခင်ဗျာ..။ ဗမာပြည်လို ရာစုနှစ်တွေနဲ့ချီ ခါးစည်း ခံခဲ့ရတဲ့ တိုင်းပြည်အတွက် အသေအချာကို ဆုပ်ကိုင်ရမယ့် မူ ခင်ဗျာ..။ ဆရာ ပြောလေ့ရှိတဲ့စကားနဲ့ဆို Norm ပေါ့..။ ဒါပေမယ့် ဖျောက်လို့မဖြစ်တဲ့၊ တွယ်ဖက်ထားရမယ့် Norm ခင်ဗျာ..။

    ကျနော်(တို့) ဝေဖန်၊ ထောက်ပြတယ်ဆိုတာက ရပ်တည်ချက် ယိမ်းယိုင်ပြီး ပျော့လို့၊ လွှတ်တော် ပြင်ပနိုင်ငံရေးကို မာမာထန်ထန်နဲ့ လုပ်နိုင်တဲ့ အင်အား (လူထုထောက်ခံမှု)၊ အခွင့်အရေး၊ အခြေအနေ (ဒီမိုကရေစီ အစိုးရပါ ဆိုပြီး တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာသိ ကြေညာထားတဲ့ အခြေအနေ) ရှိပါရဲ့နဲ့ မာသင့်တဲ့ ကိစ္စကို အစကတည်းက မမာခဲ့လို့သာ ပြောနေတာ..။ လွှတ်တော်ထဲ ဇွတ်အတင်း ကျူံးသွင်းမောင်းထည့်နေတာ မဟုတ်ဘူ..။

    ဗိုလ်ချုပ်က လူငယ်၊ လက်တွေ့ကျကျလုပ်တော့ ဂျပန်ခေါ်လာတယ်လေ..။
    (စကားချပ် – အဲ့ခေတ် စစ်ရေး၊ နိုင်ငံရေး အခြေအနေအရ ဗိုလ်ချုပ်တို့ မခေါ်လည်း ဂျပန်သူဘာသာ ဝင်လာမှာသာ ဖြစ်တယ်..။)

    ခုလည်း လက်တွေ့ကျကျလုပ်ရင်တော့ စစ်အာဏာရှင် သက်ဆိုးရှည်ရေးပဲ ဖြစ်မှာ၊ အဲ့လမ်းကနေ သွေဖည်သွားပြီလို့ ခုအချိန်ထိ ပြောမရသေးပါ ခင်ဗျာ..။

    ဗိုလ်ချုပ်က အဲ့ခေတ်မှာ သူများထက် ခေါင်းတစ်လုံးသာတယ်ဆိုတာ..သာရတဲ့ အကြောင်းရှိတယ်။ အရည်အချင်းရှိတဲ့ Born Leader ဖြစ်တာအပြင် သူထက် အသက်ကြီးသူတွေရဲ့ ပံ့ပိုးကူညီ၊ ထောက်ခံမှု၊ သူနဲ့တန်းတူ ပညာ၊ ဗဟုသုတ၊ အတွေးအခေါ်၊ အမြင်၊ စာရိတ္တ မြင့်မားတဲ့၊ ရှိတဲ့ လုပ်ဖော်ကိုင်ဖက် အပေါင်းအသင်းတွေရဲ့ ဝန်းရံမှုကြောင့် ခင်ဗျာ..။

    ခုဖြစ်နေရတာက တစ်ကိုယ်တော် ပင်တိုင်စံ မင်းသမီးအနေနဲ့ ချဲနေရတာ ခင်ဗျာ..။ နှစ်ပေါင်းများစွာ ပံ့ပိုးခဲ့တဲ့ တတ်သိပညာရှင် လူကြီးတွေရှိပါတယ်လို့ ပြောရင် လက်ခံတယ်..။ ဒါပေမယ့် နှစ်ငါးဆယ်ကျော် လူ့အဖွဲ့အစည်း စနစ်ထဲကို ရိုက်သွင်းခံရပြီး ဖြစ်တဲ့ အာဏာရှင်အတွေးအခေါ်၊ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံ သဘောက အနည်းနဲ့အများ သက်ရောက်နေပြီဖြစ်တော့ ဘယ်သူကများ ခေါင်းဆောင် သြဇာ ပြင်းပြင်းထန်ထန်၊ ထိထိရောက်ရောက် လွန်ဆန်ပြီး လမ်းကြောင်း တည့်မတ်ပေးဖူးလို့လဲ..။ အများစုခွဲထွက်သွားသူတွေက စစ်တပ်နဲ့ သွားပေါင်းတာသာဖြစ်တယ်..။ နောက်ဆုံး ခွဲထွက်သွားတာကလည်း ၂၀၀၈ စစ်ဖွဲ့စည်းပုံကို လက်ခံပြီးသွားတာဖြစ်တဲ့အတွက် စစ်တပ်နဲ့ တစိတ်တပိုင်း ပူးပေါင်းတာလို့ ဆိုနိုင်တယ်..။ တစ်ဦးစ၊ နှစ်ဦးစ မှန်ကန်တဲ့ ရပ်တည်ချက်နဲ့ ပြန်လည် ဝေဖန်တာ ရှိကောင်းရှိမယ်..။ ဒါပေမယ့် လူ့အဖွဲ့အစည်းမှာကိုက အာဏာရှင်အကျင့်စရိုက်က အရိုးစွဲနေပြီဆိုတော့ အဲ့ တစ်ဦးစ၊ နှစ်ဦးစ ပုဂ္ဂိုလ်တွေပဲ နိုင်ငံရေး သေ၊ လူမုန်းခံရတာတွေနဲ့ပဲ အဆုံးသတ်လေ့ရှိတယ်..။ ဘေးက အဓိကရပ်နေတဲ့ အများစုကလည်း ဗောင်းတော်ညိမ့်၊ စိတ်တော်သိ လုပ်နေတဲ့ အနားပြာတွေပဲ ဖြစ်တယ်။ နောက်လိုက်၊ (ဒဲ့ပြောရရင်) ပြည်သူ့ ထောက်ခံမှု ဆိုတာကလည်း ကိုယ့် ခေါင်းဆောင်ကို ဖျက်စီးနေကြတဲ့..၊ လူထုခေါင်းဆောင်၊ နိုင်ငံရေး ခေါင်းဆောင်ကို ဓာတ်ပုံ မော်ဒယ်လ်၊ မင်းသမီး လုပ်ပေးဖို့လောက်သာ အဓိကစိတ်ဝင်စားတဲ့ ဟေးလားဝါးလားတွေက ပိုများတယ်လို့ ဆိုနိုင်တယ်..။ အဲ့တော့ ခုအခြေအနေနဲ့ ဗိုလ်ချုပ်ခေတ် အခြေအနေ နဲ့ ဘယ်လိုမှ နှိုင်းလို့မရတာ ရှင်းပါတယ် ခင်ဗျာ..။

    ပိုဆိုးတာက ဗိုလ်ချုပ် ဆန့်ကျင်ခဲ့ရတာက နှစ်ပေါင်းရာချီနေတဲ့ ကိုလိုနီစနစ်ပေမယ့် ပြောဆို၊ ဆက်ဆံရတဲ့ သူတွေက ယေဘုယျအားဖြင့် လူကြီးလူကောင်း အကျင့်၊ စရိုက်ကို စောင့်ထိန်းတဲ့ လူတွေ ခင်ဗျာ..။ ခုလို ခုတမျိုး၊ တော်ကြာ တမျိုး ပြောတတ်တဲ့..၊ အတိတ်မေ့သလိုလို၊ ရွှေပျောက်သလိုလိုနဲ့ အရူးကွက်လည်း နင်းတတ်တဲ့ လူတွေ မဟုတ်ဘူး၊ ခု အခြေအနေက အရူးလင်လုပ်နေရတဲ့ သဘော ခင်ဗျာ..။ အချိန်မရွေး ဘာဖြစ်မယ်..၊ ဘာဖြစ်နိုင်တယ် ဆိုတာ မနည်းမြင်အောင် ကြည့်နေရတာ ခင်ဗျာ..။

    ချုပ်ရရင်တော့ ဆရာ (ဦး) ကျော်ဝင်း ခင်ဗျာ..။ ဘယ်ဟာက Pragmatic, ဘယ်ဟာက Normative, ဘယ်ဟာက စံနှုန်း၊ မူ အနေနဲ့ ဆွဲကိုင်သင့်ပြီး..၊ ဘယ်ဟာက လက်တွေ့ကျကျ လိုက်ရမယ်ဆိုတာ သမိုင်းက သက်သေပြုပါလိမ့်မယ်.. ခင်ဗျာ..။

    လေးစာလျက်

    ငြိမ်းချမ်းအေး
    ၃၀၊ ဧပြီ၊ ၂၀၁၂

  5. ဒီချုပ်က ဘာလဲ။နိုင်ငံတကာက မျက်နှာသာပေးတိုင်း လုပ်ချင်ရာလုပ်နေတဲ့ သဘောလား။ ဘရမ်းဘတာလူတွေလား။ ရွေးကောက်ပွဲမှာ မဲနိုင်တာနဲ့ လုပ်ချင်ရာလုပ်မယ်ဆိုတဲ့ သဘောလား။ တိုင်းပြည်ကောင်းစားဖို့ ထောင်ကျခံနေရုံ၊ နိုင်ငံတကာထောက်ပံ့ငွေ တောင်းစားနေရုံနဲ့ မရဘူး။ လက်ရှိအစိုးရနဲ့ ပူးပေါင်းရင် လုပ်ငန်းတွေ မြန်မြန်ဆန်ဆန် မအောင်မြင်နိုင်ဘူးလား။ ဒီချုပ်လုပ်တာ မှအမှန်၊ ဒီချုပ်တွေးတာမှ အမှန်၊ ဒီချုပ်က လူတွေပဲ အကောင်း၊ ဒီချုပ်က လူတွေပဲ အရည်အချင်းရှိတယ်ဆိုတဲ့ အတွေးအခေါ်တွေ ဖျောက်သင့်ပါပြီ။ ပြည်သူတွေမျက်နှာကြည့်မယ်ဆိုရင် ဟိုထောက်ဒီထောက်လိုက်ထောက်မနေနဲ့။ ထောက်မယ်ဆိုရင် ထောက်စရာတွေ ဗလပွပဲ။ ဘယ်လိုလုပ်ကြရင်ကောင်းမလဲဆိုတာ စဉ်းစားပြီး အလုပ်နဲ့သက်သေပြလိုက်စမ်းပါ။ အပြောလေးနဲ့ လုပ်လိုက်၊ နိုင်ငံတကာရဲ့ အာရုံစိုက်မှုရအောင် ထောက်ကွက်လေးနဲ့တင်းခံလိုက်။ ဒါနိုင်ငံရေးလုပ်နေတာနဲ့မတူပဲ နိုင်ငံရေးနဲ့လုပ်စားနေသလိုဖြစ်နေတယ်။ ဒီချုပ်ဘေးမှာလေ မီဒီယာအားလည်းရှိပါတယ်။ ပြည်သူတွေလည်းရှိပါတယ်။ နိုင်ငံတကာလဲရှိပါတယ်။ ဘာမဟုတ်တဲ့ စကားလေးကိုထောက်နေရုံနဲ့ တိုင်းပြည်ကောင်းစားလာမှာ မဟုတ်ဘူး ဆိုတာလေးလဲတွေးပါအုန်း။ လမ်းတွေပြင်နေတယ်။ ပြင်ပါစေလေ။ သူတို့အလုပ်ပဲ။ ပြင်ရမှာပေါ့။ ပြင်နေတာလဲကြည့်ပါလား။ ဟိုဟာလိုဒီဟာလိုနဲ့။ဒီကောင်တွေစောက်သုံးမကျပါဘူး။ အလကားဟာတွေ။ (ဒါဒီချုပ်ကလူတွေရဲ့စိတ်ဓာတ်)။ ဖြစ်သင့်တာက ဒါလေးကိုဒီလိုလုပ်လိုက်ရင်ကောင်းသွားမှာ။ ကျုပ်တို့လဲ ၀ိုင်းဝန်းလုပ်မယ်လေ။ ဘာလိုလဲ။ လုပ်အားလိုလား။ ထောက်ပံ့မှုလိုလား။ အဲ့လိုတွေးခေါ်ရမှာလေ။

  6. nyeinchan aye သုံးသပ်တာတွေလည်းမှန်တယ်လို့ထောက်ခံပါတယ်။ စစ်အစိုးရနဲ့ဆက်ဆံရတာဟာ
    အရူးလင်လုပ်နေရသလိုပါတစ်ကယ်ပါ။ အင်္ဂလိပ်က ကတိတို့ဘာတို့ကိုတန်ဖိုးထားတတ်သေးတယ်။စစ်အ
    စိုးရက ကတိမပြောနဲ့ သူ့ဖာသာသူချမှတ်တဲ့စည်းမျဉ်းတောင်လိုက်လျှောက်ချင်မှ လျှောက်တာ။
    ကျော်ကျော်ဝေဖန်တာကောင်းပါတယ်ဒါပေမယ် sတွေဘာတွေ ပါတာမကောင်းဘူး။ ဒီချုပ်ကထောက်
    ပံ့ငွေနဲ့လုပ်စားတယ်ပြောရအောင်သက်သေရှိလား။ မရှိရင် ရမ်းရမ်းမပြောနဲ့။ လည်ဆယ်ဝန်ကြီးလိုပြန်
    တောင်းပန်နေရမယ်သတိထား။

Comments are closed.