Uncategorized

သတင်းဓါတ်ပုံဖျက်ဆီးခံရခြင်းနှင့်သတင်းထောက်များခြိမ်းခြောက်ခံရခြင်း နှင့်ပတ်သက်၍

သတင်းဓါတ်ပုံဖျက်ဆီးခံရခြင်းနှင့်သတင်းထောက်များခြိမ်းခြောက်ခံရခြင်း နှင့်ပတ်သက်၍
မြန်မာဂျာနယ်လစ်ကွန်ရက်၏ သဘောထား ထုတ်ပြန်

မိုးမခသတင်းကောက်နုတ်ချက်၊ သလ္လာဝတီတိုင်းဖေ့စ်ဘွတ်(ခ်) မှ၊ နိုဝင်ဘာ ၁၉၊ ၂၀၁၃
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬


ထုတ်ပြန်ချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။
နေ့စွဲ ၁၈၊ ၁၁၊ ၂၀၁၃

၁။ ၂၀၁၃ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့ည ၉ နာရီဝန်းကျင်က မုံရွာခရိုင် ဆားလင်းကြီးမြို့နယ် မိုးကြိုးပြင်ရွာ တောင်ဘက် ပုသိမ်-မုံရွာလမ်းမပေါ်တွင် ယူနတီ သတင်းဂျာနယ်မှ သတင်းထောက် ကိုကျော်နိုင်နှင့် အာရှအလင်း သတင်းဂျာနယ်မှ သတင်းထောက် ကိုမျိုးမြင့်ဇော်တို့၏ ကင်မရာများအား လုံထိန်းရဲများက နိုင့်ထက်စီးနင်း စစ်ဆေး၍ သတင်းဓါတ်ပုံများအား အဓမ္မဖျက်ခိုင်းခဲ့ပါသည်။

ထို့ပြင် သတင်းမီဒီယာ သမားမှန်းသိလျှက်နှင့် ရိုင်းစိုင်းစွာ ပြုမူပြောဆိုခြင်း၊ မည်သည့် အကြောင်းအချက်မျှမရှိပါပဲ သတင်းထောက်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ် လိုင်စင်၊ တည်းခိုရာနေရာတို့ကို တရားခံ တစ်ဦးသဖွယ် စစ်ဆေးခဲ့ပါသည်။ အထက်ပါ လုပ်ဆောင်ချက်များ လုပ်ဆောင်နေစဉ် သတင်းထောက်တစ်ဦးက ရဲအရာရှိတစ်ဦးကို ရာထူးအခေါ်အဝေါ် မှားယွင်းခေါ်ဆိုမိခဲ့ရာ ဒုရဲအုပ် အဆင့်ရှိသူက ယင်းသတင်းထောက်ကို ရိုင်းစိုင်းစွာဆဲရေး တိုင်းထွာခဲ့ပါသည်။

၂။ သတင်းထောက်များ အနေဖြင့် အများပိုင် ဧရိယာဖြစ်သည့် ပုသိမ်မုံရွာ လမ်းမပေါ် တွင် လွတ်လပ်စွာ သွားလာခွင့် ရှိသည့်ပြင် ၎င်းနေ့ညက ဖြစ်ပျက်သည့် ပဋိပက္ခနှင့် ပတ်သက်၍လည်း သတင်းမီဒီယာ ကျင့်ဝတ်နှင့် အညီသတင်းရယူခွင့် ရှိသည်ဟု မြန်မာဂျာနယ်လစ်ကွန်ရက်မှ အခိုင်အမာယုံကြည်သည်။

၃။ အထက်ဖေါ်ပြပါ ပြုမူမှုများသည် သတင်းမီဒီယာ သမားတစ်ဦးအပေါ်သာမကပဲ သာမန်ပြည်သူ တစ်ဦးအပေါ်တွင်ပင် ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် မပြုမူသင့်သည့် လုပ်ဆောင်မှုများဖြစ်ပါသည်။

လုံခြုံရေး တာဝန်ယူထားသူများ အနေဖြင့် တိုင်းပြည်၏ စတုထ္ထမဏ္ဍိုင် ဟုတင်စားခေါ်ဆိုပြီး နားမျက်စေ့ သဖွယ်လည်းဖြစ်သည့် သတင်းမီဒီယာသမားများ အပေါ် ယခုကဲ့သို့ ပြုမူခြင်းမှာ တရားဥပဒေနှင့် ညီညွတ်ခြင်း မရှိသကဲ့သို့ ဒီမိုကရေစီစနစ်၏ အခြေခံကျသည့် ပွင့်လင်းမြင်
သာမှုနှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုမှုကို ထိခိုက်စေပြီး သတင်းမီဒီယာများ သတင်းလွတ်လပ်စွာရယူခွင့်ကို ကြီးမားစွာထိခိုက်စေသည့် ခြိမ်းခြောက်မှု တစ်ရပ်အဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်မှ ရှုမြင်ပါသည်။

ထို့ပြင် ဒီမိုကရေစီအသွင်ကူးပြောင်းရေးသို့ ဦးတည်နေသည့် ယနေ့ကာလတွင် နိုင်ငံတော်
အစိုးရ၏ ဂုဏ်သိက္ခာကိုလည်း ထိခိုက်စေသည့် အပြုအမူတစ်ရပ်လည်းဖြစ်ပါသည်။

၎။ ယခုအဖြစ်အပျက်ကို အရေးယူဆောင်ရွက်ခြင်း မပြုပါက နောက်နောင် အလားတူဖြစ်ရပ်မျိုး ဖြစ်ပွားလာနိုင်စရာ ရှိသည့်ပြင် ပြည်သူများလွတ်လပ်စွာ သတင်းအချက်အလက်သိပိုင်ခွင့် အတွက် အသက်တမျှအရေးကြီးသည့် သတင်းသမားများ သတင်းလွတ်လပ်စွာရယူခွင့်ကို ထိပါးမှု၊ ခြိမ်းခြောက်မှု တစ်ခုဖြစ်သည်ဟု မြန်မာဂျာနယ်လစ် ကွန်ရက်က ရှုမြင်ကြောင်း ထုတ်ပြန်လိုက်ပါသည်။

၅။ သို့ဖြစ်ပါ၍ ယင်းဖြစ်ရပ်နှင့် ပတ်သက်ပြီး ပြည်ထဲရေး ၀န်ကြီးဋ္ဌာနအနေဖြင့်
စုံစမ်းစစ်ဆေးကာ တရားဥပဒေစိုးမိုးမှုရှိရေး၊ သတင်းလွတ်လပ်စွာရယူခွင့်ကို
အသိအမှတ်ပြု စေရန် လိုအပ်သည့် ဆောင်ရွက်မှုများ ပြုလုပ်ပေးရန် မြန်မာဂျာနယ်လစ်
ကွန်ရက်မှ တိုက်တွန်း တောင်းဆိုလိုက်သည်။

★မြန်မာဂျာနယ်လစ်ကွန်ရက်(ရန်ကုန်)★
၁၇၊ ၁၁၊ ၂၀၁၃၊

မိတ္တူကို –

★ ၁။ နိုင်ငံတော် သမ္မတရုံး၊ နေပြည်တော်
★ ၂။ ပြည်ထောင်စုဝန်ကြီး ပြည်ထဲရေး ၀န်ကြီးဋ္ဌာန၊ နေပြည်တော်၊
★ ၃။ ပြည်ထောင်စုဝန်ကြီး၊ ပြန်ကြားရေး ၀န်ကြီးဋ္ဌာန၊ နေပြည်တော်
★ ၄။ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts