အခန်းဆက်များ

မြူတိမ်ဝေဝေ … တောင်ခိုးဝေးဝေး – အပိုင်း (၂၅)

မေခ
ဧပြီ ၂၂၊ ၂၀၁၂
Twilight over Burma by Inge Sargent – Serial Translation
အခန်း (၁၂)

အိပ်ခန်းဝရံတာမှကြည့်လျှင် အရှေ့စံအိမ်တော် တည့်တည့်ကိုလာသောလမ်းကို သုစန္ဒာမြင်နိုင်သည်။ စဝ်ကိုသယ်ဆောင်လာသော ကား သို့မဟုတ် သူ့သတင်းစကားအသစ်ကို သူမ စိတ်လှုပ်ရှားစွာဖြင့် မျှော်လင့်နေမိလေသည်။ သို့သော် သူမမြင်နေရတာတွေကတော့ တခါတခါ စက်ဘီးတစီး၊ ခွေးလေခွေးလွင့်တကောင်နှင့် နောက်ခံတွင် စံအိမ်တော်အဟောင်း၏တိုင်လုံးများကို သာဖြစ်လေသည်။ ဒုတိယကမ္ဘာစစ်တုန်း က စံအိမ်တော်ကြီးတခုလုံးပျက်စီးသွားတာကောင်းတယ်ဟူသော စံအိမ်တော်အဟောင်းနှင့်ပတ်သက်ပြီး စဝ်ပြောဖူးသောစကားကို သွား အမှတ်ရသဖြင့် သူမ ပြုံးမိရလေသည်။

သူ မကြိုက်တာက တခုပဲရှိပါသည်။ သူသည် ထိုစံအိမ်တော်အဟောင်းတွင်နေထိုင်သည့်အခါ ကြောက်ရွံ့စိုးထိတ်သောအတွေးများကို ခံစားရသောကြာင့်ဖြစ်ပေသည်။ သုစန္ဒာသည် သူမအလုပ်အကြောင်း မကြာခဏတွေးသည်။ နောင်ဘာတွေဖြစ်လာနိုင်မလဲဟု ကြိုလည်း တွေး ကြည့်နေတတ်သည်။ မှတ်တမ်း ဓာတ်ပုံအယ်လ်ဘန်က ပျောက်ဆုံးသွားပြီဖြစ်သော်လည်း အုတ်မြစ်ငုတ်တို နှင့် ခလုတ်တိုက်လဲချင်စရာ အဆောက်ဦးတခုတော့ကျန်ရစ်နေသေးလေသည်။ အန်တီကြီးဘုရားက စံအိမ်တော်ဟောင်းအတွင်းကအကြောင်းတွေကို အသေးစိတ်ဖြည့် ပြောပြပေးသည်။ ကြီးမားကျယ်ဝန်းသောခန်းမကြီးသည် မှောင်မိုက်နေသည်။ သီးသန့်ခန်းမရှိ။ အတွင်းမှာလည်း အခန်းများမရှိ။ သူ့ထူးခြား သောအတွေ့အကြုံများနှင့် မြန်မာပြည်တွင် သင့်လျှော်မှန်ကန်သောအချိန်ကျမှ သူသည် နမ့်ပန်းသို့ပြန်လာခဲ့သည်။ ထိုအချိန်တွင် သူ့အဖိုး က စံအိမ်တော်ဟောင်းကို စတင်ဆောက်ခဲ့လေသည်။

သူ့အမည်မှာ စဝ်ခွန်စိန်ဖြစ်သည်။ သူသည် မန္တလေးနန်းတော်တွင် ကြီးပြင်းလာခဲ့သူဖြစ်သည်။ ၁၈၈၂ တွင် သီပေါဘုရင်၏ အလိုမကျမှုက သူ့အပေါ်ကျရောက်လာသည်။ ထို့ကြောင့် သူသည် အင်္ဂလိပ်ပိုင်ဖြစ်သော အောက်မြန်မာနိုင်ငံ ရန်ကုန်သို့ ထွက်ပြေး ခိုလှုံရသည်။ ထိုစဉ်တွင် သူ့နောက်လိုက်နှစ်ဦးက သူ့ကို ဆန့်ကျင်တော်လှန်ရန်ကြံစည်နေကြသည်ဟု သူသံသယဖြစ်တာမို့ ထိုသူတို့ကို သေနတ်ဖြင့်ပစ်သတ်လိုက် သည်။ တိုင်းယိုင်ဥပဒေအရဆိုလျှင် သူမှန်နေလေသည်။ သူအံ့သြရတာက ဗြိတိသျှ ဥပဒေအရ သူ့ကို လူသတ်မှုဖြင့်တရားစွဲခံရပြီး သေဒဏ် စီရင်ခံရခြင်းပင်ဖြစ်လေသည်။ နောက်တွင်မှု သူသည် ဗြိတိသျှတို့၏ နယ်နှင်ဒဏ်ခံရ၍ ပိုင်နက်အတွင်းမှ ထွက်ခွာသွားခြင်းဖြင့် လွတ်မြောက် ခဲ့သည်။သူ နမ့်ပန်းသို့ပြန်လာပြီး မြို့ကိုပြန်လည်တည်ဆောက်လေသည်။ မြို့က တိုင်းယိုင်တွေတိုက်သောစစ်ပွဲကြောင့် ပျက်စီးနေခဲ့သည်။ ပြီးနောက် ၁၈၈၆ တွင် အင်္ဂလိပ်က မြန်မာနိုင်ငံကိုသိမ်းပိုက်လိုက်သောအခါ သူသည် မြန်မာနိုင်ငံနှင့် မြောက်ပိုင်းမိန်းတိုင်းနယ်နိမိတ် နယ် ခြားမျဉ်းကို စတင်ရေးဆွဲခဲ့တော့သည်။ တနှစ်အကြာတွင် တန်ခိုးကြီးမားလှသော ဗြိတိသျှဘုရင်မကြီး ဗစ်တိုးရီးယားက သူ့ကို ပထမဆုံး သော မိန်းတိုင်းခွန်မိန်းအဖြစ် အသိအမှတ်ပြုခြင်းကိုခံခဲ့ရလေသည်။ အပြန်အလှန်အားဖြင့် သူသည် ဗြိတိသျှတို့ကို အခွန်လက်ဆောင် ပဏ္ဌာ ၁ဝ နှစ်ဆက်သဖို့မှ ကင်းလွတ်ခွင့်ကို ပေးသနားခြင်းခံရသည်။ သူ့အနီးနားချင်းပြည်နယ်လေးသုံးခုက ထောက်ပံ့ ဖို့တောင်းဆိုခြင်းကို သူလက်ခံရလေသည်။ စဝ်ခွန်စိန်သည် အင်္ဂလန်သို့ (၂) ကြိမ်သွားခဲ့ပြီး ဘုရင်မကြီးက လက်ခံတွေ့ဆုံခဲ့သည်။ ဗြိတိသျှအင်ပါယာ၏သြဇာ အာဏာကို လက်ခံပေါင်းစည်းဖို့ဖြစ်လေသည်။ ပြီးနောက် သူမသေခင်လေးမှာ မြန်မာနောက်ဆုံးမင်းဆက် သီပေါဘုရင်၏အမတော်အရင်း ပုခန်းကြီးစုဖုရားကို လက်ထပ်ယူခဲ့သေးလေသည်။ စဝ်၏အဖိုးသည် သူ့မြေး၏ ဂျာမနီနိုင်ငံဖွား မဟာဒေဝီကို အင်္ဂလိပ်စတိုင် အရှေ့စံအိမ် တော်အသစ်မှာ ဘာလို့နေစေတာလဲဆိုတာကို တွေးမိမည်ထင်သည်ဟု သုစန္ဒာကအံ့မိတော့သည်။ သူတို့ နမ့်ပန်းကအရှေ့စံအိမ်တော် ကိုစရောက်တော့ သူမသည် စည်းစိမ်အပြည့်ဖြင့် ခေတ်မှီမှီ စံအိမ်တော်အတွက် စဝ်ကိုကျေးဇူးတင်နေမိတော့သည်။ စဝ်သည် သူ အင်္ဂလန် မှာနေစဉ်က ဒီစံအိမ်တော်ဆောက်ဖို့သူကိုယ်တိုင် ပုံစံဆွဲပေးခဲ့ခြင်းဖြစ်လေသည်။ သူလည်းပဲ သူ့အဖိုးနေထိုင်ခဲ့သော စံအိမ်တော်ဟောင်းတွင် နေထိုင်လိုစိတ်မရှိခဲ့ချေ။

သုစန္ဒာသည် စဝ်နှင့်ပေါင်းပြီး အခြားခွန်မိန်းတွေ၏စံအိမ်တော်တွေသို့ အလည်သွားခဲ့ဖူးသည်။ အသစ်အဟောင်း၊ အသေးအကြီး၊ အစုံဖြစ် သည်။ အချို့သည် သူမကို ဖမ်းစားဆွဲဆောင်နိုင်သော်လည်း အရှေ့စံအိမ်တော်လို ခမ်းနားကြီးကျယ် ဣနြေ္ဒရှိမှု၊ စည်းစိမ်ကျနမှုမျိုးတော့ တခုမှ မတွေ့ခဲ့ရချေ။တောင်ကြီးတွင် အစိုးရအဆောက်အဦးတခုရှိသည်။ မိန်းတိုင်းနယ် ဖက်ဒရယ်ဗြိတိသျှကော်မရှင်နာမင်းကြီးအတွက် ဆောက်ထားခြင်းဖြစ်သည်။ မိန်းတိုင်းနယ်ကို မြန်မာပြည်၏အကျိုးစီးပွားနှင့် သီးခြားခွဲထုတ်ပြီး ဗြိတိသျှအစိုးရ၏အောက်တွင် တိုက်ရိုက် ကာကွယ်အုပ်ချုပ်ခြင်းပင်ဖြစ်လေသည်။

တောင်ကြီးသည် ဗြိတိသျှအစိုးရအုပ်ချုပ်ရေးအဆောက်အဦး၏ လသာဆောင်လို လှပသောဥယာဉ်မြို့လေးနှင့်တူလှသည်။ စိမ်းလန်း ထူ ပြောသော တောနက်တွေနှင့် ကျောက်တောင်ထိပ်တွေက ဝန်းရံထားသည်။ သစ်ပင်များကို သုစန္ဒာ စိမ်းလဲ့အေးတွင် မြင်ဖူးပါသည်။ သို့ သော် တောင်ကြီးတွင်ရှိသောသစ်ပင်တို့သည် မိန်းတိုင်းတွင်ရှိသော အပင်တို့နှင့် ခြားလှချေသည်။ နေရာတိုင်းတွင် ကြီးမားလှပ ဆွဲဆောင်မှု ရှိသောကျောက်တုံးဖြင့်ဆောက်လုပ်ထားသောအိမ်များကို ပန်းဥယျာဉ်များအတွင်းတွင် တွေ့ရလေသည်။ ထို့အပြင် စိန်ပန်းပြာပင်များ၊ ပန်း နုရောင် ငုပင်များ၊ ဆူးပင်အဖြူကြီးများ၊ ကျက်သရေရှိလှသော ငွေဝက်သစ်ချပင်များ၊ လှပသော ထင်းရှူးပင်များ၊ ကြီးထွားနေသော သစ် တော်ပင်များ၊ ချယ်ရီပင်များနှင့် ပန်းသီးပင်များကိုလည်း မြင်နိုင်လေသည်။ တောင်ပေါ်စခန်းလေးတွင် အပူချိန်က အေးနေသည်။ ပင်လယ် ရေမျက်နှာပြင်အထက် ပေငါးထောင်ကျော်တွင်ရှိသည်။ သုစန္ဒာ၏နုပါးပြင်ရဲရဲသည် အစဉ်အေးနေတတ်သည်။ သည်အချက်တွေက နမ့်ပန်း မှာ အားနည်းရှာလေသည်။

သူမသည် ဥရောပအငွေ့အသက်ရသော တောင်ကြီးနှင့် ဆေးရောင်စုံသောပန်းဥယျာဉ်ကို သဘောကျသည်။ သို့သော် သူမသည် အင်းလေး သို့မသွားပဲ ဘယ်တော့မှမနေခဲ့ချေ။ တောင်ကြီးမှ အရှေ့ မိုင် ၃ဝ အကွာတွင် ညောင်ရွှေနယ်၏တောင်အောက်က ရေအိုင်ကြီးဖြစ်လေသည်။ သူမကို ထူးဆန်းသောခံစားမှု စိတ်အေးချမ်းသာ ဆွဲဆောင်မှုကိုပေးပြီး ညှို့ထားလေသည်။ ညောင်ရွှေခွန်မိန်းသည် ရန်ကုန်တွင်သာ အနေ များပြီး သူသည် ပြည်နယ်များ၏ ပြောရေးဆိုခွင့်ရှိသူတယောက်အနေဖြင့် လွှတ်တော်တက်ရလေသည်။ ခွန်မိန်း၏ဆွေမျိုးများက စံအိမ် တော်ကို ဆက်လက်ထိန်းသိမ်းထားသည်။ အင်းလေးကန်နှင့်နေထိုင်ကြသော အင်းသားများဆီသို့ များစွာသောဧည့်သည်များလာရောက်လည်ပတ်ကြလေသည်။ တခါက စဝ်အစည်းဝေးတက်နေစဉ်တွင် သုစန္ဒာသည် အင်းလေးကန်ထဲသို့ မော်တော်ဘုတ်စီးပြီး လျှောက်လည်ခဲ့ ဖူးသည်။ သုံးမိုင်ရှည်သော တူးမြောင်းအတွင်းဖြတ်နေစဉ် အင်းထဲက ဗေဒါပင်များနှင့် မော်တော်ဘုတ်စက်ပိတ်ဆို့ပြီး ထိုးရပ်သွားခဲ့ဖူးသေး သည်။

ထိုမော်တော်ဘုတ်များကို ဥရောပမှတင်သွင်းခဲ့သည်။ ရေတိမ်သော အင်းလေးကန်သည် မိုင်၂ဝ ရှည်ပြီး ၁၂ မိုင် ကျယ်လေသည်။ ကန် ရေပြင်သည် အေးမြနေပြီး မှန်ကြည့်ရသလိုကြည်လင် ရှင်းသန့်နေသည်။ ကန်ပတ်ပတ်လည်ကို တောင်များကဝန်းရံထားသည်။ စိမ်းစိုမှိုင်းညို့နေသောတောင်များသည် တိမ်ကင်းစင်သော မိုးကောင်းကင်ပြာပြာထဲသို့ ထိုးထွက်နေကြတော့သည်။ အင်းသားတို့သည် အင်းလေးကန် ထဲတွင် နေထိုင်ကြသည်။ သုစန္ဒာ၏မော်တော်ဘုတ်က ပထမဆုံးကန်၏အလယ်ရှိ ရေပေါ်တွင် ခြေတန်ရှည်ဖြင့်တည်ဆောက်ထားသော ဧည့်ရိပ်သာဆီသွားနေလေသည်။ ထိုဧည့်ရိပ်သာကို ဂုဏ်သရေရှိလူကြီးများလာလျှင် ဧည့်ခံဖို့ဆောက်လုပ်ထားသည်။ ဝရံတာပေါ်တွင် ညှိုးကျနေကြသော ပန်းကုံးများကိုတွေ့လိုက်ရတော့ တလောကမှ အလည်လာသွားကြသော ယူဂိုဆလားဗီးယားသမ္မတ မာရှယ်တီးတိုးတို့ကို အမှတ်ရစေလေသည်။

ဆူညံသော မော်တော်ဘုတ်၏ပန်ကာသည် တည်ငြိမ်နေသောရေပြင်ကို မွှေနှောက်သွားသည်။ သူတို့မော်တော်ဘုတ်က အသက်အရွယ်အမျိုးမျိုးသောယောက်ျားများရပ်လျက်လိုက်လာကြသော ထူးဆန်းသည့် အခွံလိုလှေများကို ဖြတ်ကျော်လာကြသည်။ လှေပေါ်တွင် ယောက်ျား များသည် မတ်တပ်ရပ်လျက်က ရှည်လျားသောလှော်တက်ကို ခြေထောက်တဘက်ဖြင့် ရစ်ပတ်ပြီးလှော်နေကြလေသည်။ ငါးဖမ်းသည့်အခါ သီးနှံစိုက်ပျိုးသည့်အခါနှင့် တနေရာမှ တနေရာ ကူးလူးသွားသည့်အခါ လက်တဘက်သည် အမြဲလို လွတ်လပ်နေလေ့ရှိသည်။ သုစန္ဒာက ခြေဖြင့်လှော်သွားသောလူနှစ်ယောက်ကို ငေးကြည့်နေမိသည်။ သူတို့က ကျွန်းမျှောတခုဆီမှာ ကပ်လိုက်သည်။ ထိုကျွန်းမျှောသည် ရေ အောက်ခြေနှင့် ဝါးကြိုးလေးချောင်းကို စိတ်ချရအောင် ချည်နှောင်ထားသည်။ ထိုကျွန်းမျှောသည် ကန်အောက်ခြေက နုံးမြေရွံ့များကို ကော် တင်ပြီးလုပ်ထားသည်။ ထိုမြေသည် မြေသြဇာကောင်းပြီး သီးနှံများစိုက်ပျိုးဖြစ်ထွန်းလေသည်။ ထို့ကြောင့် ကျွန်းမျှောများပေါ်တွင် သီးနှံ ပန်းဥယာဉ်များ ပြုလုပ်ထားကြလေသည်။ အချို့ကျွန်းမျှောများပေါ်တွင် အိမ်များလည်းဆောက်လုပ်နေထိုင်ကြလေသည်။ သုစန္ဒာ၏အတွေး စိတ်ကူးများသည် အချိန်ပိုယူရမလိုဖြစ်နေတော့သည်။ သူမတွေးနေတာက ဖြစ်နိုင်ခြေရှိသော ဒီရွေ့ရှားနိုင်သော ကျွန်းမျှောပေါ်က အိမ်တွေ အကြောင်းပင်ဖြစ်သည်။ ကျွန်းမျှောပေါ်ကအိမ်သည် အနီးနားတလျှောက်ကအိမ်တွေနှင့်အတူမနေချင်လျှင် ဒီကျွန်းမျှောများကို ကြိုးဖြင့်ဆွဲ သွား နိုင်လေသည်။ သို့မဟုတ် သူတို့၏အိမ်ကို ကြိုက်သည့်ဘက်ကို လှည့်ထားလိုက်နိုင်လေသည်။သည်လိုဖြစ်လာနိုင်စရာ အကြောင်းမရှိပါ။ ဘာလို့ဆို ရွာအားလုံးတို့သည် သူတို့နေရာကို မရွေ့ချင်ကြသောကြောင့်ဖြစ်လေသည်။

သုစန္ဒာနှင့် အိမ်ခံလူတို့သည် အင်းလေးကန် အနားအစပ်နားကရွာ ၁၇ ရွာတွေဆီသွားလည်ကြသည်။ ထိုရွာများသို လှေများဖြင့်သာ အ လွယ်တကူ ကပ်နိုင်လေသည်။ သူတို့ လှေရပ်လျှင် ပိုးချည်များဖြင့်ရက်နေကြသော ရက်ကန်းစင်များကို ဝင်ကြည့်ကြသည်။ မက်မောစရာ လုံချည်များကို ရှုပ်ထွေးသော အသွားအပြန်ဒီဇိုင်းအမျိုးမျိုး တောက်ပသောအရောင်များဖြင့် ရက်နေကြလေသည်။ သူတို့လှေသည် သုစန္ဒာ ဝယ်ထားသည့် ဒါဇင်များစွာရှိသောလုံချည်များကြောင့် အိကျနေသည်။ မိသားစုနှင့် မိတ်ဆွေများအတွက် ဘယ်လောက်တောင် အဖိုးတန် လိုက်လေမလဲဆိုတာ သူမသိပါသည်။ အိမ်တွေနှင့် ရွာတွေကြားတွင် လမ်းကြောင်းက တဆက်တည်းဖြစ်နေလေတော့သည်။

မော်တော်ဘုတ်ကိုလှည့်လိုက်တိုင်း နေရာတိုင်းတွင် အင်းသားတို့၏နေ့စဉ်လုပ်ကိုင် သွားလာနေကြပုံကိုမြင်နေရလေသည်။ ကလေးငယ်တွေ က သူတို့ဖာသာလှေလှော်ပြီး ကျောင်းသွားကြသည်။ မိန်းမတွေက ဈေးဆီလှော်သွားကြသည်။ ယောက်ျားကြီးတွေက သူတို့လှေပေါ်တွင် တနေ့တာ ငါးဖမ်းဖို့မြုံးကြီးများကို ပြင်ဆင်နေကြသည်။ အင်းသားတိုင်းကိုမေးကြည့်သောအခါ သူတို့သည် အင်းလေးကန်မှ အဝေးသို့ပြောင်းသွားဖို့မစဉ်းစားကြဟုဆိုကြလေသည်။ ပတ်ပတ်လည်ကတောင်တွေပေါ်မှာ တောင်ပေါ်သားတွေနေကြသည်။ အင်းသားတွေ၏ကံကြမ္မာ သည် အင်းလေးကန်ထဲရှိရေပေါ်တွင်သာ မူတည်နေပြီး ရေတွေရှိနေသ၍ သူတို့ ဆက်လက်နေထိုင်သွားကြမည်သာဖြစ်တော့သည်။

သုစန္ဒာ နာကျင်သွားမိလေသည်။ သူမသည် စဝ်နှင့် နောက်နောင်ဆို အတူ ခရီးသွားဖို့မဖြစ်တော့သည့်အတွက် သူမ တွေးမကြည့်နိုင်တော့ချေ။ တနှစ်တွင် သူမနှင့် စဝ်တို့သည် ဂျပန်နှင့်အမေရိကန်သို့ ခရီးရှည်ထွက်ဖို့တွေးတော စီစဉ်ထားခဲ့ဖူးလေသည်။ သူတို့သည် သင်္ဘောလိုင်း တောင် မှာကြည့်ထားပြီးဖြစ်ကြလေသည်။ မဟုတ်ဖူး။ ဒီအစီအစဉ်ကို ဘာကမှ ကြားဝင်နှောက်ယှက်ဖို့မဖြစ်နိုင်ဖူးဟု သူမတွေးထားသည်။

စဝ်သည် ဂျပန်နိုင်ငံသို့ မြန်မာပြည်၏စစ်လျော်ကြေးကိစ္စဆွေးနွေးညှိနှိုင်းရန်အတွက် အကြိမ်ပေါင်းများစွာရောက်ခဲ့ဖူးလေသည်။

သို့သော်သုစန္ဒာကတော့ အိမ်တွင် ကလေးတွေကိုပြုစုစောင့်ရှောက်နေရသည်။ စဝ်မရှိသည့်အတွက် သူ့အစားနေပေးရသည်။ သူမအဖို့မမေ့ နိုင်သော တရုတ်ပြည်ခရီးမှလွဲလို့ မြန်မာပြည်၏အရှေ့ဘက်ကို တခါမှမရောက်ဖူးခဲ့ချေ။

ထိုကိစ္စဖြစ်ပေါ်လာခဲ့သည်မှာ တရုတ်နှင့်မြန်မာ နှစ်နိုင်ငံပူးပေါင်းတွေ့ဆုံဆွေးနွေးပြီး နယ်နမိတ်သတ်မှတ်ရန်အတွက် သဘောတူ စာချုပ် ချုပ်ဆိုခဲ့ကြသည်။ နယ်နမိတ်သတ်မှတ်ရေးအဖွဲ့ဝင်အဖြစ် စဝ်သည်ပါဝင်ခဲ့ပြီး မိန်းတိုင်းနယ်နှင့် တရုတ်နယ်စပ် နယ်နမိတ်ကို အရင်က တည်းက အကြိမ်ပေါင်းများစွာ သွားရောက်ကြည့်ရှုရလေသည်။ သူသည် နောက်တကြိမ်ခရီးထွက်မည်လုပ်သောအခါ သုစန္ဒာက တိုးလျိုး တောင်းပန်ပြီး

“ကျေးဇူးပြုပြီး ကျမကိုပါခေါ်သွားပါလား။ ကျမ တရုတ်မြေကို နင်းဖူးချင်လို့ပါ”
“နယ်စပ်ကိုပိတ်ထားလိုက်ပြီ။ တရုတ်က ကော်မရှင်အဖွဲ့ကလွဲလို့ ဘယ်သူ့ကိုမှ ဖြတ်ခွင့်ပေးမှာမဟုတ်ဖူး” စဝ်ပြန်ပြောသည်။

”မောင်ကတော့ အနည်းဆုံး ကျမကိုခေါ်သွားလို့ရပါတယ်” သုစန္ဒာ ဇွတ်တင်းခံနေသည်။

အကယ်၍သူမသည် အုပ်စုငယ်လေးထဲတွင်ပါဝင်လိုက်ပါလာလျှင် တရုတ်နယ်ခြားစောင့်အာဏာပိုင်များက သူမကို တယောက်တည်း ပြန် လွှတ်မည်မဟုတ်ဟု သူမက တွေးထားလေသည်။ စဝ်ကတော့ မလိုက်ဖို့ ပိုလို့ကန့်ကွက်လေသည်။ သူထုတ်ပြတာက တဘက်နိုင်ငံက မကြိုဆိုဖူးဆိုရင် ဘယ်လိုလုပ်မလဲ မျက်နှာငယ်ရမည်ဟု ရှင်းပြသည်။ သို့သော် နောက်ဆုံး၌ စဝ်အရှုံးပေးလက်မြှောက်လိုက်ရသည်။

အေးချမ်းလန်းဆန်းသောဒီဇင်ဘာ နံနက်ခင်းတွင် သူတို့ကားတန်းသည် ဗမာလမ်းမကြီးအတိုင်းအရှေ့မြောက်ဆီသို့ ဦးတည်သွားနေလေ သည်။ သည်လမ်းသည် ဒုတိယကမ္ဘာစစ်အတွင်းက မဟာမိတ်တို့သည် ရှန်ကေရှိတ်တပ်အား လက်နက်ထောက်ပံ့ပေးသော လမ်းမကြီးဖြစ် လေသည်။ အိပ်ပျော်နေသော သိန္နီမြို့လေးကိုဖြတ်ကျော်လာပြီးနောက် အတက်လမ်းစလေသည်။ သူတို့ကားသည် ကွတ်ခိုင်တောင်ပေါ် စခန်းမြို့ဆီ ဦးတည်နေလေသည်။ စံအိမ်တော်က နာနီတယောက်ဖြစ်သော “တောင်း” သည် ကွတ်ခိုင်မှလာသူဖြစ်သည်။ ကွတ်ခိုင်တွင် အဓိကနေထိုင်ကြသူများမှာ ကချင်လူမျိုးများဖြစ်ကြပြီး ကချင်လွတ်မြောက်ရေး လူမျိုးစုတပ်က ချုပ်ကိုင်ထားလေသည်။ ကချင်အမျိုးသမီးများ သည် သူတို့ဝတ်စုံများကို ကိုယ်တိုင်ရက်လုပ်ကြသည်။ နီရဲရဲတောက်သောစကတ်များ ခြေပတ်များကို ရှုပ်ထွေးသောဒီဇိုင်းများဖြင့် ပုံဖော် ထားသည်။ လေးလံသောငွေပြားများကို ယောက်ျားများက လက်ဖြင့်ပြုလုပ်ကြသည်။ အနက်ရောင်အင်္ကျီများပေါ်နှင့် အနက်နှင့်အနီရောရက် လုပ်ထားသော လွယ်အိတ်များပေါ်တွင် ငွေပြားများကိုတပ်ဆင်ကြလေသည်။ ကချင်အမျိုးသမီးများသည် ပေါ်လွင်ကြသည်မှာ သူတို့၏ ထင်ရှားသောအဝတ်အစားကြောင့်အပြင် သူတို့ကို နေရာအနှံ့တွင်တွေ့နေရသောကြောင့်လည်း ဖြစ်လေသည်။ သူတို့ကို အလုပ်လုပ်နေ သောနေရာများ၊ လယ်ထဲမှာ၊ ဆိုင်ကို ကြည့်ရှုစောင့်ရှောက်ပေးရ၊ ရေသယ်၊ ကလေးထိန်း၊ ထမင်းချက်၊ အဝတ်လျှော် စသည့်အလုပ်ပေါင်းစုံတွင်မြင်တွေ့နေရတာကြောင့်လည်းပါလေသည်။ ကချင်အမျိုးသားတွေကတော့ အမျိုးသမီးများအလုပ်လုပ်နေလျှင် ဘေးမှရပ်ကြည့်နေ လေ့ရှိလေသည်။

ကွတ်ခိုင်ကိုဖြတ်လာသောအခါ မြင်ကွင်းမှာ မာကျောကြမ်းတမ်းလာပြီး မနက်ပိုင်းကတွေ့ခဲ့ရသော စိမ်းစိုလန်းဆန်းနေမှုများနှင့် တခြားစီဖြစ် သွားတော့သည်။ အမြင့်ကလွင်ပြင်တွင် အသီးအပွင့်များနည်းပါးနေသည်။ အစုလိုက်ရှိတတ်သော ဖူးပွင့်နေကြသောချယ်ရီပင်များ တော ဆီးသီးပင်များနှင့် မက်မုံသီးပင်များကိုတော့ တွေ့လာရသည်။ မည်းနက်ထိုးထောင်နေကြသော ကျောက်သားတို့သည် ကြမ်းတမ်းနေပြီး မြေကြီးတွေက နီနေလေသည်။ ခြောက်သွေ့နေပြီး ဘာအပင်မှမဖြစ်ထွန်းသော မြေ၏အလှသည် စိတ်ပျက်စရာဖြစ်နေသည်။လမ်းဘေးက ပျက်စီးနေသောဂိတ်လေးပေါ် သစ်ပင်ကြီးလဲကျနေပြီး မီးလောင်ထားသောမြက်ခင်းတွေကို စဝ်က လက်ညှိုးထိုးပြနေသည်။ သုစန္ဒာသည် လမ်းဘေးတွင်ရှိသောလူများကိုတွေ့လိုက်ရသည်။ သူတို့သည် နွားချေးနှင့်ကောက်ရိုးနှောပြီး နေပူထဲတွင် အခြောက်ခံနေကြလေသည်။ ထို နွားချေးခြောက်များကို လောင်စာအဖြစ် အသုံးပြုကြမည်ဖြစ်သည်။ ထိုဓလေ့သည် အိန္ဒိယနှင့် တရုတ်တွင်ရှိပြီး ထိုအကြောင်းတွေကို သူမက စာအုပ်ထဲတွင်ဖတ်ခဲ့ရဖူးလေသည်။

ရှစ်နာရီကြာသောအခါ သူတို့ကားသည် မိုင် ၁၇ဝ အကွာ ရွှေလီမြစ်ကမ်းပါးပေါ်တွင်ရှိသော တရုတ်ပြည်နယ်စပ် မူဆယ်မြို့သို့ရောက်တော့ သည်။ သူတို့ရောက်သောအချိန်သည် နေဝင်ချိန်ဖြစ်နေပြီး ရွှေလီမြစ်ကမ်းက နေဝင်ဆည်းဆာအလှကို သူတို့ငေးကြည့်မိကြပြီး ဘယ်တော့မှ မမေ့နိုင်ကြတော့ချေ။ နေရောင်တွေသည် ကျယ်ပြန့်သောရွှေလီမြစ်ပြင်ပေါ်ဖြာဆင်းကျနေလေရာ ရွှေရည်ရွှေစေးများများ ရစ်ပတ်လိမ့် စီးလျက် ဝင်းဝင်းတောက်ပ အရောင်တလက်လက်ထနေတော့သည်။ ပြိုးပြိုးပြက်ပြက်လင်းနေသော မြစ်ပြင်ကျယ်သည် ကမ္ဘာ့ရတနာ သိုက်ကြီးကို ရှာဖွေတွေ့လိုက်ရသလိုရှိလေသည်။ ရာပေါင်းများစွာသော ဘဲရိုင်းတွေသည် ရွှေရောင်တလက်လက်ဝင်းထနေသော ရွှေလီ မြစ်ပြင်ပေါ်တွင် ဝဲပျံထိုးဆင်း ဆော့ကစားနေကြလေသည်။ သူတို့၏ ထူးဆန်းအံ့သြဖွယ်ကောင်းသောခေါ်သံတွေဖြင့် ကမ်းနှစ်ဘက်မှာရှိ နေကြသောလူတွေကို နားထောင်ဖို့လက်ယပ်ခေါ်နေသလိုရှိလေသည်။ သူတို့သည် ပျော်ရွှင်မြူးတူးစွာဖြင့် ခုန်ပေါက်နေကြပြီး ရှေ့တိုး နောက်ဆုတ်လုပ်နေကြသည်။ ဗမာပြည်မှာပဲနေမလား ဒါမှမဟုတ် ဘာဂန်ဒီဝိုင်နီညိုရောင် ဟိုးဘက်က တရုတ်တောင်တန်းတွေဆီပဲ ပျံ သွားကြမလား မဆုံးဖြတ်နိုင်ပဲ ရှိနေကြလေသည်။ စဝ်သည် တရုတ်ပြည်ထဲသို့ ဖြတ်မသွားခင်တွင် မြောက်ဘက်အကျဆုံးသော မိန်းတိုင်း နယ်၏အစိတ်အပိုင်းကို ပြလိုက်မည်ဟု စိတ်ဆုံးဖြတ်ထားခဲ့သည်။ နောက်တနေ့တွင် သူတို့သည် ရွှေလီတောင်ကြော၏မြောက်ဘက် ၂၅ မိုင်ဝေးသော နမ့်ခမ်းမြို့သို့ထွက်ခဲ့ကြသည်။ မြေသြဇာကောင်သောတောင်ကြားများ၊ လူနေထူထပ်သောအရပ်၊ စီးပွားဖြစ်ထွန်းသော နေရာ ဖြစ်ကြောင်းကို အခိုင်အမာပစ္စည်းများဖြင့်ဆောက်လုပ်ထားကြသော အိမ်ကြီးအိမ်ကောင်းများ လမ်းဘေးတွင်ရေမတိုက်စားစေရန် ကျောက် တုံးများဖြင့် စီလုပ်ထားသည်ကိုတွေ့ခြင်းဖြင့် သိရလေသည်။ ကောင်းစွာကျွေးမွေးနိုင်ကြသော ပါးနီရဲရဲလေးဖြင့်ကလေးများကို ရှုပ်ထွေးနေ သော လမ်းဘေးတွင်တွေ့ရသည်။

နွားလှည်းများ ၊ခြေလျင်လျှောက်သူများ၊ စက်ဘီးများသည် ဆယ်လန့်ရွာဈေးနေ့သို့ သွားနေကြလေသည်။ ဆယ်လန့်ဈေးနေ့သည် ၅ရက် တကြိမ်ဖွင့်သောဈေးဖြစ်သည်။ နာမည်ကျော်ကြားသော သည်အကြောင်းတွေကို မြင်ရဖို့အခွင့်အရေးကို လက်လွတ်ခံလို့မဖြစ်ချေ။ သုစန္ဒာ က စဝ်ကို ကားခဏရပ်ခိုင်းလိုက်သည်။ သူက စိတ်မပါစွာဖြင့် အစီအစဉ်တွင်မပါသော ခရီးစဉ်ကိုသဘောတူလိုက်ရသည်။ သုစန္ဒာ၏စိတ်ထဲ တွင် မူထွီဘုရားပွဲဈေးကို ပြန်မြင်ယောင်လာမိလေသည်။ တောင်ပေါ်နေလူမျိုးပေါင်းစုံ၏ အရောင်အသွေးစုံအဝတ်အစားများ၊ အမျိုးအစုံစုံ သော ရောင်းချစရာပစ္စည်းများ ၊ စားစရာအစာအမျိုးမျိုးကို စွဲဆောင်မှုရှိသောအနံ့များဖြင့် ရောင်းချနေကြသူများကို ပြန်မြင်လာမိတော့သည်။ စဝ်၏ဆန္ဒကိုဆန့်ကျင်ပြီး သုစန္ဒာသည် အကြော်များ၊ နွားနို့ခြောက်များနှင့် အရသာရှိသောအစာများကို နမ့်ခမ်းနယ်နားတွင် ဝယ်လေတော့ သည်။ ရိုးရာအစားအစာအဖြစ် နွားနို့ကိုပါးပါးလေးလုပ်အခြောက်ခံထားပြီး ဝါးနှီးလေးတွေဖြင့် တွယ်ထားလေသည်။ ထိုနွားနို့ခြောက်ကိုပြုလုပ်တတ်သောအတတ်သည် မွန်ဂိုတွေထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ သူတို့သည် ဤဒေသတွင် နို့ထွက်ပစ္စည်းအမျိုးမျိုးကို ပြုလုပ် တတ်သော တမျိုးတည်းသောလူမျိုးဖြစ်လေသည်။ နွားနို့ခြောက်ကြော်၏အရသာမှာ ထူးဆန်းစွာ ချိုချဉ်အရသာရှိနေသည်။ ထိုအနံ့သည် တဈေးလုံးကို စိမ့်ဝင်ပြန့်နှံ့နေတော့သည်။

“ဆယ်လန့်ရွာရောက်ရင် မောင် ဗွိုင်းနိုင်းမွန်နေရာကိုကြည့်ချင်တယ်။ ၁၃ ရာစုက တိုင်းယိုင်အင်ပါယာရဲ့ မြို့တော်ပေါ့” စဝ်က ပြောသည်။

ထူထဲစွာပေါက်ရောက်နေသော ဝါးပင်အစုများ၊ များပြားလှသော ဆူးပင်ခြုံနွယ်ပင်များ ပေါက်ရောက်ဖုံးကွယ်နေသည့်တိုင် ရှေးဟောင်းမြို့ တော်၏ မြို့ရိုးအထပ်များကို အခုတိုင် ထင်ရှားစွာမြင်နေရသေးလေသည်။ မည်သည့် ရှေးဟောင်းသုတေသနအဖွဲ့မျှမလာကြပါ။ သို့သော် ရွာက စိတ်အားထက်သန်သောလူတွေက မြို့ရိုးခံတပ် အုတ်တလျှောက်နှင့် ရေချိုးကန်နေရာကို တောမဖြစ်အောင် ရှင်းလင်းခုတ်ထွင်ထား လေသည်။ စဝ်တို့အဖွဲ့ရောက်လာသောအချိန်တွင် ရွာကအသက်ကြီးကြီး အဖိုးအိုတယောက်က ဓါးတလက်ဖြင့် ခြုံများကိုရှင်းလင်းခုတ် ပစ်နေသည်။

သူသည် ဂုဏ်ယူစွာဖြင့် နှစ်ပေါင်းတထောင်သက်တမ်းရှိ အသေးစိတ်ပြုလုပ်ထားသော ကျောက်တုံးမြို့ရိုးကိုပြလေသည်။ သူနှင့် သူ့ရွာသား များသည် မဖုံးကွယ်ကြချေ။ သည်ရိုးရိုးရှင်းရှင်းနှင့် စွဲမက်စရာကောင်းလှသောနေရာလေးတွင် မြို့တော်ကြီးရှိခဲ့ဖူးသည်။ သူမသည် မြို့ထဲက ရှေးဟောင်းမြို့ရိုးတခုပေါ်တွင်ရပ်နေမိပါလားဟု တွေးမိလေသည်။ အောက်မှာတော့မူ အရောင်တလက်လက်ထနေသော မြစ်ကြီးသည် အ နောက်ဘက်သို့ကွေ့ပတ်ဝေ့ပြီးစီးဆင်းနေသည်။ တောင်ကြားကမ္ဘာက လူတွေအသက်ရှင်ဖို့ပေးလေသည်။

သူတို့ နမ့်ခမ်းမြို့ကိုရောက်သည်။ ကချင်နှင့် မိန်းတိုင်းနယ် နယ်နမိတ်နှစ်ခုကြားတွင် တည်ရှိလေသည်။ သူတို့သည် ဒေါက်တာ ဂျော်ဒန် ဆီး ဂရိဖ်တည်ဆောက်ခဲ့သော ကုတင်၂ဝဝ ဆန့် သင်ကြားရေးဆေးရုံသို့သွားကြည့်ကြသည်။ သုစန္ဒာ အမေရိကန်တွင်ရှိစဉ်က သူ့စာအုပ်ဖြစ် သော ဘားမားဆာဂျင်ကို ဖတ်ခဲ့ဖူးသည်။ စဝ်က ဒီလိုထူးထူးခြားခြားလူမျိုးကိုသိသည့်အတွက် သူမ စဝ်ကိုမနာလိုဖြစ်မိလေသည်။ ဒေါက် တာ ဆီးဂရိဖ်ကို ဗမာနိုင်ငံ၏ အဲလ်ဘတ်ဇစ်ဇာဟု ထင်မိသည်။

သူမသည် သူနှင့်သိကျွမ်းဖို့ရာ အချိန်အတော်ကြာကပင် စောင့်မျှော်နေခဲ့သည်။ သူ့ဆီက ကောင်းစွာသင်ကြားပေးထားသော သားဖွားဆရာမ များကို နမ့်ပန်းက မိခင်နှင့်ကလေးတွင် ခေါ်ယူအလုပ်လုပ်စေခဲ့သည့်အကြောင်းကို သူ့အားပြောပြချင်နေခဲ့လေသည်။

တဆောင်၊ နှစ်ဆောင်တွဲ ဆေးရုံ အဆောက်အဦးတည်ဆောက်ပုံခြင်းမတူညီတာကိုတွေ့ရသည်။ သူတို့သည် မြစ်ထဲက မရေတွက်နိုင်သော ကျောက်တုံးများကို တတုံးပေါ်တတုံးဆင့်၍ အင်္ဂတေကိုင်ပြီးဆောက်လုပ်ထားသည်။ အမိုး၊ ပြတင်းပေါက်များနှင့် တံခါးပုံစံများကို အင်္ဂလန် က တဲကုတ်ပုံတွေမှ အတုခိုးပြုလုပ်ထားဟန်ရှိသည်။ ထိုပုံစံမျိုးက တကမ္ဘာလုံးတွင် မည်သည့်နေရာမှာမှ မရှိချေ။ ဒေါက်တာဆီးဂရိဖ်က ဂုဏ်ယူစွာဖြင့် သူ့ဆေးရုံထဲကို လိုက်လံပြသလေသည်။

သူ့အထူးကျွမ်းကျင်သော ခွဲစိတ်ပညာဖြင့် လည်ပင်းကြီးရောဂါ အစာအိမ်ရောဂါတို့ကိုခွဲစိတ်သော သူ၏ အမည်းစက်တစက်မရှိသော အဓိ ကဖြစ်သော သူ့ခွဲစိတ်ခန်းကိုပြလေသည်။ သူ့ဆေးရုံတွင် လူနာများပြည့်နှက်နေလေသည်။ သူတို့သည် အနီးနားနှင့် ဝေးကွာသောအရပ်တွေမှ သူ၏နာမည်ကျော်ကြားမှုအတွက် လာရောက်ဆေးကုသခံနေကြခြင်းဖြစ်လေသည်။ ထို့အပြင် သူဖွင့်လှစ်ထားသော ဤတိုင်းပြည်၌ အ ကောင်းဆုံး သူနာပြု သင်တန်းသို့လည်း အနယ်နယ်မှ တိုင်းယိုင် ကချင် ကရင် အမျိုးသမီးများ လာရောက်သင်ကြားကြလေသည်။ ဆံစ ဖွေးဖွေး ခွဲစိတ်ဆရာဝန်သည် သူလွန်ခဲ့သော နှစ်ပေါင်း၎ဝ က ဒီဆေးရုံကို မည်သို့ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရပုံကို ပြန်ပြောပြနေသည်။ သူက သူ့တောင်တွေကြားကဆေးရုံ (သူ့စာအုပ်အမည်) ကိုဘယ်တော့မှ မခွဲခွာချင်ပါဟုလည်း ပြောပြသည်။ သူက နောက်ထပ်အဆောက်အဦးတိုးချဲ့ဖို့အတွက် ရန်ပုံတွေအလှူခံနေလေသည်။ ထို့ကြောင့် ဆေးရုံတက်ဖို့လာသောသူများကို နေရာမရှိလို့ ပြန်ခိုင်းရတာမျိုးကဝေးရမည်ဖြစ်လေသည်။ စဝ်နှင့် သုစန္ဒာတို့သည် စိတ်ပူပင်စွာဖြင့် ဆေးရုံမှကားကိုမောင်းပြေးကြလေသည်။

အကယ်၍ သူသည် သူ့ခွဲစိတ်သုံးဓါးကိုမထိန်းချုပ်နိုင်ခဲ့လျှင် သူတို့က ဆေးရုံက ခွဲစိတ်ဆရာဝန်၏အလုပ်အတွက် အလှူငွေပေးနေကြရ လိမ့်မည်။ ခွဲစိတ်ဆရာဝန်၏လက်တွေသည် အကြောင်းမယ်မယ်ရရမရှိပါပဲ တချိန်လုံးလှုပ်လှုပ်ရွရွဖြစ်နေတာကို သူတို့သတိပြုမိကြလေ သည်။

ညနေကျတော့သူတို့သည်မူစယ်က ပီဒဗလျူဒီပြည်ထဲရေးက ဘန်ဂလိုမှာပဲ ညအိပ်ကြရမည်။ မူဆယ်တွင် တည်းခိုခန်း ဟော်တယ် မရှိချေ။ ကား္လရိုက်ဘာလေးယောက်သည် စဝ်ကို လာအသိပေးကြလေသည်။ မူဆယ် နမ့်ခမ်းဒေသတွင် ဓာတ်ဆီဆိုင်မရှိချေ။ ကားထဲတွင် ဓာတ် ဆီက နည်းနေကြလေပြီ။ အတွေ့အကြုံရှိသော ဒရိုင်ဘာ ဇင်းနသည် ဓာတ်ဆီရနိုင်သောနေရာလေးတွေကို လိုက်ရှာသော်လည်း အချည်း နှီးပင်ဖြစ်နေသည်။ သို့သော် သူကညွှန်းသည်။ ဒေါက်တာ ဆီးဂရိဖ်သည် အမြဲသိနေသည့်အတွက် သူ့ထံတွင် ဓာတ်ဆီအပိုများဆောင် ထားတတ်သည်ဟု သူကပြောလေသည်။ နောက်တနေ့တွင် တရုတ်ဗိုလ်ချုပ်နှင့်တွေ့ဖို့ချိန်းဆိုထားကြသည့်အတွက် စဝ်မှာ ရွေးစရာလမ်းမရှိ တော့ချေ။ သို့နှင့် နမ့်ခမ်းဆေးရုံသို့ ကားလေးစီးလုံးပြန်မောင်းသွားကြရလေတော့၏။ ဒေါက်တာဆီးဂရိဖ်က ဝမ်းသာအားရပဲ ကူညီပေးရှာ လေသည်။ ပြီးနောက် စဝ်သည် ကျေးဇူးတင်စွာဖြင့် ရက်ရက်ရောရောပဲ ဆေးရုံအဆောက်အဦးအသစ်အတွက် အလှူငွေထည့်လေတော့ သည်။

နောက်ဆုံး၌ နောက်တနေ့မနက်စောစောတွင်သူတို့ ကားတန်းသည် မြန်မာဘက်ခြမ်းတွင်ရှိသော နယ်စပ် ဂိတ်မြို့ ပန်ဆိုင်းသို့သွားကြသည်။ ထိုနေရာတွင် အခြားနယ်ခြားနယ်နမိတ်ရေးဆွဲရေးကော်မရှင် နောက်ထပ်သုံးယောက်နှင့် ပူးပေါင်းကြရသည်။ မြို့လယ်ကောင်ကို ဖျက်ဆီး ထားသော်လည်း မသေမသပ်ပြန်ဆောက်လုပ်ထားသော အဆောက်အဦးအနည်းငယ်တော့ ကျန်ရစ်နေသေးလေသည်။ သည်နယ်စပ်ဂိတ် နေရာတွင် ဘာမှအရေးတကြီးတွေးနေရမည့်ကိစ္စမရှိချေ။ ဤ ဗမာလမ်းမကြီးနေရာမှဖြတ်ပြီး လွန်ခဲ့သော ၁၄ နှစ်က မရေတွက်နိုင်သော ထရပ်ကားပေါင်းများစွာသည် ထောက်ပံ့ရေးပစ္စည်းများကို တရုတ်ပြည်သို့ပို့ပေးနေခဲ့ရလေသည်။ ထိုအချိန်ကတည်းက နယ်စပ်ဂိတ်ကို ပိတ်ထားခဲ့သည်မှာ ဆယ်စုနှစ်ပင်ကျော်နေခဲ့လေပြီ။ သည်နေရာတွင် အဆောက်အဦးအသစ်များပြန်ဆောက်ဖို့ စိတ်အားတက်ကြွပုံမရချေ။

ဆက်လက်ဖော်ပြပါမည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts