ရသဆောင်းပါးစုံ

အညတရ အလှူဒါန

အရှင် ၀ီရသူ
ဧပြီ ၂၁၊ ၂၀၁၂

စာရေးသူ မန္တလေးသို့ရောက်ခါစ (၁၃၅၃၊ ၁၉၉၁) ခုနှစ်က ဖြစ်သည်။ ထိုအချိန်က ရဟန်းသိက္ခာလေးဝါရ သကျသီဟ စာသင်တန်း ဖြေ ဆိုမည့်စာသင်သားတစ်ပါး ဖြစ်ခဲ့ပေသည်။

မစိုးရိမ်တိုက်သစ်၏မူဝါဒကား စာသင်သားမှန်သမျှကို “နေရာပေးသည်၊ ပညာပေးသည်၊ အလိမ္မာပေးသည်”ဟူသည့် ဆောင်ပုဒ်အတိုင်းပင် ဖြစ်လေသည်။ ထို့ကြောင့် စာသင်သံဃာများမှာ ကိုယ့်ဒူးကိုယ်ချွန်၊ ကိုယ့်ဝမ်းကိုယ်ကျောင်းရရှာပေသည်။ စာမေးပွဲဝေးချိန်၊ ကျန်းမာရေး ကောင်းနေချိန်များတွင် ကိုယ့်ဆွမ်းကိုယ်ခံစားခြင်းသည် ကျန်းမာရေး၊ ၀မ်းစာရေး၊ ကုသိုလ်ရေး၊ ပညာရေး အရေးအားလုံးနှင့် ညီညွတ်သော် လည်း ကျန်းမာရေးမကောင်းခဲ့လျှင်ကား အရေးအားလုံးဆုံးရှုံးးရလေသည်။ အထူးသဖြင့် စာမေးပွဲတွင်းကာလများ၌ ၀မ်းရေးအခက်ခဲဆုံး ဖြစ်လေ၏။

အစိုးရထောက်ပံ့ငွေ (မြို့လူထုထံကောက်ခံငွေ) ၁၀၀ ကျပ်သည်လည်း ထိုအချိန်က လ္ဘက်ရည်တစ်ခွက်ဖိုးသာရှိလေရာ စာသင်သံဃာများမှာ ဆွမ်းမခံလျှင်လည်း ဆွမ်းစားစရာမရှိ။ ဆွမ်းခံလျှင်လည်း စာကျက်ချိန်မရှိသဖြင့် များစွာကြောင့်ကျခဲ့ကြရပေသည်။

မိမိမှာလည်း စာသင်သားတစ်ပါးသာဖြစ်ရာ စာဖြေသံဃာများအား ကောင်းမွန်ပြည့်စုံစွာ မလှူဒါန်းနိုင်ဖြစ်ခဲ့ရလေသည်။ အလှူလည်းမခံ တတ်၊ အလှူလည်းမခံဝံ့သူဖြစ်လေသောကြောင့် စာသင်သားအချင်းချင်း ကိုယ်ချင်းစာသော်လည်း လုံးဝမတတ်နိုင်ခဲ့ပေ။ ကြည့်လည်း မ ကြည့်ရက်၊ တတ်လည်းမတတ်နိုင်ဖြစ်ကာ လက်မှိုင်ချရမည့်အရေး၌ အတွေးတစ်ခု အလင်းရလာခဲ့ပေသည်။

“မိမိမှာ ရဟန်းဒကာ/ဒကာမများထောက်ပံ့ထားသော ဆန်ရှိသည်။ ဆီရှိသည်။ ငါးပိကြော်-ပါလချောင်ကြော်ရှိသည်။ ဘယာကြော် ပဲချပ် ကြော်အပါအ၀င် အကြော်စုံများ ၀ယ်ခြမ်းလှူဒါန်းလျှင် အနည်းဆုံး အဆာပြေတော့စားနိုင်လောက်သည်။ ဟင်းကောင်း ဟင်းမွန်များ မဟုတ်သောကြောင့် မစားလျှင်လည်း တစ်နပ်စာသာ အလဟဿဖြစ်မည်။ ထို့ကြောင့် စမ်းသပ်ဆက်ကပ်ကြည့်မည်” ဟူသော အတွေးဖြစ်ပါသည်။

ဤသို့ဖြင့် မနက် ၄:၀၀ နာရီဆွမ်းချက်သည်။ ဆွမ်းစားပွဲများ ကိုယ်တိုင်ပြင်သည်။ ကိုရင်များကို အကြော်ဝယ်ခိုင်းသည်။ ဆွမ်းပွဲများပြင်ပြီး သည့်အခါ စာကျက်နေသောသံဃာများကို ပင့်ဖိတ်သည်။ အချိန်ကာလက လွန်စွာအရေးကြီးနေ၍ လ္ဘက်ရည်ဆိုင်မသွားနိုင်သောကြောင့် လည်းကောင်း၊ မနက်အစော စာထကျက်ထားရ၍ ဗိုက်ဆာနေသောကြောင့်လည်းကောင်း၊ သံဃာများမှာ ခေါင်းပင်မဖော်ကြပေ။ မြိန်ရေ ရှက်ရည် ဘုဉ်းပေးနေကြလေ၏။ သူတို့ကိုကြည့်၍ ပီတိများစွာဖြင့် ကြည်နူးမှုအတိ ဖြစ်ခဲ့ရပေသည်။

ကျေးဇူးစကားဆိုသူကဆို။ မေတ္တာပို့သူကပို့။ ဆုပေးသူကပေးနှင့် မိမိနေထိုင်ရာ သိမ်ကျောင်းဆောင်ကလေးသည် ကျက်သရေမင်္ဂလာများ နှင့် ပြည့်လျှံသွားခဲ့ပေသည်။

သိမ်ကျောင်းဆောင်၌ (၂၃) ပါးသာရှိရာ ဆွမ်းပွဲလေးပွဲ-ဆွမ်းဇလုံးကြီးလေးလုံး တည်ခင်းကပ်လှူရုံဖြင့် ကိစ္စပြီးခဲ့လေသည်။ အချို့မှာ အဆာ ပြေစားရုံတင်မဟုတ်ဘဲ နေ့ဆွမ်းလွတ်အောင် အ၀စားကြလေ၏။

ဤသို့ဖြင့် န၀ကမ္မများ၊ ထောက်ပံ့ဆန်ဆီများစုဆောင်း၍ နှစ်စဉ်နှစ်တိုင်း ဆွမ်းကပ်ဖြစ်အောင် စီစဉ်နိုင်ခဲ့ပေသည်။ သိမ်ကျောင်းမှ ယာန ကျောင်းသို့ ပြောင်းရွေ့နေထိုင်သည့်အခါ၌လည်း ဆွမ်းဝတ်မပျက်ခဲ့ပေ။ ကျောင်းဆောင်ကြီး၍ သံဃာဦးရေများပြားလာသည်နှင့်အမျှ စာချ ဘုန်းကြီးဖြစ်လာ၍ လာဘ်လာဘလည်း အထိုက်အလျောက်ရရှိလာခဲ့သည်ဖြစ်ရာ အကြော်အလှော်များဖြင့် ကပ်ရုံတင်မဟုတ်တော့ဘဲ ဟင်းကောင်းဟင်းမွန်များဖြင့်ပင် ကပ်လှူနိုင်ခဲ့ပေသည်။ အမှန်တကယ်လိုအပ်နေချိန်၌ အမှန်တကယ်လိုအပ်နေသည့် လှူဖွယ်ဝတ္ထုကို စေတနာသန့်စွာလှူဒါန်းရခြင်း၏ကျေးဇူးတရားကား ယခုချိန်ထိ အကျိုးပြုနေဆဲဖြစ်ပါ၏။

၁၃၆၁ (၁၉၉၉) ခုနှစ်၌ မိမိ သကျသီဟ စာမေးပွဲအောင်ခဲ့လေ၏။ အဘိဝံသ (မျိုးဆက်သစ်) ဘွဲ့ရရှိခဲ့၏။ အရှင်ဝိစိတ္တမှ အရှင်ဝိစိတ္တာဘိဝံ သ၊ ဘဒ္ဒန္တ၀ိစိတ္တမှ ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသဖြစ်ကာ ရဟန်းဘွဲ့နောက်မှာ အမြှီးပေါက်လာခဲ့ပေတော့၏။ စာချဘုန်းကြီးဘ၀မှ ကျောင်းထိုင်နာယက အဆင့်သို့ပင် ရောက်ရှိလာခဲ့ပေသည်။ ထိုအချိန်က မစိုးရိမ်တိုက်သစ်၌ နာယကဆရာတော် (၁၄) ပါးအုပ်ချုပ်လျက်ရှိရာ မိမိမှာ (၁၀)ပါး မြောက် နာယကတစ်ပါးဖြစ်ခဲ့လေသည်။

စာမေးပွဲကာလရောက်သည့်အခါ နီးစပ်ရာ ဒကာ/ဒကာမများခေါ်ကာ ဆွမ်းချက်ခိုင်းရ၏။ ဖွယ်ဖွယ်ရာရာပင်ပြင်ဆင်၍ ကပ်နိုင်လာပေသည်။ စာသင်သားဘ၀မှာစုဆောင်းထားခဲ့သော သင်္ကန်းများကိုရောင်းချကာ ဆွမ်းဟင်းအတွက်အသုံးပြုခဲ့ခြင်းဖြစ်သောကြောင့် ပိုမိုကပ်လှူနိုင် ခဲ့ခြင်း ဖြစ်လေသည်။

၁၃၆၂ (၂၀၀၀) ခုနှစ်တွင် “ထေရ၀ါဒတိုက်ပွဲ” စာအုပ်ထွက်ရှိလာသည့်အခါ ရဟန်ုးဘွဲ့အမည်မထင်ရှားတော့ဘဲ ကလောင်အမည် “၀ီရသူ (မစိုးရိမ်)” သာ ထင်ရှားလာခဲ့တော့၏။ အောင်မြင်လာသည်နှင့်အမျှ ဘုန်းကံလည်းကြီးမားလာရာ စာမေးပွဲကာလ၌ မိမိကျောင်းဆောင်နေ သံဃာများကိုသာ ကပ်လှူရုံတင်မဟုတ်တော့ဘဲ မိမိစာသင်သားဘ၀နေထိုင်ခဲ့ရာ သိမ်ကျောင်း၊ ယာနကျောင်းရှိ သံဃာများကိုပါ ကပ်လှူ နိုင်ခဲ့ပေတော့၏။

၁၃၆၅ (၂၀၀၃) ခုနှစ် အိုးဘိုတောရသို့ ပြောင်းရွှေ့နေထိုင်ရသည့်အခါ၌ကား တပည့်များအတွက် ဘာမျှလုပ်မပေးနိုင်ခဲ့တော့ပေ။ စာဖြေ ကာလရောက်လျှင် သတိတရရှိနေတတ်ရုံမှလွဲ၍ ဘာမျှမတတ်နိုင်ခဲ့တော့ပေ။

၁၃၇၃ (၂၀၁၂) ခုနှစ် မဲဇာလွန်တောရမှ ၀တ်ဆောက်တည်၍ ပြန်လာပြီးသည့်အခါ၌ကား မိခင်မစိုးရိမ်တိုက်သစ် များစွာပြောင်းလဲနေပေ တော့၏။ စာဖြေသံဃာအားလုံးကို တိုက်မှတာဝန်ယူကပ်လှူခြင်းဖြစ်လေသည်။

တာဝန်ယူကပ်လှူခြင်း၌ အကြောင်းတရားများစွာ ရှိပေသည်။ မြို့လူထုထံမှ ကောက်ခံရငွေဖြင့် ထောက်ပံ့ပေးနေသော လ္ဘက်ရည်တစ်ခွက် စာ ဆွမ်းစရိတ်ကိုပင် ပထမပြန်စာဖြေသံဃာ (အငယ်တန်း၊ အလတ်တန်း၊ အကြီးတန်၊) တို့အား မကပ်လှူနိုင်ကြတောပေ။ မစိုးရိမ်တိုက် သစ် မဟာနာယကချုပ်ဆရာတော်ကြီး ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ၏ ကျေးဇူးတော်၊ ဓမ္မသမ္ပတ္တိကျောင်း ဒကာမကြီး ကိုရီးယားအမျိုးသမီးကြီးနှင့် ရှိုင်းဟုပ်ကုမ္ပဏီမှ သာသနဒါယိကာမကြီး ဒေါ်ခင်ခင်ရီတို့၏ ပစ္စယာနုဂ္ဂဟတို့သည်လည်း ဆွမ်းကပ်လှူဖြစ်ခြင်း၏ အဓိကအရင်းခံအကြောင်း တရားများ ဖြစ်နေပေသည်။

ရှိုင်းဟုပ်ကုမ္ပဏီမှ ငွေကျပ်သိန်း (၁၅၀) မတည်လှူသည်။ ကိုးရီးယားကျောင်းအစ်မကြီးက US ဒေါ်လာ (၄၅၀၀) မတည် လှူသည်။

၁၃၆၅ (၂၀၀၃) ခုနှစ်မှ စတင်၍ မစိုးရိမ်တိုက်သစ် တစ်တိုက်လုံးရှိ စာဖြေသံဃာအားလုံးကို ကပ်လှူနိုင်ခဲ့ပေသည်။ စာမေးပွဲကာလမှာ ပထမပြန်ရော ဓမ္မာစရိယပါဆိုလျှင် (၁၃) ရက်ကြာမြင့်ပေသည်။ တစ်ရက်ကုန်ကျငွေမှာ ငွေကျပ် လေးသိန်းမှ ငါးသိန်းအထိရှိပေသည်။ တစ်ရက်လျှင် သံဃာအပါး (၈၀၀) မှ (၂၀၀၀) အထိ ကပ်လှူရပေသည်။

ကိုးရီးယားကျောင်းအစ်မကြီးနှင့် ရှိုင်းဟုပ်သာသနဒါယိကာမကြီး ဒေါ်ခင်ခင်ရီတို့၏ မတည်ငွေနှင့်အတူ ဆွမ်းပဒေသာပင် စိုက်ထူလှူဒါန်း သူများလည်း ရှိလာပေသည်။

မစိုးရိမ်တိုက်သစ် စာဖြေသံဃာတော်များ ၀မ်းစာအရေးကြောင့် ပညာရေးမထိခိုက်တော့ဘဲ အပူပင်ကင်းစွာ စာဖြေခွင့်ရရှိကြပေတော့၏။

ယခင်နှစ်များနည်းတူ ယခုနှစ်တွင်လည်း ၂၆-၃-၂၀၁၂ မှ ၂-၄-၂၀၁၂ အထိ ပထမပြန်စာဖြေသံဃာများအားလည်းကောင်း၊ ၂-၄-၂၀၁၂ မှ ၇-၄-၂၀၁၂ အထိ ဓမ္မာစရိယ စာဖြေသံဃာများအားလည်းကောင်း ကပ်လှူနိုင်ခဲ့ပေသည်။

ထိုသို့ နေ့ဆွမ်းကို တိုက်မှတာဝန်ယူကပ်လှူသောကြောင့် စာဖြေသံဃာများမှာ နေ့ဆွမ်းအတွက် အခက်အခဲမရှိတော့သော်လည်း အရုဏ် ဆွမ်းအတွက်မူ အခက်တွေ့၍နေကြပြန်လေသည်။ မိမိသည်လည်း တရားပွဲများ ကြွရောက်ဟောကြားလျှက်ရှိရာ ထိုတရားပွဲများမှ ဓမ္မပူဇာ ဓမ္မဒါန န၀ကမ္မအလှူငွေများ လက်ခံရရှိခဲ့ပေသည်။ ထိုငွေများဖြင့် အရုဏ်အတွက် တစ်စုံတစ်ခု ဖန်တီးလိုသောကြောင့် နာယကမရှိသေးသော ကျောင်းဆောင်များရှိ စာဖြေသံဃာများအား လ္ဘက်ရည်နှင့် အီကြာကွေးတို့ဖြင့် အော်ဒါမှာယူပေးလှူနိုင်ခဲ့ပေသည်။

ပထမတွင် နာယကမရှိသေးသောကျောင်းများကိုသာပေးလှူခဲ့သော်လည်း နောက်ပိုင်းတွင်မူ နာယကရှိသောကျောင်းများကိုပါ ပေးလှူနိုင် ခဲ့လေတော့၏။ ထိုအခါ အရုဏ်ဆွမ်းကပ်လှူနိုင်သော ဓမ္မယာနကျောင်းနှင့် ဓမ္မသမိဒ္ဓိကျောင်းမှလွဲ၍ ကျန်သည့်ကျောင်းအားလုံးကို ပေးလှူ ခွင့်ရခဲ့ပေတော့၏။

ပထမပြန်ဖြေဆိုရက် (၇) ရက်၌ နေ့စဉ် စာဖြေသံဃာ (၈၈၁) ပါးအတွက် လ္ဘက်ရည်နှင့် အီကြာကွေးလှူငွေ ၂၅၇၈၅၀ (နှစ်သိန်းငါးသောင်းခုနှစ် ထောင်ရှစ်ရာ ငါးဆယ်ကျပ်) လှူနိုင်ခဲ့ပေသည်။

စာချတန်းဖြေဆိုကာလ (၆) ရက်အတွင်း၌ နေ့စဉ်သံဃာ ၅၃၃ ပါးမှ ၉၉၀ ပါးအတွက် လ္ဘက်ရည် အီကြာကွေးလှူဒါန်းငွေ ၁၀၂၄၆၀၀ (ဆယ်သိန်းနှစ်သောင်းလေးထောင်ခြောက်ရာကျပ်) နှစ်ရပ်ပေါင်းအလှူငွေ ၁၂၈၂၄၅၀ (တစ်ဆယ့်နှစ်သိန်းရှစ်သောင်း နှစ်ထောင်လေးရာ့ငါး ဆယ်ကျပ်) လှူဒါန်းနိုင်ခဲ့ပေသည်။

မိမိသည် အညတရဘ၀ဖြင့် ၉၉ လ နေထိုင်ခဲ့ရခိုက် ဆရာသမားများ၊တပည့်ဒကာ/ဒကာမများ၊သူငယ်ချင်းများ၏ ပေးစာကမ်းစာ ထောက်ပံ့ စာဖြင့်သာ ရပ်တည်ခဲ့ရပေသည်။ သာသနာပြုဆောင်ရွက်ချက်ဟူ၍ ဘာတစ်ခုမျှမရှိလေသော၊ ဘုရားသားတော်ပင်ဖြစ်သော်လည်း သင်္ကန်းဝတ်ဘ၀ဖြင့်ပင် နေထိုင်ခွင့်မရခဲ့သော၊ အမျိုးဘာသာသာသနာအတွက် အုတ်တစ်ချပ် သဲတစ်ပွင့်ပင် ဆောင်ရွက်ချက်မရှိသော စာရေးသူအား နှစ်ပေါင်းများစွာ ထောက်ပံ့လှူဒါန်း ပေးကမ်းစွန့်ကြဲသူ အားလုံး၏ သဒ္ဓါတရားကား ကြီးမားလှပါဘိ။ ကျေးဇူးတရားသည်လည်း ကြီးမားလှပါဘိ။ တပည့်များ၏ကျေးဇူးကိုပြန်လည် ဆပ်ခွင့်ရခဲ့၍လည်း များစွာကျေနပ်ခဲ့ရပေသည်။

အညတရအကျဉ်းသားလေးအပေါ် ကြင်နာတတ်သော အညတရစာသင်သားလေးများအား လှူဒါန်းသောငွေ အရေအတွက်သည်လည်း အညတရသာမညအဆင့်မှာသာရှိခဲ့မည်ကား အမှန်ပင်။ သို့သော် အညတရအချင်းချင်းမှာကား အညတရဘ၀ကို အလေးအနက်ပင် တန်ဖိုးထားလေးစားနေမည်သာဖြစ်ပေသည်။

ဦးပဉ္စင်း ၀ီရသူ(မစိုးရိမ်)
ဓမ္မသဟာယကျောင်းနာယက
မစိုးရိမ်တိုက်သစ်
မဟာအောင်မြေ၊ မန္တလေး
Email- wirathu2012@gmail.com
ဖုန်း – ၀၉ – ၂၀၀၄၀၁၃


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Similar Posts