ရသဆောင်းပါးစုံ လူများ၊ ရုပ်ပုံလွှာများ

အညတရအကျဉ်းသားရဟန်းတော်များ (၁၇) ဦးဃောသိတ

အရှင်ပညာနန္ဒ
ဧပြီ ၁၉၊ ၂၀၁၂
၂၀၀၈ ခုနှစ်က မြန်မာပြည်မှာ နာဂစ်မုန်တိုင်းတိုက်ခတ်သွားပြီးတဲ့နောက်ပိုင်း လူဦးရေနှစ်သန်းနီးပါး ရေဘေးဒဏ်ခံခဲ့ရပြီး အစားအသောက် ကျန်းမာရေး နေထိုင်ရေး စတဲ့ကိစ္စတွေ အတော်လေးဒုက္ခရောက်ခဲ့ကြတာ လူတိုင်းအသိပါ။ စစ်အာဏာရှင်တွေအနေနဲ့ အဲဒီတုန်းက ရေဘေးဒုက္ခသည်တွေကိုအကူအညီပေးဖို့ထက်၂၀၀၈ဖွဲ့ စည်းပုံအခြေခံဥပဒေကိုထောက်ခံဖို့ သေလွန်သွားသူတွေဆီကတောင် ထောက်ခံမဲရဖို့ ကြိုးစားဆောင်ရွက်နေခဲ့တာပါ။ ဟန်ပြအကူအညီတွေပေးပြီး ဓာတ်ပုံရိုက်၊ သတင်းစာထဲထည့်ပြီး အကူအညီတွေပေးသယောင် ၀ါဒဖြန့်ခဲ့ပြီး သူတို့ကူညီပါတယ်ဆိုတဲ့ပစ္စည်းတွေကို ဒုက္ခသည်တွေထံကပြန်ပြီးသိမ်းယူသွားခဲ့ကြလို့ ရေးဘေးဒုက္ခသည်တွေ ထပ်ဆင့်စိတ်ဆင်းရဲစရာ တွေဖြစ်ခဲ့ရပါသေးတယ်။

ဒီလိုရေဘေးဒဏ်ခံခဲ့ရတဲ့သူတွေကို နအဖစစ်အစိုးရက ထိထိရောက်အကူအညီမပေးခဲ့တဲ့အပြင် နိုင်ငံတကာကပေးမယ့် အကူအညီတွေကို ငြင်းဆန်ခဲ့ပြီး ဒုက္ခသည်တွေကို ထပ်မံဒုက္ခပေးခဲ့တာ လူတိုင်းအသိပါ။ ဒုက္ခသည်တွေကိုအကူအညီပေးတဲ့စေတနာရှင်တွေ နှောင့်ယှက်တား ဆီးခဲ့ရသလို အကူအညီပေးတဲ့ ကိုဇာဂနာနဲ့ ကိုဇော်သက်ထွေးတို့ အဖမ်းခံခဲ့ရပြီး နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခြင်းခံခဲ့ရပါတယ်။

ရဟန်းတော်တွေထဲကလည်း နာဂစ်မုန်တိုင်း ဒုက္ခသည်များကိုကူညီခဲ့သူ ငါးထပ်ကြီးကျောင်းတိုက်မှ စာချဆရာတော်လေးဦးဃောသိတ လည်း ရေးဘေးဒုက္ခသည်တွေကို အကူအညီပေးမိလို့ ထောင်ဒဏ် (၇) နှစ် ချမှတ်တာခံခဲ့ရပါတယ်။

ဆရာတော်ဟာ ရေဘေးဒုက္ခသည်တွေကို သူတတ်နိုင်သလောက်အကူအညီပေးခဲ့ပြီး ထိုင်ဝမ်နိုင်ငံကအပြန် လေယာဉ်ပေါ်ကအဆင်းမှာဘဲ အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံကိုပြန်လည်ဝင်ရောက်စဉ် ရန်ကုန် မင်္ဂလာဒုံလေဆိပ်မှာ သြဂုတ်လ ၂၈ ရက်နေ့က ဆရာတော် ဦးဃောသိတနှင့်အတူ သံဃာ (၇) ပါး အဖမ်းခံရပြီး တရက်ကြာ ဖမ်းဆီးစစ်ဆေးပြီးနောက် အခြားသံဃာခုနှစ်ပါးကို ပြန်လွှတ်ပေးခဲ့ပေမယ့် ဆရာတော်တပါးတည်းကိုသာ ဖမ်းဆီးတရားစွဲဆိုခဲ့တာပါ။

အဖမ်းဆီးခံရပုံနဲ့ပက်သက်ပြီး ဆရာတော်လေးက ခုလိုမိန့်ကြားပါတယ်။
“ဦးဇင်းက နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်တယ်။ နာဂစ်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ပြီးတာနဲ့ ထိုင်ဝမ်ကသာသနာပြုအဖွဲ့က ဦး ဇင်းတို့ရှစ်ပါးကို ထိုင်ဝမ်မှာကျင်းပတဲ့ အကျွတ်အလွတ်ပွဲတော်ကြီးကိုပင့်တယ်။ ပင့်တဲ့အခါကြတော့ ဦးဇင်းတို့ကြွရတယ်။အဲဒီအကျွတ်အလွတ်ပွဲတော်ကြီးကို ဦးဇင်းတို့ကြွတဲ့အချိန်မှာ ဦးဇင်းကျောင်းမှာလာတည်းတဲ့ သူငယ်ချင်းဦးဇင်းတွေအဖမ်းခံရတယ်။ အဖမ်းခံရတော့ သူတို့ ကနေပြီးတော့ ဦးဇင်းကျောင်းမှာတည်းတယ်လို့ပြောတဲ့အခါကြတော့ ဦးဇင်း ထိုင်ဝမ်ကပြန်လာလာချင်း လေယာဉ်ပေါ်ကနေဆင်းလာတာနဲ့ ဦးဇင်းကိုဆွဲသွားတယ်။ ဆွဲသွားပြီးတော့ ဦးဇင်းကို၂၇/၁ တရားမ၀င်ဒေါ်လာကိုင်ဆောင်လာမှုဆိုပြီးတော့ ဦးဇင်းကိုပုဒ်မတပ်တယ်။ နောက် ၁၃/၁ နယ်စပ်ဖြတ်ကျော်မှုဆိုပြီးတော့ပုဒ်မတပ်တယ်။ ၁၇/၁ အသင်းအဖွဲ့  ဖွဲ့ တယ်ဆိုပြီးတော့ ပုဒ်မတပ်တယ်။

နောက်တော့ ဦးဇင်းကိုထောင်ဒဏ် (၇) နှစ်ချလိုက်တယ်လို့ မိန့်ပါတယ်။ ဒီနေရာမှာ ဆရာတော်ကိုထောင်ဒဏ်ချမှတ်ခဲ့တာဟာ တရားဥပဒေ နဲ့ ဘယ်လိုမှညီညွှတ်မှုမရှိတာကို တွေ့ ရပါတယ်။ ဆရာတော်လေးရဲ့အမှုကိုလိုက်လံဆောင်ရွက်ပေးနေတဲ့ ရှေ့နေကြီးဦးအောင်သိန်းက လည်း အောက်ပါအတိုင်းမှတ်ချက်ပေးပါတယ်။

နိုင်ငံခြားသို့ ပတ်စ်ပို့ဖြင့် တရားဝင်သွားရောက်ခဲ့ကာ မြန်မာပြည်သို့ တရားဝင်ပြန်လာသူကို လဝက ပုဒ်မ၊ မတရားအသင်းပုဒ်များဖြင့် စွဲဆို ထောင်ချခြင်းသည် ဥပဒေကြောင်းအရ ကိုက်ညီမှုမရှိဘူး။

နိုင်ငံခြားငွေလဲလှယ်ရေးဥပဒေနဲ့ပတ်သက်လို့ပြောရရင် သူနဲ့အတူပြန်လာတဲ့ သံဃာ ၈ ပါး အားလုံးက အနည်းနဲ့အများ ပါကြတယ်။ နိုင် ငံခြားငွေပါတဲ့ ဘုန်းကြီးတပါးက သက်သေအဖြစ် တရားရုံးကို လာထွက်ဆိုတာရှိတယ်။ သူ (ပြန်လွတ်ပြီးနောက်ရက်) သွားလဲလို့ရတယ်လို့ ပြောတယ်။ ဆရာတော်ကိုဆီးဖမ်းလိုက်တော့ လဲခွင့်မရှိဘူး။ လဲခွင့်မရှိတာကို ဆရာတော့်လက်ဝယ်တွေ့ရှိမှုနဲ့စွဲတာဟာ ဥပဒေနဲ့ မညီညွှတ် ဘူး။ ဆရာတော် အခွင့်အရေးမကုန်ဆုံးခင် အဖမ်းခံရတာဆိုတော့ နိုင်ငံခြားငွေ လက်ဝယ်ကိုင်ဆောင်မှုပုဒ်မကလည်း တရားဥပဒေနဲ့ မ ကိုက်ညီဘူး။

ဦးဃောသိတကို ဖမ်းဆီးအပြီး ၃ လခွဲအကြာ၊ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးခဲ့ပြီး ဖမ်းဆီးချိန်ကစပြီး ပြစ်ဒဏ်ပေးချိန်အထိ ကာလကို ချုပ်ရက်အဖြစ် တရားဥပဒေကသတ်မှတ်ထားပေမယ့် သုံးလနီးပါး ချုပ်ရက်မရဘူးဖြစ်နေတယ်။ အဲဒါတွေကလည်း ဥပဒေနဲ့ မကိုက်ညီဘူးလို့ သုံးသပ်ပြပါတယ်။

ဥပဒေနဲ့ မကိုက်ညီပေမဲ့လည်း စစ်တပ်လက်ပါးစေ အနောက်ပိုင်းခရိုင် တရားရုံးမှာ ဒုခရိုင် တရားသူကြီး (၃)၊ ဦးတင်ထွဋ်နဲ့ ဥပဒေအရာရှိ ဒေါ်ခင်ပိုက အမိန့်ချမှတ်ခဲ့ပါတယ်။

ဆရာတော်လေးဟာ အင်းစိန်ထောင်မှာ ထောင်ဒဏ်ချမှတ်တာကိုခံခဲ့ရပြီး (၁၅) ရက်အကြာမှာ ရမည်းသင်းထောင်ကိုပြောင်းရွှေ့ပို့ ဆောင် တာ ခံရပါတယ်။ ထောင်ထဲမှာ သုံးနှစ်ကြာ ချို့တဲစွာနေထိုင်ခဲ့ရပြီး ၂၀၁၂ ခုနှစ်၊ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာခွင့်အမိန့်နဲ့ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ထောင်ကလွတ်လာပြီးနောက်ပိုင်း ဆရာတော်လေးဟာ မူလနေထိုင်ခဲ့ရာ လိပ်ပြာကန်ကျောင်းတိုက်မှာ စာသင် စာချအလုပ်တွေကိုပြန်လုပ်နေခဲ့ပြီး ထောင်ထဲကရလာတဲ့ရောဂါဝေဒနာတွေကိုကုသရင်း ရဟန်းပြန်ဝတ်ခွင့်ရဘို့ စောင်ဆိုင်းနေဆဲ ကာလ ဖေဖ၀ါရီ ၂၄ ရက်နေ့မှာ ကျောင်းတိုက်ကနေထွက်ခွာဖို့ မဟနဆရာတော်များရဲ့ အမိန့်စာထွက်လာတာနဲ့ ကြုံတွေ့ ရပြန်ပါတယ်။

အမှုဖြစ်ပွားပုံကတော့ ကျောင်းထိုင်ဘုန်းကြီးက ကျောင်းတိုက်ပိုင်မြေကိုရောင်းတဲ့အမှုမှာ ပါဝင်ကန့်ကွက်မိလို့ ကျောင်းတိုက်ကနေနှင်ထုတ် ခံရတဲ့အမှုပါ။

နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (တတိယအဖွဲ့ခွဲ) ရဲ့ အကြောင်းပြချက်ကတော့ ရန်ကုန်တိုင်း ဒေသကြီး ဗဟန်းမြို့နယ်၊ ငါးထပ်ကြီး မြောက်ရပ်ကွက်၊ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးမှာ အရင်က နေထိုင်သတင်းသုံးခဲ့ပြီး နိုင်ငံတော်အား ဆန့်ကျင်မှု၊ တရားမဝင် နိုင် ငံခြားငွေ လက်ဝယ်ထားရှိမှုတို့နဲ့  ထောင်ဒဏ် (၇) နှစ် ပြစ်ဒဏ်ချမှတ်ခံရပြီး နိုင်ငံရေးမပြုလုပ်ရန် တားမြစ်ထားတဲ့ကျောင်းစည်းကမ်းအရ ကျောင်းမှ ထုတ်ပယ်ထားပြီးဖြစ်ကြောင်းလို့ဆိုတဲအကြောင်းပြချက်နဲ့  ဦးဃောသိတ (၁၂/ကခက (သ) ၀၀၀၁၂၆) သည် လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးအတွင်း တရားမဝင် အဓမ္မဝင်ရောက်နေထိုင်လျက်ရှိသဖြင့် ညွှန်ကြားစာရသည့်နေ့ကစပြီး (၃) ရက်အတွင်း ထွက်ခွာ သွားရန် ဖေဖော်ဝါရီလ ၂၄ ရက်နေ့က ထုတ်ပြန်ကြေငြာခဲ့ခြင်း ဖြစ်ကြောင်းသိရပါတယ်။

“စာထဲမှာပါတာက ဦးဇင်းက ထောင်ကထွက်လာတယ်။ ထောင်ကထွက်လာပြီးတော့ ဒီမှာနေထိုင်ခွင့် မရှိဘူး။ အဲတာကြောင့်မို့လို့ ကျောင်း တိုက်က ဖယ်ရှားခြင်းဖြစ်တဲ့အတွက်ကြောင့် ထွက်သွားပေးဆိုပြီးတော့ သူတို့ကပြောတယ်လေ။ အဖြစ်မှန်ကတော့ ကျောင်းထိုင်ဆရာတော် က ကျောင်းပိုင်မြေကို တခြားကျောင်းကို ရောင်းချတယ်။ ဦးဇင်းက သာသနာ့မြေတွေကို အဲလိုလုပ်တာမကြိုက်တဲ့အတွက်ကြောင့် လက်ရှိ ကျောင်းထိုင်ဆရာတော်ကို ဒါတွေမလုပ်ဖို့ပြောတယ်။ ပြောတာကို လက်မခံတဲ့အတွက်ကြောင့် ဦးဇင်းက တိုက်ဌာနပိုင်ဆရာတော်ကို တိုင် လိုက်တယ်။ အဲလို ဦးဇင်းကတားမြစ်တဲ့အတွက်ကြောင့် ဦးဇင်းရှိနေရင် သူရောင်းချလို့ မရဘူး။ အဲတာကြောင့် ဦးဇင်းကို မောင်းထုတ်တာပေါ့။

ဦးဇင်းက ဆက်ပြီးတော့ မဟနတွေကိုသိအောင် လုပ်ရမှာ၊ သူတို့က မသိဘူးလေ၊ အောက်ခြေကို ဆင်းမကြည့်ပဲနဲ့ သူတို့က သဘောထား ဒီလိုလုပ်လိုက်တာ” လို့ မိန့် ကြားပါတယ်။

လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးမှ ကျောင်းပိုင်မြေကို မောရွှေပြည် (ရှမ်း) ကျောင်းအား တိုးချဲ့ဆောက်လုပ်ရန် မြေနေရာ ရောင်းချ သည့်ကိစ္စအပေါ် ဦးဃောသိတက လိပ်ပြာကန်ကျောင်းတိုက်အုပ်ဆရာတော်ကြီးထံသို့ (၁၃-၁-၂၀၁၂) ရက်နေ့နှင့် (၂၄-၁-၂၀၁၂) ရက်နေ့ တွင် တိုင်ကြားခဲ့ပါတယ်။ ထိုကြောင့် တိုက်အုပ်ဆရာတော်မှ မောရွှေပြည် (ရှမ်း) ကျောင်းအား ကျောင်းဆောင်သစ် ဆောက်လုပ်နေတဲ့အပေါ် ခတ္တရပ်ဆိုင်းထားရန် တားမြစ်ခဲ့ပါတယ်။ လိပ်ပြာကန်တိုက်၊ အလယ်ကျောင်းကြီးဆရာတော် ဦးဇောတိကက သူ့ကိုတိုင်ရမလားဆိုပြီး သူ ရောင်းလိုက်တဲ့ မောရွှေပြည် (ရှမ်း) ကျောင်း၏ ဆရာတော်တွေနဲ့ပေါင်းပြီးတော့ ဦးဇင်းကိုနှင်ထုတ်ပေးရန် မဟနကိုသွားတိုင်တာဖြစ်တယ်။ အခု မဟနကနေပြီးတော့ စာရပြီး ၃ ရက်နေရင် အပြင်ကိုထွက်ဖို့ အမိန့်စာထွက်လာပေမယ့် နောက်ထပ် ၂ ရက်တိုးပြီး နေခွင့်ပေးတဲ့အတွက် ဆရာတော်ဦးဃောသိတဟာ ဖေဖော်ဝါရီလ ၂၉ ရက်နေ့အထိ ကျောင်းတိုက်မှာ ဆက်လက်နေထိုင်ခွင့်ရထားပါတယ်။

“အခုလို ကျောင်းပိုင်မြေကိုရောင်းဖို့စီစဉ်နေတာ တော်တော်ကြာနေပြီ။ အခုမှ အောင်မြင်တာ။ အရင်တုန်းက အဲဒီနားမှာ ဘုန်းကြီးလေး တပါးနေတာ။ အဲဒီနေရာကို ရောင်းချင်တော့ဘုန်းကြီးလေးနေတဲ့ကျောင်းကို ဖျက်ဆီးပစ်လိုက်ပြီးတော့ ကိုယ်တော်လေးကိုလဲ ကျောင်းမှ နှင်ထုတ်လိုက်တယ်” လို့ မိန့်ကြားပါတယ်။

“ဦးဇင်းရဲ့ခံစားချက်ကတော့ ဦးဇင်းက ဒီကျောင်းကဘုန်းကြီးတပါးပဲလေ။ ကျောင်းက တပည့်သံဃာ
တွေကလဲ ဦးဇင်းကို မထွက်စေချင်ဘူးလေ။ မထွက်စေချင်တော့ ဦးဇင်းကလဲ ဒါကို ချက်စုံလက်စုံ မဟနဆရာတော်ကြီးတွေသိအောင် ပြောရမယ်။ လာပြီးတော့ ဦးဇင်းကိုဆွဲထုတ်သွားမယ်ဆိုရင်လဲ ဦးဇင်းက ငြိမ်ခံဖို့အသင့်ရှိပါတယ်။ ဦးဇင်းကတော့ ကျောင်းက မထွက်နိုင်ပါဘူး။ မထွက်နိုင်တဲ့အတွက်ကြောင့် မဟနဆရာတော်ကြီးတွေကိုလဲ သိအောင်လုပ်မယ်။ အဖွဲ့အစည်းတွေကိုလဲ သိအောင်လုပ်မယ်။ အမှန်တရား ကို ပေါ်အောင်လုပ်မယ်လို့ ဦးဇင်းအနေနဲ့ ပြောချင်ပါတယ်”လို့ မိန့်ကြားပါတယ်။

ငယ်ရွယ်တဲ့ဦးဇင်းလေးတွေက အများအကျိုးကိုသယ်ပိုးဆောင်ရွက်နေပြီး အမှန်တရားဘက်ကရပ်တည်နေချိန်မှာ အာဏာပါဝါရှိတဲ့သံဃာ တော်ကြီးတွေက အောက်ခြေအဆင့်မှာ အမှန်တကယ်ဘာတွေဖြစ်နေတယ်ဆိုတာကို မေးမြန်းစုံစမ်းမှုတွေမပြုလုပ်ဘဲ တဘက်သက် ဆောင်ရွက်နေမှုတွေဟာ သံဃာတော်တွေရဲ့ညီညွတ်မှုကို အမှန်တကယ်ပျက်ပြားစေပြီး မဟနအဖွဲ့အစည်းကိုလည်း ပိုပြီးအယုံအကြည်မဲ့ စေပါတယ်။

ငွေများတရားနိုင်တယ်ဆိုတာအရင်ကတော့ လူ့အသိုင်းမှာဘဲကြားဘူးတာပါ။ ခုတော့ “အကျင့်ပျက် ခြစားမှု” တွေဟာ သာသာရေးလောကထဲထိမကြားခြင်မှအဆုံးဖြစ်နေတာမို့ ဘာသာခြားတွေရဲ့ကြားထဲမှာ တကယ့်ကိုအရှက်ရစရာတွေဖြစ်နေပါပြီ။ တာဝန်ရှိတဲ့ဆရာတော်ကြီး တွေအနေနဲ့  မဟနအဖွဲ့အတွင်းမှာရော အောက်ခြေသံဃာထုအတွင်းမှာရော အမှန်တကယ်ဘာတွေဖြစ်နေသလဲဆိုတာ ပြန်လည်သုံး သပ်ဖို့လိုနေပြီဖြစ်ကြောင်း လျောက်ထားပါတယ်ဘုရား။ ။

ရင်းမြစ် – ဘားမားဘီဂျေ၊ လွတ်လပ်တဲ့အာရှအသံ၊ မဇ္ဈိမသတင်းဋ္ဌာန


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “အညတရအကျဉ်းသားရဟန်းတော်များ (၁၇) ဦးဃောသိတ
  1. I really support that article.
    And not only me but also all wise people feel the reality of justic freedom like author.

Comments are closed.