ဧပြီ ၁၆၊ ၂၀၁၂
• အကြိုနေ့ပေးဆပ်မှုများ
၁၂၊ ၄၊ ၂၀၁၂ ရက်နေ့ ကြာသာပတေးနေ့သည် မြန်မာ့ရိုးရာသင်္ကြန်အကြိုနေ့ဖြစ်သည်။ ယင်းနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နာရေးကူညီမှုပေါင်း (၄၈) ဦးတို့အား (အခမဲ့) ကူညီသင်္ဂြိုလ်ပေးခဲ့ရာတွင် အသက် (၁၀၄) နှစ်ရှိပြီဖြစ်သော အမေကြီးဒေါ်အေးစိန်၊ အသက် (၁၀၈) နှစ်ရှိပြီဖြစ်သော အမေကြီးဒေါ်လေးခင်တို့အပြင် လမ်းမတော်မြို့နယ်၊ သရက်တော ကျောင်းတိုက်ဝင်းအတွင်းရှိသော သက်တော် ရှည်ကျောင်းမှ သက်တော် (၈၅) နှစ်ရှိသော ဆရာတော် ဦးပညာသာမိတို့လည်း ပါဝင်ခဲ့သည်။ သင်္ကြန်အကြိုနေ့ကာလဖြစ်သောကြောင့် အထူးနိဗ္ဗာန်ယာဉ်ကြီးများနှင့် ကူညီဖေးမမှုများကို အထူးသတိထား၍ မောင်းနှင်ခဲ့ရသည်။ စတိတ်ရှိုးများ၊ ရေကစားမဏ္ဍပ်ကြီးများ၊ ရေပက် ခံကားများ၊ လမ်းမပေါ်တွင်ရေကစားကြသူများ၊ သောက်စား၊ မူးယစ်၊ ကခုန်ကြသူများကို အတတ်နိုင်ဆုံးရှောင်ကွင်း၍ မောင်းနှင်ခဲ့ရသည်။
မြန်မာပြည်တွင်း ပြည်သူပြည်သား လူကြီးလူငယ်မရွေးတို့သည် ယခုလိုအခါကြီးရက်ကြီး၊ ပွဲကြီးလမ်းကြီးများရှိသောနေ့ရက်များတွင် မည်မျှ ပင်ပျော်ရွှင်မြူးတူးကြပါစေ ကျွန်တော်တို့ လူမှုရေးသမားများ၊ လူမှုရေးအသင်းအဖွဲ့များ၏ လူသားချင်းစာနာစိတ်ဖြင့်လူမှုရေးလုပ်ဆောင် ပေးဆပ်မှုများအပေါ် နားလည်ပေးမှုများစွာဖြင့် ပြန်လည်၍ဖေးမမှု၊ ကူညီမှုများပြုလုပ်ပေးကြပါလျှင် ကျွန်တော်တို့မြန်မာနိုင်ငံကြီးသည် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာဟူသော ဗြဟ္မာစိုရ်တရားထွန်းကားရာ ပျော်ရွှင်ဖွယ် တိုင်းနိုင်ငံကြီးတစ်ခုဖြစ်လာပါတော့မည်။
• ဒုတိယအကြတ်နေ့ ပေးဆပ်မှုများ
၁၅၊ ၄၊ ၂၀၁၂ (ဒုတိယ အကြတ်နေ့) နံနက် (၇း ၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၌ နံနက်ခင်းစာ အာဟာရဒါနအဖြစ် အာလူးပူတီနှင့် တိုရှည်တို့အား အသင်းသူဖြစ်သူ မထားထားအောင် (ခ) မပြားလီမှ အသင်းသူ/သားများ၊ ၀န်ထမ်းများအား ကျွေးမွေးခဲ့ပါ သည်။ ယင်းနောက် နံနက် (၈း ၃၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင် ဦးစီးတည်ထောင်၍ ဖွင့်လှစ်ထားသော သုခရိပ်မြုံ HIV ပိုးဝင်ရောက်နေသော မိဘမဲ့ကလေး သူငယ်များဂေဟာမှ ကလေးငယ်များသည် မော်တော်ယာဉ်(၂)စီး ဖြင့် ကလေးငယ် (၅၀) ဦးခန့်နှင့်အတူ အုပ်ထိန်းသူ ဆရာ/မများ၊ သူနာပြုဆရာမများနှင့် ရေပက်ခံထွက်ရာမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ဝင်ရောက်ကာ နာရေးကူညီမှုအသင်း(ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူ၊ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့် အသင်းသူ/သားများနှင့်အတူ ပျော်ရွှင်စွာဖြင့် ကခုန်ရေကစားခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကလေးငယ်များ သင်္ကြန်တွင်းပျော်ရွှင်စွာ ရေက စားနိုင်ရန်အတွက် အလှူငွေ (၅) သောင်းကျပ် အား ဥက္ကဋ္ဌ-ဦးကျော်သူကိုယ်စား အလုပ်အမှုဆောင် ဒေါ်စောသဉ္ဇာမှ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခအလင်းစာကြည့်တိုက်တွင် တာဝန်ကျလုပ်အားပေးများတို့မှလည်း ကလေးငယ်များအား မုန့်ထုပ်များဝေငှပေးခဲ့ကာ (၁၀း၀၀) နာရီအချိန်တွင် ကလေးငယ်များနှင့်အတူ နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့် အောင်တို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ သုခရိပ်မြုံအဖွဲ့နှင့် ဆည်းဆာရိပ် ဘိုးဘွားရိပ်သာအဖွဲ့ မော်တော်ယာဉ်များဖြင့် ပြန်လည် ထွက်ခွာသွားခဲ့သည်။
ယနေ့ ၁၅၊ ၄၊ ၂၀၁၂ (ဒုတိယအကြတ်နေ့) တွင် နာရေးကူညီမှုစုစုပေါင်းသည် ယခင် သင်္ကြန်နေ့ရက်များထက် နာရေးလမ်းကြောင်းများ ပိုမိုများ ပြားလာသည်ကို တွေ့မြင်ရသည်။ ယနေ့တွင် နာရေးကူညီမှု စုစုပေါင်း (၄၄) ကြောင်းရှိသည့်အနက် မြောက်ဥက္ကလာပမြို့နယ် (၁)ရပ်ကွက်၊ သုမိတ္တာ (၁၄) လမ်းတွင်နေထိုင်သော ကျောင်း၊ ရဟန်းဒါယိကာမကြီး ဒေါ်စန်း အသက် (၉၂) နှစ်၏ ဈာပနနှင့် မြောက်ဥက္ကလာပ မြို့နယ် (င) ရပ်ကွက်၊ သန္တာ (၁၂) လမ်းတွင်နေထိုင်သော အဖွားဒေါ်သန်းရှင် အသက် (၈၅) နှစ်တို့၏ ဈာပနလမ်းကြောင်းအား နာရေးကူညီမှု အသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူနှင့် အသင်းသား/သူများသည် ၀ိုင်းဝန်းကူညီဖေးမ သင်္ဂြိုလ်ပေးမှုကို နေ့လည် (၁း၀၀) နာရီအချိန်တွင် ရေဝေးသုဿန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးနိုင်ခဲ့သလို ရေဝေးသုဿန်တွင် ဈာပနလိုက်ပါပို့ဆောင်သူများနှင့် စည်ကားပြည့်နှက်နေခဲ့ပြီး အ များသူငါ ပျော်ပါးနေသည့်အချိန်၊ ရေကစားနေကြသည့်အချိန်၊ ကခုန်နေကြသည့်အချိန်တွင် ကျွန်တော်တို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ လူမှုရေးသမားများသည် နေ့စဉ်ကြုံတွေ့နေရသော ဈာပနဖြစ်စဉ်များနှင့် လုံးပန်းနေရင်း နေ့စဉ်ရုံးဆင်းချိန် ညနေ (၅း ၀၀) နာရီအချိန်တွင် နေအိမ်သို့ ပြန်လည်ထွက်ခွာသွားကြသော ဝန်ထမ်းများ၊ လုပ်အားပေးများအား ယခုကဲ့သို့ အချိန်ပိုင်းအတွင်းလေးတွင် သင်္ကြန်ရေပက်လောင်း မှုလေးဖြင့်သာ ပျော်ရွှင်မှုများကိုရရှိစေခဲ့သည်။
ညနေ (၅း ၃၀) နာရီအချိန်တွင် အောင်ရတနာဆေးရုံတွင် တက်ရောက်၍ အစာအိမ်အူမကြီးအား ခွဲစိတ်ကုသမှုခံခဲ့ရသော အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၏ မိခင် ဒေါ်တင်တင်လတ်သည် ဆေးရုံမှပြန်လည်၍ နေအိမ်သို့ဆင်းရတော့မည် ဖြစ်ပါ၍ လူနာ၏ ခွဲစိတ်ခံအခြေအနေကြောင့် လူနာတင်ယာဉ်နှင့် ပြန်လည်ပို့ဆောင်ရမည်ဖြစ်ပါသောကြောင့် နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ဥက္ကဋ္ဌ ဦးကျော်သူကိုယ်တိုင်မောင်းနှင်ကာ အသင်းသားများနှင့်အတူ အောင်ရတနာဆေးရုံသို့ သွားရောက်ခဲ့သည်။ အောင်ရတနာဆေးရုံမှ ဆေးရုံ ပိုင်ရှင်နှင့် ဆရာဝန်ကြီးများမှလည်း ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့အား နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အရေးပေါ်လူနာ တင်ယာဉ်နှင့်အတူ မှတ်တမ်းဓါတ်ပုံများရိုက်ကူးခဲ့သေးသည်။ ဆေးရုံမှ မိခင်ဒေါ်တင်တင်လတ်အား လူနာတင်ယာဉ်ပေါ်သို့ ဆေးရုံဝန်ထမ်း များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အသင်းသားများအကူအညီဖြင့် ဆေးရုံဒုတိယထပ်မှသယ်ဆောင်ပြီး လူနာတင်ယာဉ်ပေါ်သို့ ပို့ ဆောင်ကာ နေအိမ်သို့ထွက်ခွာလာရာ လမ်းတလျှောက်ရေပက်ကစားနေကြသောမဏ္ဍပ်များနှင့် ရေကစားထွက်ကြသော မော်တော်ယာဉ် များမှလည်း လမ်းဖယ်ရှားရှင်းလင်းပေးခြင်းများကို မိမိတို့ပျော်ပါးနေမှုကြားမှ လူသားချင်းစာနာစိတ်ဖြင့် ယခုကဲ့သို့ တစ်နိုင်တစ်ပိုင် ကူညီမှု များပြုလုပ်ပေးခြင်းသည် ယခုလို မဟာသင်္ကြန်အချိန်ကာလအတွင်း မင်္ဂလာတရားနှင့်ညီသော ကုသိုလ်ကောင်းမှုပင်ဖြစ်တော့သည်။
• ကိုယ်တွင်းအပူမီးများ ငြိမ်းကြပါစေ
၁၃၊ ၄၊ ၂၀၁၂ သောကြာနေ့ မဟာသင်္ကြန်အကျနေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) တွင် အသင်းသား/သူများ၊ အလှူရှင်များ၊ အသင်းဥက္ကဋ္ဌဦးကျော်သူနှင့်ဇနီးဒေါ်ရွှေဇီးကွက်နှင့် ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်တို့၏ အလှည့်ကျလှူဒါန်းကျွေးမွေးကြသော နံနက်စာ၊ ညနေစာ ထမင်းဟင်းနှင့်နေ့လည်စာအဖြစ် မြန်မာ့ရိုးရာ မုန့်လုံးရေပေါ်၊ မုန့်ကြာစေ့၊ သာကူ၊ ဆီထမင်း စသည့်သရေစာများကို ချက်ပြုတ်ကျွေးမွေး စားသောက်ရင်းဖြင့် အများပြည်သူတို့၏ နာရေးကူညီမှုလုပ်ငန်းအား ရေကစားနေကြသော အများပြည်သူတို့၏ ရှေ့မှောက်ဝယ် အပူမီးများအားငြိမ်းသတ်ပေးလျှက်ရှိသည်။
ယနေ့ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ နာရေးကူညီမှုပေါင်း (၃၆) ကြောင်းရှိသည့်အနက် မြောက်ဒဂုံ (၄၁) ရပ်ကွက်ရှိ တော်ဝင်အိမ်ရာ တိုက်ခန်းတွင် ဘ၀တစ်ပါးသို့ပြောင်းလဲသွားသော ဒေါ်ညွန့်တင် အသက် (၉၀) ၏ နောက်ဆုံးခရီးအား ဥက္ကဋ္ဌဦးကျော်သူနှင့်အတူ ဇနီးဒေါ် ရွှေဇီးကွက်တို့ အတူတကွ ကုသိုလ်ယူ လိုက်လံပို့ဆောင်သင်္ဂြိုလ်ပေးခဲ့သည်။ ဦးကျော်သူတို့နှင့်အတူ နာရေးကူညီမှု အသင်းသား/သူ များသည် အသင်းဖယ်ရီကားနှင့်လည်းကောင်း၊ ကွယ်လွန်သွားသော အမေကြီးဒေါ်ညွန့်တင်သည် အသက် (၉၀) ဖြစ်သောကြောင့် အထူး နိဗ္ဗာန်ယာဉ်ဖြင့် ဦးကျော်သူကိုယ်တိုင်မောင်းနှင်ကာ ရေဝေးသုဿာန်သို့ ပို့ဆောင်သင်္ဂြိုလ်ပေးခဲ့ပါသည်။ တော်ဝင်အိမ်ရာသို့ဝင်ရာလမ်းကျဉ်းလေးတွင် ဓါတ်ကြိုးမလွတ်၍ ၀ါးလုံးဖြင့်ထောက်ကာဝင်လာခဲ့ရသည်မှလွဲ၍ လမ်းတလျှောက် ရေကစားကြသူများ၊ အရက်သေစာ သောက်ထားသူများကလည်း နာရေးကူညီမှုအသင်း (ရန်ကုန်) ၏မော်တော်ယာဉ်များကို အနှောက်အယှက်ပေးခြင်းကင်းစွာဖြင့် မောင်းနှင် ရာတွင် အဆင်ပြေချောမွတ်စေရန် ၀ိုင်းဝန်းအကူအညီပေးခဲ့ကြသည်။ ယင်းလမ်းကြောင်းတွင် သင်္ကြန်အကြိုနေ့နည်းတူ မြောက်ဥက္ကလာလမ်း မကြီးသည် ရေကစားသူနည်းပါးလှသောကြောင့် အဆင်ပြေစွာဖြင့်မောင်းနှင်နိုင်ခဲ့ပါသည်။
၁၂၊ ၄၊ ၂၀၁၂ ရက်နေ့ သင်္ကြန်အကြိုနေ့တွင် လှိုင်သာယာမြို့နယ်ရှိ ဖော့ဘူးစက်ရုံမီးလောင်ကျွမ်းမှုတွင် အဆောက်အဦး အပျက်အစီးများ အား ရှင်းလင်းဖယ်ရှားရာ၌ နိုင်ငံခြားသားတစ်ဦး၏ မီးလောင်ကျွမ်း၍သေဆုံးနေသောရုပ်အလောင်းအား တွေ့ရှိသောကြောင့် ယနေ့ ၁၃၊ ၄၊ ၂၀၁၂ (သင်္ကြန်အကျနေ့) တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဆက်သွယ်အကူအညီတောင်းခံလာသည့်အတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ဝန်ထမ်းများရုံးဆင်းချိန်ဖြစ်သော်လည်း အရေးပေါ်သွားရောက်ကူညီဖေးမမှုကို သက်ဆိုင်ရာ မီးသတ်ဦးစီးဋ္ဌာနဝန်ထမ်းများ နှင့် မြန်မာနိုင်ငံပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် ပူးပေါင်း လုပ်ကိုင်ပေးခဲ့သည်။ ထို့ကြောင့် အများသူငါ ပျော်ရွှင်ကြည်နူးစွာ ရေကစားနေကြသော မဟာသင်္ကြန်ပွဲတော်ရက်တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) အနေဖြင့် သေဆုံးသူမိသားစု၏ အပူမီးများကို လိုက်လံငြိမ်းသတ်ပေးနေခဲ့ရ သည်။ တနည်းအားဖြင့် နာရေးကာယကံရှင်မိသားစုများ၏ ကိုယ်တွင်းအပူမီးများကို ငြိမ်းသတ်ပေးနေခြင်းပင်ဖြစ်တော့သည်။
၂၀၁၂ ခုနှစ် မဟာသင်္ကြန် ရေသဘင်ပွဲတော်တွင် အများပြည်သူအပေါင်း ရေပက်လောင်း၍ နှစ်ဟောင်းရှိ ကိလေသာအညစ်အကြေးများကို ဆေးကြောဘိသကဲ့သို့ ယခုနှစ်သစ်ကူးအချိန်ကာလမှစ၍ အများပြည်သူအပေါင်းတို့၏ ကိုယ်တွင်းရှိ အပူမီးများသည်လည်း ငြိမ်းအေးကြပါ စေသတည်းဟု ဆုတောင်းမေတ္တာပို့လိုက်ရပါသည်။
• ခွပ်ချိန်တန် ခွပ် … ကချိန်တန် က
၁၄၊ ၄၊ ၂၀၁၂ သင်္ကြန်အကြတ်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သည် နာရေးကူညီမှု လမ်းကြောင်းများအား နေ့စဉ်နေ့တိုင်း နံနက် (၈း ၃၀) နာရီအချိန်မှစ၍ ကူညီဖေးမသင်္ဂြိုလ်ပေးမှုများ လုပ်ကိုင်ပေးသည့်အနက် နံနက် (၁၁း ၀၀) နာရီအချိန်၌ သင်္ဃန်းကျွန်းမြို့နယ်၊ ၁၆/၁ရပ်ကွက် ဇဋိလ (၁) လမ်းနေ ဒေါ်စိန်ညွန့် အသက် (၈၆) နှစ်၏ နာရေးလမ်းကြောင်းအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦး ကျော်သူနှင့် အသင်းသား/သူများသွားရောက်၍ ဒေါ်စိန်ညွှန့်၏ရုပ်အလောင်းအား ရေဝေးသုဿာန်သို့ ကူညီဖေးမကုသိုလ်ယူကာ ပို့ဆောင် သင်္ဂြိုလ်ပေးခဲ့သည်။
အကြောင်းမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ BG သွေးလှူအဖွဲ့၏ အလှပြဖျော်ဖြေရေး မော်တော်ယာဉ်ကြီးသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ဝင်ရောက်ခဲ့ကာ ဖျော်ဖြေသီဆိုမှုတို့ကို ပြုလုပ်ခဲ့ခြင်းကြောင့်ဖြစ်သည်။ “တို့တိုင်းဌာနီ NLD၊ ဒေါင်းပျိုမာတာ ပိတောက်ဋိကာ၊ ခွပ်ဒေါင်းပြဌာန်းသစ်၊ ခွပ်ဒေါင်းသင်္ကြန်၊ အိုးဝေတွန်သံ၊ BG သင်္ကြန်အိုးဝေသံ၊ ကြည်မြစိမ်းစို ခွပ်ဒေါင်းပျို” စသည့်သီချင်းများအပြင် နာရေးကူ ညီမှုအသင်း (ရန်ကုန်) အသင်းသူ/သားတို့၏ တောင်းဆိုချက်ကြောင့် “ခွပ်ဒေါင်း ပြန်လာပြီ” သီချင်းအား မြိုင်ဆိုင်သီဆို ကပြဖျော်ဖြေခဲ့ကြ သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသူ/သားများ၊ ၀န်ထမ်းများသည်လည်း ၀မ်းသာကြည်နူးစွာဖြင့် ၀င်ရောက်ကပြကြသည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အသင်းသား ဦးဋ္ဌေးလွင်မှ ဂုဏ်ပြုငွေ (တစ်သောင်း) ကျပ်၊ အသင်းသူ မပြားလီမှ ဂုဏ်ပြုငွေ (နှစ်သောင်း)ကျပ်၊ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး ဒေါ်ရွှေဇီးကွက်တို့မှ (ငါးသောင်း) ကျပ်အပြင် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေ (တစ်သိန်း) ကျပ်တို့အား ချီးမြှင့်ပေးကြကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေး အဖွဲ့သား/သူ အယောက် (၄၀) ကျော် တို့အား ထမင်းဟင်းများဖြင့် ဧည့်ခံကျွေးမွေးခဲ့သည်။ ထိုသို့သီဆိုဖျော်ဖြေမှုအား အသင်းသား/သူများ၊ ၀န်ထမ်းများအပြင် ပြင်ပမှဧည့်ပရိ သတ်များပါ လာရောက်အားပေးကြည့်ရှုခဲ့ကြသည်။ BG သွေးလှူအဖွဲ့ အလှပြဖျော်ဖြေရေးမော်တော်ယာဉ်ထွက်ခွာသွားစဉ်၌ အဖွဲ့သား/သူ များ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်နှင့် နာရေးကူညီမှုအသင်း (ရန်ကုန်) အသင်းသား/သူများတို့သည် BG အဖွဲ့သား/သူများတို့အား သင်္ကြန် ရေ ပက်ဖျန်းလောင်းခဲ့သည်။
နေ့လည် (၃း ၀၀) နာရီအချိန်တွင် နာရေးကူညီမှုလုပ်ငန်းများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ရှိ အသင်းသူ/သားများ၊ ၀န်ထမ်းများ တို့သည် လုပ်ကိုင်ဆဲ အလုပ်တာဝန်များအား ဆက်လက်လုပ်ကိုင် ပေးဆပ်နေစဉ် (၈၈) ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင် ဦးဆောင်၍ (၈၈)ကျောင်းသားများအဖွဲ့၏ သင်္ကြန်သံချပ်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်ရှိရာသို့ ထပ်မံရောက် ရှိလာကြ ပြန်သည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့သည် နာရေးကူညီမှုအသင်း(ရန်ကုန်) တွင် ကိုမင်းကိုနိုင် အကျဉ်းထောင်ထဲတွင် ရေးစပ်ခဲ့သည့်သီချင်းများဖြင့် အဖွဲ့လိုက်သီဆိုဖျော်ဖြေခဲ့ရာ မမြင်မကြားရသည်မှာ နှစ်ပေါင်း (၂၀/၃၀) နှစ်ခန့်ရှိပြီဖြစ်သော သင်္ကြန်သံ ချပ်များဖြင့် (၈၈) အမျိုးသမီးအဖွဲ့၊ (၈၈) အမျိုးသားအဖွဲ့များမှ “မောင်မောင်ဆိုလေ ထီးရိုးရှည်သံချပ်အဖွဲ့” နှင့် ပူးပေါင်းဖျော်ဖြေခဲ့ကြသည်။ (၈၈) ကျောင်းသားများ၏ မဟာသင်္ကြန်သံချပ်အဖွဲ့အား နာရေးကူညီမှုအသင်း(ရန်ကုန်) မှ ဂုဏ်ပြုငွေ (တစ်သိန်း)၊ ဥက္ကဋ္ဌဦးကျော်သူနှင့် ဇနီးဒေါ်ရွှေဇီးကွက်တို့မှ ဂုဏ်ပြုငွေ(တစ်သိန်း)၊ ဒုဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်မှ ဂုဏ်ပြုငွေ (သုံးသောင်း) ကျပ်တို့အား ဂုဏ်ပြုချီးမြှင့်ပေးအပ် ကာ ဒေါ်ရွှေဇီးကွက်နှင့် (၈၈) ကျောင်းသားအဖွဲ့တို့သည် အပြန်အလှန် သင်္ကြန်ရေပက်ဖျန်းလောင်းကာ နေ့လည်စာ ရွှေရင်အေး၊ သာကူ တို့ဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြသည်။
ယခု ၂၀၁၂ ခုနှစ် မဟာသင်္ကြန်ပွဲတော်ရက်သည် အခြားသော မဟာသင်္ကြန်နှစ်များနှင့်မတူ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) နှင့် မြန်မာ ပြည်သူ/သားများအတွက် မင်္ဂလာအရှိဆုံး မဟာသင်္ကြန် နှစ်ထူးနှစ်မြတ်ဖြစ်စေခဲ့တော့သည်။ အများပြည်သူလူထု တခဲနက် ထောက်ခံအား ပေးမှုကိုခံခဲ့ရသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ အောင်မြင်မှုရရိှသော နှစ်ဖြစ်သလို အကျဉ်းကျနိုင်ငံရေးအကျဉ်းသားများဖြစ်သော (၈၈)ကျောင်းသားများ ပြန်လည်လွတ်မြောက်လာသော နှစ်လည်းဖြစ်သည်။ ထို့ပြင် နှစ်ပေါင်း (၃၀) ခန့် မမြင်ရသည်မှာကြာပြီဖြစ်သော သံချပ်အဖွဲ့များ ပြန်လည်ပေါ်ပေါက်လာသော နှစ်သစ်လည်းဖြစ်ပေသည်။ နာရေးကူညီမှုအသင်း (ရန်ကန်) ၏ နေ့စဉ်မွန်းကြပ်မှုများ၊ လှောင် ပိတ်မှုများနှင့် ကျွန်တော်တို့အား ကူးစက်လွှမ်းခြုံခြင်းခံနေရသော ရောဂါဝေဒနာရှင်တို့၏ အပူမီးများ၊ နာရေးရှင်တို့၏ နာရေးပရိဒေ၀ အပူမီး များအား ယခုကဲ့သို့ ခဏတာအတွင်း ပြေပျောက်အေးချမ်းမှုကို လာရောက်ဆေးကြောပေးကြသော NLD၊ BG သွေးလှူအဖွဲ့၏ ဖျော် ဖြေသီ ဆိုရေးအဖွဲ့နှင့် (၈၈) ကျောင်းသားများ မဟာသင်္ကြန်သံချပ်အဖွဲ့တို့အား ၀မ်းမြောက်ဝမ်းသာပီတိဖြစ်ကာ ကျေးဇူးအထူးတင်ရှိပါ တော့သည်။ ထို့ကြောင့် ကျွန်တော်တို့ လူမှုရေးသမားများသည် အများပြည်သူတို့၏ သောကအပူမီးများကို လိုက်လံငြိမ်းသတ်ပေးနေရသကဲ့သို့ မိမိတို့ တွင်စွဲကပ်နေသော သောကအပူမီးများအားလည်း ယခုကဲ့သို့ပြန်လည်၍ ငြိမ်းအေးစေသော အချိန်အခိုက်အတန့်အတွင်းတွင် ငြိမ်းအေး စေခြင်းသည် NLD၊ BG သွေးလှူအဖွဲ့၏ သီဆိုဖျော်ဖြေမှု အလှပြမော်တော်ယာဉ်အဖွဲ့သားများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြား ခဲ့သော ဥက္ကဋ္ဌ ဦးကျော်သူ၏ “ ဒေါင်းဆိုတာ … ခွပ် ချိန်တန် ခွပ်၊ ကချိန်တန်က ရတယ် ” ဟူသော စကားပမာပင် ဖြစ်တော့သည်။