ဧပြီ ၁၅၊ ၂၀၁၂
ကိုယ်ပိုင်အရှုပ်အထွေး အဟောင်းအဆွေးတွေရဲ့ကြားမှာ
ခေါင်းမအေးနိုင်တဲ့ ငါ့စီးပွားရေးက ချွေးထွက်နေပြီး
မပြောင်းသေးတဲ့ အဝေးနိုင်ငံရေးက အေးစက်နေတယ်…
အိပ်ရေးပျက်နေတဲ့ အတွေးထပ်ခိုးပေါ်မှာ
ကိုယ်မပိုင်တဲ့ ဇယားတွေကမိုးရွာပြီး ဗွက်ရှုပ်နေတော့
ဘုရားတရားလည်း မလုပ်ဖြစ်ခဲ့ပါဘူး…
ကျန်းမာရေးအကြောင်းကို ခေါင်းထဲကထုတ်ပြီး
မသေရုံထမင်းတလုပ်နှစ်လုပ်တော့ ဟုတ်ဟုတ် မဟုတ်ဟုတ် စားဖြစ်နေတယ်…
တခါတခါ လူသူရူးတွေရဲ့ မြှားပစ်ချက်တွေကြောင့်
လူမှုရေးက ဘယ်ဘက်ရင်အုံဘေးကို ဆောင့်ဆောင့်ပြီးအောင့်တယ်….
စောင့်သိရမယ့်တရားနဲ့စကားတွေကို မေ့ထားတတ်တဲ့အသိုင်းအဝိုင်းကြားမှာ
ငါ့ဒဿနတွေက အရင်ထက်ပိုခါးလာသလို
မလိုအပ်တဲ့ အမှတ်တရတွေက တနှစ်ထက်တနှစ် ပိုများလာကြတယ်…..
ဒီလိုပါပဲ
အိမ်ထောင်ရေးခန်းဆီးစက နားလည်မှုချုပ်ရိုးစုတ်လာတော့
ဘာလုပ်လုပ် ကံမကောင်းသလို
ရုပ်ဆင်းအဂါင်္ကလည်း သံချောင်းလိုမာလာတယ်..
ဒီလိုနေ့တွေမှာ..
ဧည့်သည်ဆန်တဲ့ လေပြေညင်းတချို့တလေကတောင်
ငါ့အခန်းပြတင်းကို ကွေ့ရှောင်လို့ မတွေ့အောင်နေကြပြီး
အမနာပသတင်းတွေကတော့ ငါ့နေ့တွေကို အမှောင်ချထားကြတယ်…
အဲသလို…….
နေရင်း ထိုင်ရင်း ကြေကွဲရင်း သေခဲရင်းနဲ့ပဲ
ကဗျာဆန်တဲ့ မြန်မာဟန်တွေနဲ့ ဝေရာအရပ်မှာ
ကဗျာမဆန်တဲ့ ဟောဒီလိုနေ့ရက်တွေနဲ့
ကမ္ဘာကို ဘယ်လောက်ကြာကြာ ပွေ့ဖက်ထားရဦးမှာလဲကွယ် ……။ ။
Nice poem.