အင်တာဗျူး

Interview with U Win Tin – ကြားဖြတ်ရွေးကောက်ပွဲအလွန် အောက်ရေလှန်ခြင်း (back-wash) များ

ကြားဖြတ်ရွေးကောက်ပွဲအလွန် အောက်ရေလှန်ခြင်း (back-wash) များ

ဦးဝင်းတင်နဲ့ မေးခွန်းများ၊ မိုးမခ၊ ဧပြီ ၁၀၊ ၂၀၁၂

ဧပြီ ၁ ကြားဖြတ်ရွေးကောက်ပွဲ အောင်နိုင်ရေး တာဝန်ယူထားရတဲ့ အထက်မြန်မာပြည်က တိုင်းနဲ့ ပြည်နယ်တွေအတွက် မန္တလေးမြို့တော်ကို ခရီးသွားရောက်နေတဲ့အတွက် ဦးဝင်းတင်နဲ့ တွေ့ဆုံစကားမပြောဖြစ်ခဲ့တာ တလနီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ယခု ရန်ကုန်မြို့တော်ကို ပြန်လည်ရောက်ရှိလာပြီမို့ ဆရာနဲ့ တွေ့ဆုံခွင့်ရတဲ့အခါမှာ မေးခွန်းများ ပြန်လည် မေးမြန်းခွင့်ရခဲ့ပါတယ်။

မေး။    ။ အခု ကြားဖြတ်ရွေးကောက်ပွဲတော့ ပြီးဆုံးခဲ့ပြီ။ အောင်နိုင်ရေးလုပ်ငန်းတာဝန်တွေနဲ့ ခရီးထွက်ပြီး အပြန်မှာ ဆရာ့ဘက်က ဘယ်လိုမျိုး တွေ့ကြုံရတယ်လို့ ပြောချင်သလဲ။

ဖြေ။     ။ ရွေးကောက်ပွဲဟာ တိုတိုပြောရရင် တရားမျှတမှုရှိလို့ နိုင်တာမဟုတ်ဘူး။ မတရားမှုတွေ အများအပြားရှိတယ်။ မတရားမှုတွေ အများအပြားရှိနေသလို လွတ်လပ်ခွင့်ဆိုတာကလည်း နဲနဲလေး ရှိနေတယ်။ အဲသည် အလင်းရောင်လေးက ရှိနေတယ်။ ဒါကြောင့် ကျနော်တို့ အနိုင်ရတယ်လို့ ပြောချင်တယ်။

အင်န်အယ်ဒီက ၀င်ရောက်ယှဉ်ပြိုင်တဲ့ နေရာအားလုံးနီးပါးမှာ အနိုင်ရရှိခဲ့တယ် ဆိုပေမယ့် လက်ရှိအာဏာရထားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးပါတီက ဒေသခံပါတီဝင်တွေ၊ ကိုယ်စားလှယ်တွေ၊ အာဏာပိုင်တွေ၊ လက်ဝေခံတွေရဲ့ အစွန်းကုန် လိမ်လည်မှုတွေ၊ လှည့်ဖြားမှုတွေ၊ မတရားမှုတွေ တင်းကြမ်းတွေ လုပ်နေတဲ့ကြားထဲကနေ အဖွဲ့ချုပ်က အနိုင်ရခဲ့တာ ဖြစ်တယ်လို့ ပြောချင်တယ်။ လွယ်လွယ်နဲ့တော့ မဟုတ်ဘူး။

ဒီအောင်မြင်မှုဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကြောင့်လို့ ဆိုနိုင်သလို ပြည်သူလူထုကြီးတရပ်လုံးက ရတောင့် ရခဲ ရှားရှားပါးပါး ခဲခဲယဉ်းယဉ်း အကြပ်အတည်းမျိုးစုံကြားထဲက ပေါ်ထွက်လာတဲ့ လွတ်လပ်မှု လွတ်လပ်ခွင့် ရနိုင်သလောက်လေးတွေကြားထဲကနေ တခဲနက် ရုန်းကန်ပြီး အနိုင်ရအောင် လုပ်ကြရတာ ဖြစ်တယ်။ မီဒီယာတွေ၊ ပြည်သူတွေ၊ လူတန်းစားအသီးသီးက မကြောက်မရွံနဲ့ အစွမ်းကုန် စွန့်စားကြလို့ ရရှိတဲ့ အောင်မြင်မှုလို့ ဆိုချင်ပါတယ်။

မေး။    ။ အခုရွေးကောက်ပွဲပြီးပြီ၊ လွန်ခဲ့တဲ့ တနှစ် ၂၀၁၁ ဧပြီလမှာတုန်းက ဒေါ်စုက ပြည်သူကို ပန်ကြားချက်ထုတ်ခဲ့တယ်။ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့၊ အပစ်အခတ် ရပ်စဲဖို့၊ ထွက်ပြေးတိမ်းရှောင်နေတဲ့ ဒုက္ခသည်တွေနဲ့ အခြားပြည်သူတွေ အေးချမ်းလုံခြုံစွာ ပြန်လာနိုင်ကြဖို့ တောင်းဆိုချက်တွေ ချမှတ်ခဲ့တာနဲ့ဆိုရင် နှစ်ပတ်လည်ခဲ့ပြီ။ အဲဒီအရေးကိစ္စတွေမှာလည်း ဆက်လက်ပြီး အကောင်အထည်ဖော်နေတာတွေ ဘယ်လိုရှိတယ်လို့ ထင်သလဲ ဆရာ။

ဖြေ။     ။ ခုချိန်မှာ ပြန်ကြည့်ရင် လက်ရှိအစိုးရနဲ့သာမက ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တိုင်းရင်းသားအဖွဲ့အစည်းတွေက တွေ့ဆုံ ဆွေးနွေးနေကြတာကို တွေ့နေရပြီ ဖြစ်ပါတယ်။ အဲသည်မှာ အပစ်အခတ်ရပ်စဲရေးကို ဦးတည်ဆွေးနွေးနေကြတယ်။ အဲသည်မှာ ကျနော်ဖြည့်စွက်ချင်တာကတော့ အပစ်အခတ်ရပ်စဲဖို့လည်း လိုတယ်။ ဒါ့အပြင် ငြိမ်းချမ်းရေး တည်မြဲဖို့အတွက်ကတော့ နိုင်ငံရေးအရ ဆွေးနွေး အဖြေရှာကြရမှာ ဖြစ်တယ်လို့ ပြောချင်ပါတယ်။

မေး။    ။ ဟုတ်ပါပြီ။ ရွေးကောက်ပွဲပြီးသွားပြီဆိုတော့ စိတ်အားတက်ကြွမှုတွေ တိုးလာတယ်။ အသံမျိုးစုံ လှုပ်ရှားမှုမျိုးစုံလည်း ဟိုက သည်က ထွက်ပေါ်လာတယ်။ အဲသည်ထဲက တခုကို ကောက်နုတ်ပြရရင် ဦးခင်ညွန့်ကနေပြီးတော့ ဒီပဲယင်းမှာ သူမပါဘူး။ သူနဲ့ ထောက်လှမ်းရေးတွေက ဒေါ်စုကို ကယ်တင်ဖို့တောင် လုပ်ခဲ့တယ် ဒါမျိုးတွေ ပြောလာတယ်။ ဒါတွေက ဘာတွေလဲ ဆရာ။

ဖြေ။     ။ ဒါက နိုင်ငံရေးမှာ တွေ့ရနေကြ မြင်ကွင်းပါပဲ။ ရွေးကောက်ပွဲမှာ မဲပေးတုန်းကလည်း ပြည်သူတွေ ထောက်ခံတဲ့ပါတီကို မဲပေးခဲ့တယ်လို့ ဗိုလ်ခင်ညွန့်က ပြောခဲ့တယ်။ နိုင်တော့ အင်န်အယ်ဒီပေါ့ကွာ။ ကြံ့ခိုင်ရေးနိုင်တယ်ဆိုတော့လည်း သူက ပြည်သူလက်ခံတဲ့ပါတီလို့ ပြောမှာပေါ့။ ကြားချပြီး ပြောတာပဲ။ ဒါပေမယ့် ဘာဖြစ်လို့ ဒီအချိန်မှာ ဒီစကားတွေ ဒီအပြောတွေ ထွက်လာတာလဲ။ ဒါဟာ စဉ်းစားစရာ အများကြီး ရှိတယ်။ ဒါကို ပြောချင်တယ်။ ဘာနဲ့ သွားတူသလဲဆိုတော့။ သမဂ္ဂကို ဘယ်သူဗုံးခွဲသလဲ ဆိုပြီးတော့ ဗိုလ်နေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ ကြား အငြင်းပွားနေတဲ့ သမိုင်းပြသနာလို ဖြစ်လာသလား လို့ တွေးစရာတွေ ပေါ်လာတယ်။ ဒါက သူတို့တွေအချင်းချင်း တရားခံဆိုပြီး အပြန်အလှန် လက်ညိုးထိုးကြတာကိုး။  အခု ဦးနေ၀င်းက သေသွားတဲ့အခါကျတော့ မသေခင်မှာ ဗိုလ်အောင်ကြီးကို ထိုးသွားတယ်။ ဗိုလ်အောင်ကြီးက မသေသေးတဲ့အခါကျတော့ ဦးနေ၀င်းကို ဆက်ထိုးနေတယ်ပေါ့ကွာ။

မေး။    ။ အဲသည်တော့ ဆရာပြောချင်တာက ခုချိန်မှာ ဗိုလ်ခင်ညွန့်က သမိုင်းမှာ မေးခွန်းထုတ်လာစရာဖြစ်လာတော့မယ့်  ဒီပဲယင်းလုပ်ကြံမှုကြီးမှာ သူ ပါဝင်ပတ်သက်ခြင်း မရှိဘူးဆိုတာကို ခုကတည်းက ကြိုတင်ပြီး ပြင်ဆင်ပြီး ငြင်းဆိုလိုက်တယ်။ ပြီးတော့ ကန့်လန်ကာနောက်ကွယ်ကို ၀င်သွားတဲ့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကို လက်ညိုးထိုးလိုက်တယ်။ အဲသည်လိုပေါ့။ ဟုတ်လားဆရာ။ အငြင်းပွားစရာတွေကို ဖန်တီးနေပြီပေါ့။

ဖြေ။     ။ ဟုတ်တယ်။ တကသကို ဘယ်သူဖြိုသလဲဆိုတာ သမိုင်းမှာ အငြင်းပွားစရာ မေးခွန်းဖြစ်တယ်။ အဲသည်ရဲ့ အဖြေမှာ သမိုင်းတရားခံကို တွေ့ရမှာပဲ။ ဦးနေ၀င်းတို့ ဦးအောင်ကြီးတို့က သမိုင်းတရားခံ အဖြစ်မခံနိုင်လို့ ငြင်းခုံနေကြတာ။ အဓိကကတော့ ကျောင်းသားတွေကိုယ်တိုင်၊ ပြည်သူတွေကိုယ်တိုင်ကလည်း မခံမရပ်နိုင်လို့ အဖြစ်မှန်ကို သိချင်လို့ တောင်းဆိုနေတဲ့ အင်အားစုတွေ ရှိနေလို့ပဲ။ အဲသည်လိုပဲ ဒေါ်စုကို လုပ်ကြံဖို့ ကြိုးစားတဲ့ ဒီပဲယင်းလုပ်ကြံမှုကြီးမှာ ဘယ်သူသမိုင်းတရားခံလဲ ဆိုတာကို ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်တို့ကြားမှာ အပြန်အလှန် လက်ညိုးထိုးပြီး ငြင်းခုံတဲ့ ကိစ္စတွေတောင် ဖြစ်ပေါ်လာနိုင်တယ်လို့ ပြောနိုင်တယ်။

မေး။    ။ ဗိုလ်ခင်ညွန့်က ဒေါ်စုကို လေးစားတယ်၊ ချစ်ခင်တယ် ပြောလာပေမယ့် ၁၉၈၈ အရေးတော်ပုံအလွန်ကာလ တလျောက်လုံးမှာ ဗိုလ်ခင်ညွန့်ခေါင်းဆောင်တဲ့ ထောက်လှမ်းရေးတပ်ဖွဲ့တွေ အားလုံးက သပိတ်တွေ ကို ဖြိုခွဲခဲ့တယ်။ ပါတီဝင်တွေ၊ ကျောင်းသားတွေကို ဖမ်းဆီးနှိမ်နှင်း၊ အကျဉ်းချတာတွေ ရှင်းလင်းတာတွေ လုပ်ခဲ့တယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ ဒီမိုကရေစီရေးလှုပ်ရှားသူတွေ၊ လှုပ်ရှားမှုတွေကို ထောက်လှမ်းရေးနည်းနဲ့ တိုက်ခိုက်နှိမ်နှင်း ရှင်းလင်းခဲ့တာဟာ သမိုင်းမှာ ဖုံးကွယ်လို့မှ မရတာပဲ ဆရာ။ ခုကျမှ ဒီပဲယင်းလုပ်ကြံမှုတခုတည်းမှာ ကြိုတင်ငြင်းဆန်တာတွေ လုပ်နေရတာလဲ။

ဖြေ။     ။ စစ်အစိုးရတလျောက်လုံးမှာ အတိုက်အခံတွေအပေါ်ကို လုပ်ကြံမှုတွေမှာ၊ ဖြိုခွဲမှုတွေမှာ ထောက်လှမ်းရေးမပါဘူးဆိုတာဟာ မဖြစ်နိုင်ဘူး။ ထောက်လှမ်းရေးဆိုတာ စစ်အာဏာရှင်တွေရဲ့ လက်ကိုင်တုတ်ပဲ။ ကျနော်ပြောချင်တာကတော့ အခုလို ဒီပဲယင်းလုပ်ကြံမှုမှာ ထောက်လှမ်းရေးကင်းတယ်ဆိုတာ အယုံအကြည်မရှိဘူး။ သို့သော် ထောက်လှမ်းရေးက ကယ်တယ်ဆိုတာကို ဘာမှ မှတ်ချက်မပေးလိုဘူး။ အခုအချိန်မှာ ဦးတင်ဦးကလည်း ပြောလိုက်ပြီ။ ဒီကိစ္စကို စုံစမ်းရေးလုပ်ပါ။ ကော်မရှင်ဖွဲ့ပြီး စုံစမ်းပါလို့ ပြောတယ်။ ကျနော်လည်း အဲဒီသဘောပဲ ရှိပါတယ်။ ဒီကိစ္စက ဂယက်က အများကြီး ရိုက်ခတ်နေတယ်။

မေး။      ။ ဒါကို အစကပြန်ကောက်ပြီးပြောရရင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကတော့ ပြန်လည်သင့်မြတ်ရေးမူအရ၊ သင်ပုံးချေထားပြီးပြီလို့ ဆိုတယ်။ ၂၀၁၀ ဒီဇင်ဘာ ပြန်လည်လွတ်မြောက်လာကတည်းက ဒါနဲ့ ပတ်သက်ပြီး ဘယ်လိုမှ သဘောမထားဘူးလို့ ခိုင်ခိုင်မာမာ ပြောထားတယ်။ ဒါပေမယ့် နိုင်ငံတကာက ကုလသမဂ္ဂလိုအဖွဲ့တွေ၊ လူ့အခွင့်အရေးကော်မရှင်တို့၊ မြန်မာ့အရေးလှုပ်ရှားသူတွေနဲ့ မြန်မာပြည်သူတွေကိုယ်တိုင်က ဒီလုပ်ကြံမှုကို စုံစမ်းစစ်ဆေးဖော်ထုတ်ဖို့ လိုအပ်တယ်လို့ မြင်ကြတယ်။ အခုအချိန်မှာ ဘယ်လိုမျိုး အမှန်တရားကို ဖော်ထုတ်စုံစမ်းကြရမှာလဲ ဆရာ။ (အဲသည်အကြောင်း မိုးမခနဲ့ ဒေါ်အောင်ဆန်းစုကြည်အဖြေများ အင်တာဗျူးမှာ ဖတ်နိုင်သည်)

ဖြေ။      ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားက စုံစမ်းစစ်ဆေးရေးတော့ လုပ်ရမှာပဲ ဆိုတာကို လက်ခံတယ်။ ဒါပေမယ့် သူကိုယ်တိုင်က ဒါကို အာဃာတတွေထားပြီးတော့ သူတပါးကို အပြစ်တင်ဖို့ ဖော်ထုတ်ချင်တာ မဟုတ်ဘူး။ သမိုင်းမှာ အတိတ်ကို သင်ခန်းစာယူနိုင်အောင်၊ ပြင်ဆင်နိုင်အောင်အတွက် ဖြစ်တယ်လို့ ဆိုထားပြီး ဖြစ်ပါတယ်။ အခုဟာက ဦးနေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ တယောက်ကိုတယောက် လက်ညိုးထိုး အငြင်းပွားသလိုမျိုး၊ ဗိုလ်သန်းရွှေနဲ့ ဗိုလ်ခင်ညွန့်နဲ့ တဦးကိုတဦး ပုံချသလိုမျိုး ဖြစ်လာတာ ဘာသဘောလဲဆိုတာကို စောင့်ကြည့်ကြရမယ်။ ဒီအတိုင်းပဲ အသံပျောက်သွားမလား။ ဒါလဲဖြစ်နိုင်တာပဲ။

မေး။      ။ ဒါဆိုရင် အစကမေးခွန်းပဲ ပြန်မေးရမှာပဲ။ ကြားဖြတ်ရွေးကောက်ပွဲအပြီး တိုက်တိုက်ဆိုင်ဆိုင်ပေါ့လေ အခုလိုမျိုး လူတွေ ဖြစ်ရပ်တွေကနေ အသံတွေထွက်လာတာက ငြင်းကြ ခုန်ကြတာတွေက ဘယ်လိုဖြစ်တာလဲ။ ဘယ်လို ရင်ဆိုင်ကြရမှာလဲ။

ဖြေ။       ။ ဒါက အင်္ဂလိပ်လိုပြောရရင် back wash movement ရဲ့ အကြိုလို့ ပြောချင်တယ်။ ဒုတိယကမ္ဘာစစ်ကြီးအပြီးမှာလည်း သည်လိုမျိုး သမိုင်းရေလှိုင်းကြီး ပြန်ဆင်းသွားတဲ့အခါမှာ ရှင်းကုန်တာမျိုးပေါ့။ လာတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲကြီးကျရင် အကုန်လုံး သိမ်းကျုံးပြီးတော့ သမိုင်းအမှိုက်လှဲတဲ့ကာလကြီး ကြုံလိမ့်မယ်လို့ ပြောချင်တယ်။ အဲသည်အခါကျရင် ပေါ့တဲ့ကောင်တွေ၊ အမှိုက်သရိုက်တွေက ဒီရေအဆင်းမှာ ပါသွားမယ်။ သမ္မတဦးသိန်းစိန်လိုမျိုး လူတွေမျိုးက လွဲရင်၊ အပြောင်းအလဲကာလတွေမှာ မလုပ်နိုင်တဲ့သူတွေက ရေစုန်မျောကြလိမ့်မယ်လို့ ပြောချင်တယ်။ အဲဒါကြောင့် ဗိုလ်ခင်ညွန့်က နိုင်ငံရေးသိက္ခာတွေ ဘာတွေ ပြန်ထူထောင်နိုင်အောင် ကျောက်ဆောင်ပေါ်တက်ပြီး ရပ်ပြတာလား၊ ဒါမှမဟုတ် ဗိုလ်သန်းရွှေနဲ့ အငြင်းအခုန်ဖြစ်တာလား၊ ကွဲပြဲတာလား။

ဒါကြောင့် ကျနော်တို့ဖက်ကတော့ ဘယ်လိုမျိးမြင်သလဲဆိုတော့ ၂ ချက်ရှိတယ်။ ပထမအချက်ကတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် သင်ပုံးချေလိုက်တာမျိုးဖြစ်တယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားရပ်တည်ချက်၊ ပြီးတော့ ဦးတင်ဦးပြောတာကို ကျနော် သဘောတူတယ်။ ဒီကိစ္စဟာ သမိုင်းမှာ အငြင်းပွားစရာပြသနာကြီးအဖြစ် မကျန်ရစ်အောင် သင်ခန်းစာယူနိုင်အောင် စုံစမ်းစစ်ဆေး ဖော်ထုတ်ရမယ်။ ဒါက ဘယ်သူဘက်ကကြည့်ကြည့်၊ အင်န်အယ်ဒီဖက်ကကြည့်ကြည့်၊ သန်းရွှေဖက်က ကြည့်ကြည့်၊ ခင်ညွန့်ဖက်က ကြည့်ကြည့် အကောင်းဆုံးနည်းဟာ အမှန်တရားကို ရှာရမယ်၊ ဖော်ထုတ်ရမယ်။ ဒါကို မရှာပဲ၊ မဖော်ထုတ်ပဲ ပြသနာလုပ်ပြီးတော့ တဦးကို တဦး လက်ညိုးထိုးနေတာတွေ၊ အပြစ်တင်နေတာတွေလုပ်နေကြတာတွေဟာ ပြန်လည်သင့်မြတ်ရေးအတွက်လည်း အကျိုးမရှိဘူး လို့ ပြောချင်တယ်။ ဦးနေ၀င်းနဲ့ ဗိုလ်အောင်ကြီးတို့ အငြင်းပွားနေသလိုမျိုး သမိုင်းဖြစ်ရပ်ကြီးမှာ မကျန်ရစ်စေချင်ဘူး။ ဒါပါပဲ။

မေး။      ။ ဟုတ်ပါပြီ။ ကျနော်တို့ဖက်က ပြစရာဥပမာတခုကတော့ မြောက်ပိုင်းအေဘီလုပ်ကြံမှုကြီးက ဖြစ်ရပ်တွေ ပေါ်ပေါက်လာတာမျိုး ပေါ့လေ။ နှစ်ပေါင်း ၂၀ ကြာတဲ့အခါမှာ ကာယကံရှင်တွေ၊ သက်သေတွေကနေ ဖြစ်ရပ်မှန်တွေ၊ အတွေ့အကြုံတွေ ပေါ်ပေါက်လာတယ်။ ဒါတွေကို ကျနော်တို့တွေက သမိုင်းမှာ အမှန်အတိုင်း တင်ကျန်ရစ်အောင် မှတ်တမ်းတင်ကြရတယ်။ အဲသည်မှာ တဦးကို တဦး အပြစ်တင်နေတာ၊ လက်ညိုးထိုးနေတာ၊ ပြသနာရှာနေတာတွေဟာ သင်ခန်းစာယူနိုင်ဖို့၊ အနာဂတ်အတွက် ပြင်ဆင်နိုင်ဖို့အတွက် အကျိုးမရှိဘူးလို့ ကျနော့်ဖက် ဆက်စပ်တွေးနေမိတယ် ဆရာ။

ဖြေ။       ။ အေး အေး၊ ဟုတ်ပါပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts