ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

လွတ်မြောက်ရေးသို့ …

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၉၊ ၂၀၁၂

သာယာဝတီအကျဉ်းထောင်တွင်းသို့ရောက်ရှိနေသော နိုင်ငံရေးအကျဉ်းသားမောင်လင်္ကျာထွန်း၏ အသက် (၄၀) နှစ်ပြည့်မွေးနေ့အား ရည် စူး၍ မိခင်ကြီးဒေါ်ရီမှ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ အလှူငွေ (၅သိန်း)၊ သုခကုသိုလ်ဖြစ်ဆေးခန်းသို့ အလှူငွေ (၅သိန်း) စုစုပေါင်း အလှူငွေ (၁၀) သိန်းကျပ်တိတိအား (၅.၄.၂၀၁၂) ရက်နေ့ ကြာသာပတေးနေ့တွင် လမ်းမတော်မြို့နယ် (၁၅) လမ်းနေအိမ်၌ လှူဒါန်းမှုကို ပြုလုပ်ခဲ့သည်။ မောင်လင်္ကျာထွန်း၏မိခင်ကြီး ဒေါ်ရီမှာ ခန္ဓာကိုယ်အောက်ပိုင်းလှုပ်ရှားသွားလာ၍မရသဖြင့် ဘီးတပ်ကုလားထိုင်ဖြင့်သာနေ ထိုင်နေရသူဖြစ်၍ မိခင်ကြီးမှကိုယ်တိုင်ကိုယ်ကျ မိမိ၏လက်နှင့် မောင်လင်္ကျာထွန်းအတွက် လှူဒါန်းငွေကို နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော်သူလက်ထံသို့ လှူဒါန်းမှုကိုပြုလုပ်လိုပါသဖြင့် လမ်းမတော်မြို့နယ် နေအိမ်သို့ မွန်းတည့် (၁၂း၀၀) နာရီအချိန်တွင် သွားရောက် ကာ အလှူငွေကိုလက်ခံရယူခဲ့ပါသည်။ မောင်လင်္ကျာထွန်း၏မိခင်ကြီး ဒေါ်ရီသည် ယနေ့ (၆.၄.၂၀၁၂) ရက်နေ့ သောကြာနေ့တွင်လည်း မောင်လင်္ကျာထွန်းရှိရာ သာယာဝတီအကျဉ်းထောင်သို့ သားဖြစ်သူထံသို့ ကျန်းမာရေးမကောင်းသည့်ကြားမှ မဖြစ်မနေ အရောက်သွားရှိကာ ဘဝတူအကျဉ်းသားများနှင့်ဝန်ထမ်းများအား ဒံပေါက် အထုပ် (၁၁၅ဝ) ထုပ်အား မောင်လင်္ကျာထွန်းမွေးနေ့ဒါနအဖြစ် သွားရောက် ကုသိုလ် ပြုမည်ဟုလည်း သိရှိခဲ့ရသည်။

မောင်လင်္ကျာထွန်းသည် အသက် (၄၀) နှစ်ပြည့်ခဲ့ပြီဖြစ်သော်လည်း သူ၏ဘဝထက်ဝက်ခန့် (နှစ်ပေါင်း၂၀) နီးပါးသည် အကျဉ်းထောင် အတွင်း၌သာ ရှင်သန်ခဲ့ရသူဖြစ်ကြောင်း သိခဲ့ရသည်။ သူသည် ဒုတိယအကြိမ်မြောက် အကျဉ်းထောင်ထဲသို့ ရောက်ရှိခဲ့သည်လည်းဖြစ် သည်။ သူ၏ဘဝသက်တမ်း ထက်ဝက်ခန့်သည် အကျဉ်းထောင်ထဲတွင် အချုပ်အနှောင်ခံဘဝတွင် လူ့အသိုင်းအ၀ိုင်းနှင့်ကင်းကွာနေရ သော်လည်း ဘဝတူအကျဉ်းသားများစွာတို့အား သူတတ်မြောက်ထားသောပညာရပ်များဖြစ်သည့် အင်္ဂလိပ်စာ၊ ပြင်သစ်စကားတို့အပြင်ထေရ၀ါဒဗုဒ္ဓဘာသာဝင်များအတွက် အဖိုးမဖြတ်နိုင်သော မိုးကုတ်ဆရာတော်ဘုရားကြီးလမ်းညွှန်ပြသခဲ့သည့် မိုးကုတ်ဝိပဿနာ တရား စခန်းနှင့် ဘုရားကျောင်းဆောင်တို့အားလည်း သာယာဝတီအကျဉ်းထောင်အတွင်းတည်ထားကိုးကွယ်ကာ လမ်းညွှန်ပြသသင်ကြားပေးနေသူတစ်ဦးလည်းဖြစ်ပေသည်ဟု သိရှိခဲ့ရသည်။

ထိုထိုသော အများအကျိုးရွက်သယ်ပိုးကာ ကုသိုလ်ပြုနေသော၊ မြတ်စွာဘုရား၏တရားဒေသနာများကို ကိုယ်တိုင်ကျင့်သုံးကာ အများသူငှာ တို့အားလည်း သာသနာတော်ပြန့်ပွားရေးနှင့် ငြိမ်းချမ်းသောမဂ်ဖိုရ်နိဗ္ဗာန်ကိုရောက်ရှိအောင် လမ်းပြပေးနေသူတစ်ယောက် ယခုကဲ့သို့ သူ တော်စင်၊ သူတော်ကောင်း တို့နှင့်လားလားမှ မအပ်စပ်သော၊ မနေထိုင်သင့်သော အရပ်ဒေသဌာနဖြစ်သည့် အကျဉ်းထောင်အတွင်းသို့ နှစ်ရှည်လများ ၀င်ရောက်နေထိုင်နေရခြင်းသည် အတိတ်ဘ၀ကကံအကျိုးဆက်ကို ပြန်လည်ခံစားရခြင်းပင်ဖြစ်ပေလိမ့်မည်ဟု ကျွန်တော် ယုံကြည်မိတော့သည်။

ထို့ကြောင့် မောင်လင်္ကျာထွန်း၏ အတိတ်ဘဝမှအကုသိုလ်ကံအကျိုးဆက်များသည်ယခု အသက် (၄ဝ) ပြည့်မွေးနေ့မှစ၍ကုန်ဆုံး၊ ကွယ် ပျောက်၊ အဆုံးသတ်ကာယခုဘဝတွင်ပြုလုပ်ခဲ့သော ကုသိုလ်ကံအကျိုးဆက်များ၊ အကျိုးတရားများကိုအသစ်တဖန်ပြန်လည်ခံစား စံစား နိုင်ကာ အကျဉ်းကျနေသောဘ၀မှ အမြန်ဆုံးလွတ်မြောက်ကာ ပြင်ပလူ့လောကတွင် ဘာသာသာသနာနှင့် အများအကျိုးကို လွတ်လွတ် လပ်လပ်၊ ငြိမ်းငြိမ်းချမ်းချမ်း ပေးဆပ်နိုင်သောဘ၀သို့ အမြန်ဆုံးရောက်ရှိပါစေဟု ကျွန်တော်နှင့်အတူတကွ မြန်မာပြည်သူပြည်သားအားလုံး ၀ိုင်းဝန်းဆုတောင်းမေတ္တာပို့သပေးရန်အတွက် နှိုးဆော်လိုက်ရပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “လွတ်မြောက်ရေးသို့ …

Comments are closed.