ဓာတ်ပုံသတင်း

ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့၏ ၀င်းကုန်းရွာ၊ မီးဘေးအလှူ

မိုးမခမိတ်ဆွေ (ရွှေဘို)
ဧပြီ ၈၊ ၂၀၁၂

ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့ (SSSG) သား (၄) ဦးသည် အများပါဝင်လှူဒါန်းလိုက်သော မိုးကာရေကန် ၁၀၄ လုံး၊ ဖတ်စရာစာအုပ် များ၊ ကစားစရာ ခြင်းလုံး၊ ဒိုးဇက်စသည်များ၊ ဆန်ကြက်သွန်စသောစားစရာနှင့် ဝတ်စရာများ၊ ရန်ကုန်မြို့မှလှူဒါန်းလိုက်သည့် အဝတ်အစား ၂ ထုတ်နှင့် ၆၊ ၄၊ ၂၀၁၂ နေ့၊ နံက် ၁၀ နာရီတွင်ရွှေဘိုမြို့မှ စတင်ထွက်ခွာကြပြီး ဝက်လက်မြို့နယ်၊ ထန်းဂေါင်းဒေါင့်ကျေးရွာမှ လှူဒါန်းသည့် ဆန်အိတ် ၃ ပိုင်းခွဲ၊ အဝတ်အစား ၁၆ အိတ်၊ ဆပ်ပြာ ၁ အိတ်၊ ငွေ ၃၁၀၀၀ိ၊ တီဗီ ၁ လုံးတို့ကိုဝင်ယူကာ ယင်းမာပင်မြို့နယ်၊ ဝင်းကုန်းရွာသို့ ရွှေဘို မုံရွာဖြတ်လမ်း (ရွာသာကြီးရွာ) မှ ဆက်လက်မောင်းနှင်ကြပါသည်။

မုံရွာရောက်လျှင် ဝင်းကုန်းရွာဆရာတော်ဖုံးသို့ အခြေအနေမေးမြန်းဆက်သွယ်လျှောက်ထားသောအခါ တရွာလုံးသုံးလို့ရမည့် အိုးကြီးများ လိုသည်၊ ဒယ်ကြီးတွေလိုသည်ဟု မိန့်ပါသည်။ ခြင်ထောင်လှူလျှင်ကော အဆင်ပြေနိုင်ပါမည်လားဟုမေးရာ၊ လိုပါတယ်ဆိုသဖြင့် ခြင် ထောင် ဝယ်ဖို့ဆုံးဖြတ်ကြကာ မီးသင့်အိမ်ထောင်စု ၁၅၃ စုအတွက် PSI မှထုတ်သော ဆေးစိမ်ခြင်ထောင် ၁ လုံး ၂၃၀၀ိ နှုန်းဖြင့် ၁၅၃ လုံး ရှာဝယ်ကြပါသည်။ ထို့နောက် အလောင်းတော်ကဿပလမ်းအတိုင်း ကပိုင်ရွာသို့ ဆက်လက်ထွက်ကြပါသည်။ ကပိုင်မှာထမင်းစားပြီး ည ၉ နာရီလောက်တွင် ဆက်လက်ထွက်ခွာလာရာ လမ်းမှားမောင်းမိ၍ ဝင်းကုန်းသို့ ည ၁၂း ၃၀ မှ ရောက်ပါတော့သည်။

ဘုန်းကြီးကျောင်းမှ ဦးဇင်းများကို ဒုက္ခပေးနှိုးပြီး ဇိမ်ကျကျအိပ်စက်လိုက်ပါသည်။ မနက် ၆း၃၀ ဘုန်းကြီးကျောင်းမှ ဧည့်ခံသမျှမနက်စာအစုံ ကို စားသုံးပြီးချိန်တွင် မီးဘေးသင့်သူများ တဖွဲဖွဲရောက်လာကြပါသည်။ လဝကအဖွဲ့မှ မှတ်ပုံတင်ပျက်စီးသူများ၊ မရှိသူများကို လာလုပ်ဖို့ ကြောညာနေပါပြီ။ မိမိတို့ပါလာသည့် မိုးကာရေကန်မှာ ၁၀၄ လုံးသာဖြစ်နေသဖြင့် မဲဖောက်ပြီး ခြင်ထောင်နှင့်တွဲ၍ လှူဒါန်းလိုက်ကြပါသည်။ ကျန်သူများကို နောက်ရက်မှာ ပို့ပေးမည်။ အခုဟာက မျက်နှာလိုက်ရာ မကျအောင်ရယ်၊ ပျော်ရွင်ရအောင်ရယ်ဆိုပြီး မဲစီစဉ်ခြင်းဖြစ်ပါ ကြောင်း ရှင်းပြပါသည်။ ရွင်စရာပြောရလျင် ဦးကံဌေး၊ ဦးကံဌေး၊ ဦးကံဌေးဟု အတော်အော်ခေါ်ရသောလူတယောက်နှိုက်လိုက်ရာ ဗလာ ဟုဆိုသဖြင့် အားလုံးရယ်မောကြရပါသည်။ နာမည်ကတော့ ကံဌေးဆိုပြီးတော့ပေါ့။

ကျန် ၄၉ လုံးကို မန္တလေးကရုဏာအဖွဲ့သို့ အကူအညီ တောင်းထားပါသည်။ ယင်းတို့အဖွဲ့က အလှူငွေ ၂၂ သိန်းဖြင့် ယနေ့ (၇ ရက်နေ့) မနက် ၅ နာရီတွင် ချီတက်မည်ဟုသိရပါသည်။ ခြင်ထောင် အိမ်ထောင်စုအစေ့အပြင် တခြားက လာလှူထားသောတောင်းများ၊ ဆီများ၊ ဆပ်ပြာများ၊ ဆန်များပါ တပါတည်းခွဲပေးကြပါသည်။ ကျောင်းထဲတွင်လက်ခံပြီး ဆရာတော်နှင့် ရွာလူကြီးတို့က အိမ်ထောင်စုလိုက်ခွဲပေး နေပါသည်။ မိုးကာစ တစ်စစီဝေးပေးပြီးပြီ၊ ခု ၁၂၃ စသာ ရှိသေးသဖြင့် နောက်ထပ်မဝေနိုင်သေးပါ။ ၃၀ လိုနေသေးသည်ဟုလဲ သိရပါသည်။

အိမ်ခြေ ၃၇၅ အိမ်ရှိပြီး ၁၄၄ အိမ် လောင်ကျွမ်းသွားပါသည်။ လောင်ခံရသည့်အပိုင်းမှာ ရွာမကြီးဖြစ်ပြီး ရွာ၏အကြွယ်ဝဆုံးသူများနေသောအပိုင်းဟု သိရပါသည်။ သီးနှံများကို သင်္ကြန်ပြီးမှရောင်းမည်ဆိုပြီးသိမ်းထားကြရာ ပိုမိုအထိနာကုန်ကြသည်။ ဘာမှလဲ ယူချိန်မရ။ ၁ နာရီ လောက်အတွင်း ကူးစက်လောင်ကျွမ်းသွားခြင်းဖြစ် သည်ဟုဆိုပါသည်။ မီးစတင်လောင်ပုံကတော့ လူကြီးများ ဘုရားဖူးသွားနေသည့်အိမ်မှ ကလေးများမီးဆော့ရာက စသည်ဟု ယူဆကြပါသည်။ လေတိုက်နေချိန်ဖြစ်သဖြင့် မြန်မြန်ကူးစက်သွားသည်ဟုဆိုကြပါသည်။ ယခုအခါ စားစရာများ ၆ လစာခန့်လောက်ရရှိနေကြပြီး ယာယီနေစရာအတွက် အနီးနားတောင်မှ သစ်ဝါးများရသည်ဟုဆိုပါသည်။

ကိုယ့်နေရာကို လောလောဆယ်ပြန်မဝင်ရသေး။ အမြန်ပြန်ဝင် ချင်ပြီ။ ငွေမရှိရသည့်အထဲနေဖို့ နှစ်ခါဆောက်ရမည်ဆိုလျှင် အတော်အခက် တွေ့မည်။ အရင်ကပိုင်ရွာမီးလောင်တုန်းက အပြင်မှာ ၂ နှစ်ကြာသည်။ အဲလိုမျိုးဖြစ်မှာ စိုးရိမ်သည်ဟုပြောကြပါသည်။ ရွာမှာ ရေရှားသည်။ ရေငန်ဘဲထွက်သည်။ နွားရေနှင့် လူချိုးဖို့ ရေငန်ကိုသုံးသည်ဟု ဆိုကြသည်။ NLD အမေစုက အဝီစိတွင်းအတွက် ငွေသိန်း၁၀၀ ပို့ထားပြီးပြီ။ စစ်ကို်င်းတိုင်းဒေသကြီးဝန်ကြီးချုပ်၏တွင်းလည်း စတူးနေပြီ။ ကျောက်လွှာကျောက်ချပ်များပေါသဖြင့် စက်ကြီးနဲ့တူးမှရမည်။ ပေ ၄၀၀ ကျော်တူးရမည်။ အဝီစိတွင်းလှူဒါန်းမည့် အခြားကုသိုလ်ရှင်တချို့ လည်းရှိသည်ဟု သိရပါသည်။

စိုက်ပျိုးစရာ ယာမြေ၊ ကုန်းမြေများ အလွန်ပေါသည့်အတွက် သီးနှံတွေပေါ်လျှင် ပြန်လည်နလံထူလာမည်။ စိုက်ပျိုးစရိတ်များလိုအပ်မည်။ ဒါပေမဲ့ အလုပ်သမား အလွန်ရှားသည်က ဤနယ်၏ပြဿနာဖြစ်နေသည်ဟု ဆိုကြသည်။အနီးဝန်းကျင် အရင်ကငှားသည့်အလုပ်သမား များမှာ ငွေပိုရပြီး လူနေမှုမြင့်မားသည့် ထိုင်းနှင့်မလေးရှားသို့ သွားလုပ်ကုန်ကြပြီ။ ကုန်းပိုင် ယာပိုင် လယ်ပိုင် လောက်သာကျန်သည်ဟု ဆိုကြသည်။

ထူးခြားချက်ကတော့ မီးကွင်းထားသည့်တိုက်တလုံးပင်။ သူ့ပတ်ပတ်လည်အကုန်လောင်ထားသည်။ သူကတော့ထီးတည်း။

နတ်လူ (အွန်လိုင်းရွာသားများ) သာဓုခေါ်စေသော်ဝ် …. ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ရွှေခြင်္သေ့လူမှုစောင့်ရှောက်ရေးအဖွဲ့၏ ၀င်းကုန်းရွာ၊ မီးဘေးအလှူ
  1. ကျွန်တော်တို.ကပြည်ပကိုရောက်နေတော.မီးဘေးအတွက်ဘယ်လိပ်စာဖုံးနံပါတ် ဘယ်လိုလှူရမလဲဆိုတာ သိချင်ပါတယ် ကျွန်တော်တို.က စစ်ကိုင်တိုင်း ပုလဲမြို.ကပါ။

    1. ကိုယ်မလုပ်နိုင်တာတေါ လုပ်ပေးတာ ဝမ်းသာပါတယ်
      ပါဝင်လုပ်ဆောင်ချင်တယ်ဆိုရင် ဘယ်လိုလုပ်ရမလဲ

  2. ဒါမျိုးတွေသိလိုက်ရ ဖတ်လိုက်ရတော့  မျက်ရည်လည်အောင် ၀မ်းသာမိပါသည်။ လှူဒါန်းဒါနပြုသူအားလုံး
    ကို အထူးကျေးဇူးတင်ပါတယ်။ ဒို့ မြန်မာပြည်ဆိုတာ ဒါပါလားလို့ ……

Comments are closed.