ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

ဘုရားလည်းဖူး လိပ်ဥလည်းတူး


ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဧပြီ ၈၊ ၂၀၁၂

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ ရေဘုတ်ကျေးရွာ (အရှေ့ခြမ်း)၊ ကံဦးဘုရားကျောင်းမှ ဘုရားအမအသက် (၃၀) အရွယ်ရှိဒေါ်စော နန်းမှ ငွေအားစိုက်ထုတ်ဒါနပြုကာ ဒေါ်စောနန်း၏မောင်ဖြစ်သူ ကိုကျော်ဇောအောင်မှဦးစီး၍ ကံဦးသွေးလှူရှင်များအသင်းနှင့် လူမှုကူညီရေးအသင်းသားဦးရေ (၄၀၀) ကျော်အား မဲစနစ်ဖြင့်မဲနှိုက်ကာ ကံထူးသူလူဦးရေ (၉၄) ယောက်တို့အား အမရပူရမြို့မှ (၂.၄.၂၀၁၂) ရက်နေ့တွင် ထွက်ခွာလာခဲ့ပြီး မြို့အနှံ့ဘုရားစုံဖူးရင်း (၄.၄.၂၀၁၂) ရက်နေ့တွင် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ညနေ (၃း၀၀) ခန့်တွင် ရောက်ရှိလာခဲ့သည်။ ထိုကဲ့သို့ မဲနှိုက်၍ ကံထူးသူတို့ကိုခေါ်ဆောင်လာရာတွင် အသက် (၆၀) နှင့် အထက် အဖိုးအဖွားများကိုလည်း မဲနှိုက်၍ (၁၀) ဦး သီးသန့်ခေါ်ခဲ့သည်။ လူငယ်လူရွယ်များတွင်မက အသက်အရွယ်ကြီးမားသော အဖိုးအဖွားတို့သည်လည်း ဘုရားစုံဖူးလိုခြင်းအပြင် ရန်ကုန်မြို့ရှိ နာရေးကူညီမှုအသင်း (ရန်ကုန်) သို့လည်း လာရောက်လေ့လာ လိုခြင်းကြောင့် ဖြစ်ပေသည်။ ကံဦးသွေးလှူရှင်များအသင်းရှိ အသင်းသား (၄၀၀) ကျော်တို့သည် ရေဘုတ်ရွာ၊ တောယားရွာ၊ ဘောပုံရွာ၊ ဂျိုရွာ၊ တောင်ကိုင်းရွာ၊ တမုတ်ဆိုးရွာ၊ သာလာအေးရွာ၊ ကံရိုးရွာ၊ မုန်တောရွာ စသည့်ရွာများမှ ရွာသူ/သားများ ဖြစ်ကြသည်။ ၂၀၁၀ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီးနောက် လူသားတို့၏အသက်ကိုကယ်တင်ရာဖြစ်သော သွေးဖြင့်ကူညီလှူဒါန်း ကယ်တင်မှုများပြုလုပ်ခဲ့သည်မှာ (၅) ကြိမ်တိုင်တိုင်ရှိခဲ့ပြီဖြစ်သည်။

ကံဦးသွေးလှူရှင်များအသင်းနှင့် လူမှုကူညီရေး အသင်းသားဦးရေ (၉၄) ဦးတို့သည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ ဘုရားဖူး ယာဉ်ကြီး (၂) စီးဖြင့်ရောက်ရှိလာကြပီး အသင်းကြီး၏ ဖွဲ့စည်းပုံနှင့်လုပ်ဆောင်ချက်များအား လိုက်လံကြည့်ရှုခဲ့ကြသည်။ ထို့ နောက် နွေရာသီအင်္ဂလိပ်စာ သင်တန်းတွင် သင်တန်းတက်ရောက်နေကြသော ကလေးငယ်များ၊ နာရေးကူညီမှုအသင်း (ရန်ကုန်) ၏ပေးဆပ်မှုဓါတ်ပုံများ ယခင်သင်္ကန်းကျွန်းမြို့နယ်ရှိ အသင်းအဆောက်အဦးဓါတ်ပုံများနှင့် ယခုမြောက်ဒဂုံမြို့နယ်တွင် နာရေးကူ ညီမှုအသင်း (ရန်ကုန်) ၏မြေနေရာ အဆောက်အဦးဆောက်လုပ်မှုဓါတ်ပုံများအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌဦးကျော် သူမှ လိုက်လံ၍ပြသခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အစည်းအဝေးခန်းမထဲရှိ ဘုရားကျောင်းဆောင်ပေါ်တွင် ပူဇော်ခံ ထားရှိသော သီရိလင်္ကာနိုင်ငံမှ ဗုဒ္ဓစွယ်တော်ပွားအားလည်း ၀င်ရောက်ဖူးမျှော်ကန်တော့ခဲ့ကြသည်။ ဆက်လက်၍ နာရေးကူညီမှုအ သင်း (ရန်ကုန်) ၏ သုခကုသိုလ်ဖြစ်ဆေးခန်းတွင် လူနားများ ဆေးကုသခံယူနေပုံ၊ မျက်စိကုသခန်းများ၊ ဓါတ်ခွဲခန်းများ၊ ဆေးပေး ကောင်တာနှင့် ဆေးစတိုခန်းများ စသည်များအား စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြသည်။ ထို့နောက် နာရေးကူညီမှုအသင်းကြီးတွင်ထားရှိသော နိုင်ငံခြားဖြစ်အခေါင်းများအား လိုက်လံပြသပေးခြင်းနှင့် အသက် (၈၀) နှစ်နှင့် အထက် နာရေးလမ်းကြောင်း များ အား အသုံးပြုကူညီပေးသော အထူးနိဗ္ဗာန်ယာဉ်ကြီးများအား နာရေးကူညီမှု အသင်းသား/သူများမှ လိုက်လံရှင်းလင်းပြသခဲ့ကာ ညနေ (၅း၀၀) အချိန်တွင် ကံဦးသွေးအလှူရှင်အဖွဲ့သားများ နှင့် အုပ်စု (၄) စုခွဲကာ ဥက္ကဋ္ဌဦးကျော်သူ၊ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက် တို့နှင့်အတူ အမှတ်တရ မှတ်တမ်းပုံများ ရိုက်ကူးကာ ဥက္ကဋ္ဌဦးကျော်သူမှ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူရှင်များအား လက်ဆောင်အဖြစ်ပေးအပ်သော ပေးဆပ်သူများအမှတ် (၁)၊ (MTV) သီချင်းခွေများနှင့် ဆရာမ ဒေါ်သန်းမြင့်အောင် ရေးသားထား သော (ရေဝေး ထိန်ပင် ထားဝယ်ချောင်) စာအုပ်တို့အား ကံဦးသွေးလှူရှင်အဖွဲ့ခေါင်းဆောင် ကိုကျော်ဇောအောင်အား လက်ဆောင် အဖြစ်ပေးအပ်ကာ ကံဦးသွေးလှူရှင်အဖွဲ့သားများသည် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ပြန်လည်ထွက်ခွာသွားခဲ့သည်။ ကံဦး သွေးလှူရှင်များ အသင်းသားများသည် ချောင်းသာခရီးစဉ်နှင့် ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်တို့အား ဆက်လက်သွားကြမည်ဖြစ်သည်။

ကံဦးသွေးလှူရှင်အဖွဲ့ဘုရားဖူးခရီးစဉ်သည် လူငယ်လူရွယ်များအပြင် အဖိုးအဖွားအရွယ်များပါ ပါရှိသည့်အပြင် ခရီးစဉ်တလျှောက် ကုန်ကျစာရိတ်များကို ကံဦးဘုရားဒါယိကာမ ဒေါ်စောနန်းမှဒါနပြုခဲ့သလို ခရီးစဉ်လမ်းကြောင်းသည်လည်း မြို့ရွာအနှံ့ ဘုရားဖူးခြင်း အထက်ဗမာပြည် အရပ်ဒေသမှ ရောက်ရှိရန်ခက်ခဲသော ချောင်းသာပင်လယ်ကမ်းခြေသို့လည်းကောင်း၊ ရောက်ရှိရန် မလွယ်ကူ သော ကျိုက်ထီးရိုးဆံတော်ရှင်မြတ်ဘုရားကိုပါ ဖူးမျှော်ခွင့်ရရှိသည့်အပြင် လူသားတို့မလွန်ဆန်နိုင်သော သေခြင်းတရားတို့ကို ထင်ဟပ်စေသည့် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ပါ ၀င်ရောက်လေ့လာခွင့်၊ သံဝေဂရခွင့်များကိုပါ ရရှိစေခဲ့သောကြောင့် ကံဦးသွေးလှူရှင်များအသင်း၏ခရီးစဉ်အား “ဘုရားလည်းဖူး လိပ်ဥလည်းတူး” ဟူ၍ အမည်ပေးလိုက်ရပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

One thought on “ဘုရားလည်းဖူး လိပ်ဥလည်းတူး

Comments are closed.