ရသဆောင်းပါးစုံ

ဟိုဘက်ကမ်းက မီးထိန်ထိန် ရွှန်းမေတို့အိမ်

မေခ
ဧပြီ ၂၊ ၂၀၁၂
ကားလေးက ၁ဝ၅ မိုင် မိုင်းယုရွာလေးအဝင် မောင်းတန်ဂိတ်ရောက်တာနဲ့ ည ၉ နာရီထိုးနေပြီ။ ညက ညှင်းသာသာ အေးစိမ့်နေတယ်။ မိုင်းယုညက တိတ်တိတ်လေး ငြိမ်သက်နေတယ်။ ၁ဝ၅ မိုင်မှာနေတဲ့ ထွန်းကိုကိုက သူ့ဗေဒင်ဆရာ့အလိုအရထင်ပါရဲ့အဖြူရောင်လေးပါ စာတန်းကပ်ထားတဲ့ ဆူပါရုကား မည်းနက်နက်လေးကို မြန်မာထမင်းဆိုင်လေးတခုရှေ့မှာရပ်လိုက်တယ်။ သူ့ကား ၁ဝ၅ မိုင်အထွက် မောင်း တန်ကနေထွက်လို့မရတော့ဘူးဆိုတဲ့သဘောပါပဲ။ မူဆယ်ဘက်သွားမယ့်ကားတွေ ဒီမောင်းတန်ကနေဖြတ်သွားလို့ မရတော့ဘူးလေ။ ၁ဝ၅ မိုင်ဟာ မြန်မာပြည်နဲ့မူဆယ်ကို နယ်ခြားဂိတ်တခုဖြစ်နေတယ်။ ဒီမောင်းတန်ဟိုဘက်က မြန်မာပြည်မဟုတ်တော့ဖူးဆိုတဲ့သဘောပေါ့လေ။ထမင်းဆိုင်လေးထဲဝင်ကြတော့ သူက မူဆယ်မှာရှိတဲ့ သူ့မိတ်ဆွေတယောက်ဆီ ဖုန်းခေါ်နေတယ်။ လားရှိုးကနေ အမေစုကို သွားကြိုပြီးပြန်လာကြတဲ့ ကျွန်တော်နဲ့ ကျန်တဲ့ ၃ ယောက်ကို မူဆယ်ကနေ ကားနဲ့လာပြီး ဒီ ၁ဝ၅ မိုင် မောင်းတန်ဂိတ်ဆီလာခေါ်ပေးဖို့ပါ။

ထွန်းကိုကိုက ထမင်းကျွေးပါရစေလို့ပြောပေမယ့် ကိုယ်ကတော့ ထမင်းမစားချင်ဘဲ ဗျစ်ရည်ပျော့သာ လှိုင်းစီးနေချင်မိတယ်။ ခရီးကလည်း ပန်းသကိုး။ စိတ်ကလည်း နွမ်းသကိုးလေ။ ဗျစ်ရည်ပျော့ တငုံကောက်စုတ်လိုက်မှ ရင်ထဲကတင်းခံနေတဲ့ အပူလုံးပြေလျော့ကျသွားတယ်။ ကိုယ်နဲ့မျက်နှာချင်းဆိုင်မှာ တလမ်းလုံးဒိုင်ခံပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းက ဂျူတီအကြောင်းတွေကို အေးဂျင့်တွေလုပ်ကိုင်ပေး ကြတဲ့အကြောင်းတွေ စုံစီနဖာ အတွင်းလှိုက်လှိုက်ပြောပြနေခဲ့သူက သူ့ဇာတ်လမ်းကို ဆက်ပြောပြနေတယ်။

ဆရာစဉ်းစားကြည့်လေ ကျွန်တော်တို့မြန်မာဘက်က သိပ်နစ်နာတာပဲ။ ဘယ်သူ့ကိုမှပြောချင်နေတာမဟုတ်ပေမယ့် ကိုယ့်တိုင်းပြည်ဘက် ကလူတွေက ဟိုဘက်တိုင်းပြည်ထဲမှာသွားနေထိုင်ကြရပြီး ဟိုဘက်ကိုပိုက်ဆံပေးနေကြရတယ်လေ။ စဉ်းစားကြည့်လေ ဒါမဖြစ်သင့်ဘူးလို့ မြင်တာပဲ။ သူက စကားခဏရပ်လိုက်တယ်။

ကိုယ်ကသူ့ကိုငေးတွေကြည့်နေရင်းက မှိန်ဖျော့ဖျော့ ဖန်ချောင်းအလင်းရောင်အောက်က မြန်မာထမင်းဆိုင်လေးရဲ့ အတွင်းပိုင်းအပြင် အ ဆင်ကို လေ့လာနေမိတယ်။ အညာတောဘုရားပွဲမှာရောင်းကြတဲ့ဆိုင်လေးတွေကို သွားအမှတ်ရလိုက်တယ်။ အညာနံ့ရနေတယ်။ မီး ရောင် ကလည်း ဗို့အားလျော့လျော့ ရီတီတီအလင်းလေးအောက်မှာ ဟိုဘက်ကမ်းက မီးထိန်ထိန် ဒီဘက်ကမ်းက မီးမှိန်မှိန် ပြဇာတ်ကနေသလိုပဲ။ ဒီ ၁ဝ၅ မိုင် မိုင်းယုရွာနဲ့ မူဆယ်မြို့က ၆ မိုင်ဝေးတယ်။ ဒါပေမယ့် ည ၉ နာရီထိုးရင် ၁ဝ၅ မိုင်ရဲ့ လားရှိုးဘက်ကလာမယ့် အဝင်ကားတွေကို ပိတ်ထားသလို ၁ဝ၅ မိုင်ကနေ မူဆယ်သွားမယ့်ကားတွေကိုလည်း ပေးမသွားဘူးလေ။ မူဆယ်ဘက် ညရေးညတာသွားတဲ့သူတွေ သွားလို့ မရဘူး။ ဆေးရုံတက်မယ့်မွေးလူနာတို့ အရေးပေါ်ခွဲစိတ်ခံရမယ့်လူတွေ ဒီဂိတ်မှာတင်သေလို့ရတယ်လေ။ နယ်ခံရှမ်းမလေးတယောက် တည မူဆယ်ဆေးရုံမှာ မွေးလူနာပို့အပြန် ဒီ ၁ဝ၅ မိုင်ဂိတ်ကပိတ်ထားတယ်။ ဖွင့်ဖို့ ဖြတ်ဖို့ ဒီကောင်မလေးဆီကနေ ရဲသားကငွေတောင်း တယ်။ ကောင်မလေးမှာ ငိုကြီးချက်မနဲ့ပေါ့။ သူတို့အကြောင်းပြချက်ကတော့ ဆိုင်ကယ်ကယ်ရီတွေ မဖြတ်နိုင်အောင်လို့ဆိုပါတယ်။ တ ကယ်က ဆိုင်ကယ်ကယ်ရီတွေက ညဒီဂိတ်ကမဖြတ်ဘဲ ဂိတ်နားကပ်ကွင်းပြီး ရွာထဲကနေဖြတ်သွားနေကြတာ ဒီရဲတွေသိနေတာပဲလေ။ လိုင်းကြေးလည်းစားနေကြတာပဲ။ ဒီဂိတ်ကလုံခြုံရေးအတွက်ဆိုရင်လည် လုံခြုံရေးအစောင့်ရှိနေရမှာ။ တခါက လူကြီးတွေဖြတ်ဖို့အလာ ဂိတ်ကိုသော့ခတ်ပြီး အရက်သွားသောက်နေတဲ့အစောင့်ကိုရှာရတာ တနာရီကြာပါတယ်တဲ့။

ပြောချင်တာက ဒီ ၁ဝ၅ မိုင်က ကုန်သွယ်ရးဇုံဂိတ်ကိုရောက်ဖို့ ကုန်ပစ္စည်းတွေဟာ တကယ်တော့ မူဆယ်နဲ့ကပ်ရက်က ဂျယ်ဂေါင်ထဲမှာ စောင့်နေနကြရတာပါ။ ဆိုပါတော့ သွင်းကုန်သွင်းဖို့ ကုန်သည်တယောက်ဟာ တရုတ်ပြည်ထဲကဝယ်ထားတဲ့ကုန်ပစ္စည်းတွေကို မူဆယ် ဘက် ချက်ခြင်းသယ်လာလို့မရပါဘူး။ ဒီကုန်တွေကို ဂျယ်ဂေါင်ထဲမှာရှိတဲ့ဂိုဒေါင်တွေမှာ သိမ်းထားကြရတယ်။

ဆရာစဉ်းစားကြည့်လေ ဂိုဒေါင်တွေက အကျယ်အဝန်းလိုက်ပြီး ဈေးအစားစားရှိပေမယ့် အကြမ်းဆိုရင် တလ မြန်မာငွေလေးသိန်းလောက်အနည်းဆုံးပေးရတယ်။ ကားတစီးဆို ဂိုဒေါင်တလုံးနဲ့မရဘူး။ ဒီဂိုဒေါင်တွေကို ကုန်သည်က ငှားထားရတယ်။ ကုန်တွေထားတယ်ဆိုတော့ ဒီကုန်တွေ တင်ဖို့ ချဖို့က အလုပ်သမားလိုလာတယ်။ အလုပ်သမားကလည်း မြန်မာတွေပဲ။ ဒီမြန်မာအလုပ်သမားတွေက အညာသားတွေပဲ။ သူတို့တွေက ဂျယ်ဂေါင်ထဲမှာ နေထိုင်ခွင့်လက်မှတ်လုပ်ကြရတယ် ဒီလက်မှတ်အတွက် ပိုက်ဆံပေးရတယ်။ တခါ ဒီအလုပ်သမားတွေနေ ဖို့အိပ်ဖို့ အိမ်ခန်းငှားရပြန်တယ်။ ဒါလည်း တရုတ်ကို ပိုက်ဆံပေးရပြန်တယ်။ ဒီအလုပ်သမားတွေ ကားသမားတွေ ကုန်သည်တွေ နားဖို့ တည တည ပိုက်ဆံပေးရတယ်။ စားဖို့ ထမင်းဆိုင်လေးတွေလည်း မြန်မာတွေက ဖွင့်ကြတယ်။ ဖွင့်ခ ပိုက်ဆံပေးရတယ်။ လဘက်ရည်ဆိုင် ကရာအိုကေ အနှိပ်ခန်း ဟိုခန်းအားလုံး ပိုက်ဆံပေးကြရတယ်။ အလုပ်သမားတွေမှာ ကားပေါ်ကုန်တင်ရင် တရုတ်က အသလွတ် တစီး ၁ဝ ယွမ်ဖြတ်တယ်။ ညဘက်ကုန်ကားပေါ် ကားသမားအိပ်ရင် ကားအတွက်ပိုက်ဆံပေးရတယ်။ ၆ ဘီးကားဆို ၁ဝ ယွမ်။ ၆ ဘီးအထက်ဆို ၂ဝ ယွမ်အထက်။ တရုတ်ကိုပေးရတယ်။ ညဘက် ကားသမားတွေဆီကနေ ရှမ်းရဲ (လူမိုက်ဂိုဏ်း) တွေက ပိုက်ဆံတောင်းပြန်တယ်။ ကားက ကြာရင် ကြာသလောက် ပိုက်ဆံပေးရတယ်။ ကုန်တွေကို ဂိုဒေါင်ထဲစုထားပြီး ကုန်သည်က ၁ဝ၅ မိုင်ကုန်သွယ်ရေးဇုံမှာ လိုင်စင်သွား လျှောက်ရတယ်။ လိုင်စင်က နေပြည်တော်ကိုတင်ရတော့ အနည်းလေး ၃ ပတ်ကြာတယ်။ ဒီထက်ပိုကြာချင်လည်း ကြာနိုင်တယ်။ ဒီလိုင် စင်ရမှာ ဂျယ်ဂေါင်က ဂိုဒေါင်ထဲမှာရှိနေတဲ့ ဝယ်ထားတဲ့ကုန်တွေကို ကားနဲ့သယ်ပြီး မူဆယ်ဘက်ကိုဝင်ရတယ်။ ဒီမှာတင် ကုန်တွေက တလ လောက်အချိန်ကြာနေခဲ့ပြီလေ။

သူက စကားမဆက်သေးပဲ အချိုရည်တငုံမော့တယ်။ ကိုယ်လည်း သူ့စကားအနား ဝက်နံကင်သုပ်လေးတဖတ်ကို တူနဲ့ကောက်ပြီး ဝါးလိုက် တယ်။ ဟုတ်ပါ့ တကယ့် မြန်မာအညာတောရနံ့အရသာပဲ။ ဝက်နံကင်ကို ယူနန်လိုမဟုတ်၊ ရှမ်းလိုမဟုတ်၊ အညာတောသုပ်သုပ်ထားတာ။ လွမ်းစရာ။

ဒါနဲ့နေပါဦး … ဒီကုန်တွေကို မူဆယ်ဘက်သယ်လာပြီး မူဆယ်မှာဂိုဒေါင်ဆောက်ပြီးထားလို့မရဘူးလားလို့ ကိုယ်က စောဒကတက်လိုက် မိတယ်။

အဲဒါပြောတာပေါ့ဆရာ။ ကုန်တွေ အနည်းဆုံးတလလောက်ဟိုဘက်မှာသွားထားရတာ ထားခ နေခ သယ်ခ စားသောက်ခအားလုံး တရုတ် ကရတာလေ။ အဲဒါကိုပြောချင်တာပေါ့။

ဘာလို့လဲ ဒီဘက်က ဘာလို့ ခွင့်မပြုတာတဲ့လဲ။ သူက တွေတွေနဲ့ ဒီဘက်ကအပြောကတော့ ဒါ တရားဝင်အမြတ်ခွန်မဆောင်ရသေးတဲ့ကုန် တွေဖြစ်နေလို့တဲ့။ ဟင် ဒါဆို ကားပေါင်း တလ တလ နည်းတဲ့စီးရေမှ မဟုတ်တာ။ ဟိုဘက်ကတရုတ်တွေ အလကားစားနေရတာပေါ့။ မြန်မာတွေက သွားလည်းနေပေးရတယ်။ လုပ်ပေးရတယ်။ စားသောက်ရတယ် အားလုံးတရုတ်ဘက်က ရတယ်။ မြန်မာဘက်က လူဝင်မှု ကနေ ဂျယ်ဂေါင်ဘက်သွားနေတဲ့သူကို တည ၃ဝဝ ကျပ် ထပ်ကောက်သေးတယ်။ ကဲဗျာ။ ဒီကုန်ပစ္စည်းတွေ အလိုလိုနေရင်း ဈေးတက်နေပြီ။ မန္တလေး ရန်ကုန် မရောက်သေးဖူး။ မူဆယ်မရောက်သေးဖူး တလလောက်အောင်းနေရပြီ။ ။

ကိုယ်ကလည်း ဒါကိုမသိကြဖူးလားဆိုတော့ သိတော့လည်း သိကြပါတယ်။ ဒါပေမယ့် အထက်ကချထားတဲ့ မူတဲ့လေ။
ဟာ …။

ကိုယ် ဗျစ်ရည်ပျော့သီးသွားတယ်။ ဒါဆို တလ တလ နည်းတဲ့ငွေတွေလားကွာ တရုတ်ကို အလကားပေးနေရတာ။ ခုနက ဂိုဒေါင်တွေ ထမင်းဆိုင်လဘက်ရည်ဆိုင် ကာရာအိုကေ အနှိပ်ခန်း အလုပ်သမား တည်းခိုခန်း အိုဒါတွေအားလုံး မူဆယ်ဘက်ရွေ့လို့ရနေတာပဲ။ ဒီငွေ တွေ မြန်မာတွေပဲရသင့်တာပေါ့။

ဒါပေမယ့်ဆရာ .. သူ ဆက်မပြောနိုင်တော့ဘူး။

ကိုယ်က ဘာရမလဲ ပြောပစ်လိုက်တာပေါ့ …။ ဟပြောလို့ ရတယ်ကွ။ အခု မြန်မာပြည်က အရင်လိုမဟုတ်တော့ဘူး။ လွတ်လပ်ပွင့်လင်းတဲ့ သမတကြီး ဦးသိန်းစိန်ဦးဆောင်ပုံဖော်နေတဲ့ ဒီမိုကရေစီအစိုးရဖြစ်နေပြီဟ။ အမှန်ကို အကောင်းမြင်တဲ့သဘောနဲ့ အထက်ကလူကြီးတွေသိအောင်ပြောလို့ရပါတယ်လို့ အားတက်သရောပြောချလိုက်ရော စားပွဲမှာထိုင်နေကြတဲ့ လူလေးယောက်က ငိုက်မြည်းတွေဝေငေးငိုင်နေကြ တယ်။ဘယ်သူကမှ တက်ကြွအားမာန်မပြ၊ ကိုယ့်ကို ငေးရီရီလုပ်နေကြတယ်။ တီတီဆို ထွန်းကိုကိုရဲ့ ဖုံးမြည်လာတယ်။ ဟော မူဆယ်ပြည် ကလာခေါ်တဲ့ကား ၁ဝ၅ မိုင် မြန်မာပြည်အထွက် မောင်းတန်ဂိတ်ကိုရောက်နေပြီတဲ့။ ကိုယ်တို့ မြန်မာပြည်က ထွက်ကြရတော့မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “ဟိုဘက်ကမ်းက မီးထိန်ထိန် ရွှန်းမေတို့အိမ်
  1. အင်မတန်မှနှမြောစရာကောင်းတဲ့အဖြစ်အပျက်ပါ။ဦးနှောက်မရှိ။ငါ့ဘို့တစ်ဘို့ဘဲသိတဲ့လူတွေဟာတရုတ်
    ပေးတဲ့လာဘ်ထိုးတဲ့ပိုက်ဆံကိုဘဲမြင်ပြီးကိုယ့်လူမျိုးကိုယ့်တိုင်းပြည်ကဘယ်လောက်ဆုံးရှုံးနစ်နာသွာတယ်
    ဆိုတာမတွက်တတ်ကြဘူးပေါ့။NLD ရေအားကိုးပါတယ်ဒီစာကိုလည်းဖတ်မိကြလိမ့်မယ်လို့မျှော်လင့်ပါ
    တယ်။ ဒီလိုမျိုးစာတွေများများရေးတင်ပေးကြပါလို့အကြံဥာဏ်ပေးချင်ပါတယ်။
ိုတိုင်းပြည်ပြောင်းလဲပြီးနောက်မှာလည်းမိုးမခလုပ်နိုင်တာအများကြီးရှိနေပါသေးတယ်။
    ဥပမာဒီလိုမျိုးစာလေးတွေတင်ပေးတာဟာလည်းတိုင်းပြည်အကျိုးသယ်ပိုးကာကွယ်ပေးနေတာပါဘဲ။
    မိုးမခသာ၍လုပ်နိုင်ပါစေ။

  2. Yes, it is a very good article to note that we need a lot to change,because of old Burma policy are very extremely awkward. Upper level should understand these difficulty. Now, awkward rate of Burmese Kyat 6 Kyts. to one dollar have change. Still need to change many many things. The first thing is moral,and characters,then need to follow other many things,the quicker may be better,But, If ,you still thinking of (Ma lote, Ma shote, Ma Pyote ) then it will be like before,that, in everything, we are the looser.

Comments are closed.