ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၂၇၊ ၂၀၁၂

ပြည်ပရောက် မျိုးချစ်မြန်မာများစုပေါင်း ဖွဲ့စည်းထားသော Patriotic Award Committee မှ ပထမဦးဆုံးအကြိမ် ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေးနှင့် ဘာသာရေးအတွက် မဆုတ်မနစ်သော ဇွဲလုံ့လဖြင့် အသက်၊ သွေး၊ ချွေးရင်းပြီး လုပ်ကိုင်နေကြသည့် အဖွဲ့အစည်း၊ လူပုဂ္ဂိုလ် များအား ဂုဏ်ပြုချီးမြှင့်သော မျိုးချစ်ဂုဏ်ရည်ဆုပေးပွဲ အခမ်းအနားအား ၂၆၊ ၃၊ ၂၀၁၂ ရက်နေ့ နေ့လည် (၂း ၀၀) နာရီအချိန်တွင် နာရေး ကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်၌ ကျင်းပပြုလုပ်ခဲ့သည်။

မှတ်တမ်းဓာတ်ပုံများ

 

Patriotic Award Committee အား ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီ (၁၅) ရက်မှာ နိုင်ငံတကာရောက် မြန်မာများနှင့် စတင်ဖွဲ့စည်းခဲ့သည်။ ဆရာ တော် အရှင်မေတ္တာစာရသည် ယင်းအဖွဲ့အစည်း၏ သြဝါဒစရိယနှင့် နာယကဖြစ်သည်။ Patriotic Award Committee သည် အမေရိကန်နိုင်ငံ အိုင်အိုဝါမြို့၌အခြေစိုက်တည်ရှိပြီး ပထမဦးဆုံးအကြိမ် မျိုးချစ်ဂုဏ်ရည်ဆုအား ၈၈ ကျောင်းသားခေါင်းဆောင်များနှင့် နာရေးကူညီ မှုအ သင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်အား ချီးမြှင့်ပေးအပ်ခဲ့သည်။ ၈၈ ကျောင်းသားခေါင်းဆောင်များအတွက် ဆုတံဆိပ်အား အချိန်မီရရှိခဲ့သော်လည်း ဒေါ်ရွှေဇီးကွက်အတွက် ဆုတံဆိပ်အား အချိန်မီမပေးအပ်နိုင်ကြောင်းနှင့် လပိုင်း (သို့) နောက်နှစ်အခမ်းအနားတွင် ချီးမြှင့်ပေးအပ်မည့်အကြောင်း အရှင်မေတ္တာစာရမှ မိန့်ကြားခဲ့သည်။ မျိုးချစ်ဂုဏ်ရည်ဆု ရွှေးချယ်ရေးအဖွဲ့သည် အွန်လိုင်းလူမှုကွန်ယက်မှ စတင်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။ မျိုးချစ်ဂုဏ်ရည်ဆုအား နိုင်ငံတကာရောက် မျိုးချစ်မြန်မာများမှ မျိုးချစ်စိတ်ဓါတ်အပြည့်ဖြင့် ဝိုင်းဝန်းကူညီခဲ့ခြင်းဖြစ်သည်။ လူမျိုးခြား၊ ဘာသာခြားများလည်း ပါဝင်ခဲ့သည်။ ဆရာတော် အရှင်မေတ္တာစာရ၏ အမှာစကားအား နာရေးကူ ညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦးကျော်သူမှဖတ်ကြားရာတွင် မျိုးချစ်ဂုဏ်ရည်ဆုနှင့်ပတ်သက်၍ အမျိုးချစ်တာနှင့် တမျိုးသားလုံးကို ချစ်တာ ကို မရောစေသင့်ကြောင်း၊ ကွဲကွဲပြားပြားသိသင့်ကြောင်း၊ ရှမ်း – မွန် – ရခိုင် – မြန်မာ – ကချင် – ကယား – ကရင်တို့ကို ချစ်တာဟာ တသီး ပုဂ္ဂလ လူမျိုးစွဲ၊ အမျိုးစွဲအား ချစ်တာဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန်၊ ဟိန္ဒူ၊ ဂျူး စသည့်ဘာသာတရားများကို ချစ်မြတ်နိုးခြင်း သည် တစ်သီးပုဂ္ဂလအယူဝါဒများကို ချစ်မြတ်နိုးခြင်းသာဖြစ်ကြောင်း၊ ယခုပေးအပ်ချီးမြှင့်သည့် မျိုးချစ်ဂုဏ်ရည်ဆုသည် ယင်းတို့နှင့် ပတ်သက်ဆက်နွယ်မှုမရှိကြောင်း တမျိုးသားလုံးနှင့်သက်ဆိုင်သော ဆုတစ်ဆုဖြစ်ကြောင်း၊ အသက် – သွေး – ချွေးများနှင့် တိုင်းပြည် အတွက် ပေးဆပ်ခဲ့သူများကို ဂုဏ်ပြုချီးမြှင့်သည့် ဆုဖြစ်ကြောင်း၊ ဂုဏ်ပြုထိုက်သူကို ဂုဏ်ပြုခြင်းသည် မြတ်ဗုဒ္ဓ၏ လမ်းစဉ်အမှန်ပင်ဖြစ်ကြောင်း စသည့်စကားများကို အရှင်မေတ္တာစာရကိုယ်စား ဦးကျော်သူမှဖတ်ကြားသွားခဲ့သည်။

ယင်းနောက် ဆုပေးပွဲအခမ်းအနားအား ကျင်းပခဲ့ရာ ၈၈ ကျောင်းသားခေါင်းဆောင်များအား နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဋ္ဌ ဦး ကျော်သူမှ ဆုတံဆိပ်နှင့် ဂုဏ်ပြုဆုငွေများ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်မြင့်မြင့်ခင်ဖေ (ခ) ရွှေဇီးကွက်အား နာရေးကူညီမှုအသင်း (ရန်ကုန်) ရာသက်ပန်အသင်းသား တေးသံရှင် ကိုဆောင်းဦးလှိုင်မှ ဂုဏ်ပြုဆုငွေချီးမြှင့် ပေးခဲ့ သည်။ ၈၈ ကျောင်းသားများ ဦးဆောင်ဖွင့်လှစ်ထားသော လေ့ကျင့်သင်ကြားရေးခန်းမအတွက် စားပွဲပါ စာသင်ခုံ အလုံး (၂၀) အား နာရေး ကူညီမှုအသင်း (ရန်ကုန်) မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် လ/ထ အုပ်ချုပ်ရေးမှူး ဒေါ်စောသဉ္ဇာစိုးတို့မှ ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုကိုကြီး၊ မမီးမီးတို့အား ပေးအပ်လှူဒါန်းခဲ့သည်။ ထို့ပြင် စင်ကာပူနိုင်ငံရောက် ဦးသက်တင် ဇနီး ဒေါ်ရွှေပြည်စိုး (မိသားစု) တို့မှတဆင့် လှူဒါန်းထားသော လည်ကတုံးရှပ်အင်္ကျီနှင့် လုံချည် စုစုပေါင်း အစုံ (၂၀) တို့အား ဆက်လက်လှူဒါန်း ပေးခဲ့သည်။ ထို့နောက် ၈၈ ကျောင်းသားများအဖွဲ့ကိုယ်စား ကိုမင်းကိုနိုင်မှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ရာတွင် “ယခုလို ပြည်ပမှ မျိုးချစ်မြန်မာများ၏ ချီးမြှင့်သောဆုကိုရရှိခြင်းသည်။ မိမိတို့အတွက် ခွန်အားတရပ်ပင်ဖြစ်ကြောင်းပြောကြားခဲ့ကာ ယခုအခမ်းအနားတွင် ရောက်ရှိနေသော ၈၈ ကျောင်းသားတစ်ဦးရှိနေကြောင်း၊ ထိုသူအား မိမိတို့အနေဖြင့် ပြန်လည်၍အသိအမှတ်ပြုသောအားဖြင့် လည်ကတုံးရှပ် အင်္ကျီနှင့် ကချင်လုံချည်တစ်စုံအား ဂုဏ်ပြုလက်ဆောင်အဖြစ် ပြန်လည်ချီးမြှင့်လိုကြောင်း၊ ထိုသူမှာ ဆောင်းဦးလှိုင်ပင်ဖြစ်ကြောင်း” ပြော ကြားခဲ့ပြီး ကိုဆောင်းဦးလှိုင်အား လက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့သည်။ နာရေးကူညီမှုအသင်း (ရန်ကုန်) အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်မှ မျိုးချစ်ဂုဏ်ရည်ဆု ဂုဏ်ပြုငွေချီးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ကျေးဇူးတင်စကားပြောကြားခဲ့ရာ “မိမိတို့ထက် ပိုမို၍ အနစ်နာခံ ပေးဆပ်ခဲ့သူများ ဖြစ်သော ၈၈ ကျောင်းသားအဖွဲ့နှင့် တပြိုင်နက်တည်း ချီးမြှင့်ခံရခြင်း အတွက် များစွာဝမ်းသာဂုဏ်ယူမိပါကြောင်း၊ မိမိတို့၏ ပေးဆပ်မှုများသည် ၈၈ ကျောင်းသားများ အိပ်နေသလောက်သာရှိပါကြောင်း၊ ထို့ကြောင့် မိမိရရှိခဲ့သော ဂုဏ်ပြုဆုငွေထဲမှ ငွေ (၅) သိန်းကျပ်အား ၈၈ ကျောင်း သားအဖွဲ့အတွက် မိမိမှ ပြန်လည်လှူဒါန်းပေးအပ်ပါကြောင်း” ပြောကြားခဲ့ရာ အလှူငွေ (၅) သိန်း ကျပ်တိတိအား ၈၈ ကျောင်းသားခေါင်း ဆောင်များထံ ပေးအပ်လှူဒါန်းခဲ့ပြီး တက်ရောက်လာကြသောဧည့်ပရိသတ်များ၊ ၈၈ ကျောင်းသားအဖွဲ့များနှင့် သတင်းမီဒီယာအဖွဲ့သားများ အား ကော်ဖီနှင့်မုန့်တို့ဖြင့် ဧည့်ခံကျွေးမွေးကာ မျိုးချစ်ဂုဏ်ရည်ဆု ချီးမြှင့်ခြင်းအခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းခဲ့ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

2 thoughts on “မျိုးချစ်မြန်မာများ၏ မျိုးချစ်ဂုဏ်ရည်ဆု
  1. ကောင်းလေစွကောင်းလေစွ။ သာ၍သာ၍ပြုလုပ်နိုင်ကြပါစေ။

  2. ကျုပ်ဗျာ ဒီ သတင်းဆောင်းပါးကို အခုမှဖတ်၇တာ သိပ်ကောင်းတယ်ဗျာ အမေ၇ိကန်နိုင်ငံ အိုင်အိုဝါမြို.အခြေစိုက် Patriotic Award Committee မှ မြန်မာပြည်တွင် လူမှုေ၇းနယ်ပယ်မှာ စွန်.လွှတ်စွန်.စားလုပ်ခဲ့သူတွေကို မျိုးချစ်ဂုဏ်၇ည်ဆု ချီးမြင့်ပွဲပြုလုပ်ပေးတာ ၀မ်းသာစ၇ာ သတင်းပါ။ ohnmarေ၇ ခင်ဗျားဆုတောင်းသလို ဆုတောင်းပါတယ်။ ဆုတောင်းယုံနဲ.မပြီးဘူး ကိုယ်တိုင် ပါဝင်ကူညီနိုင်၇င်ကောင်းတာပေါ့ဗျာ။ ကျုပ်တော၇ွာမှာ ကျုပ်မိဘ အပြင် ရွာကအသက်ကြီးဆုံး အဖိုးအဖွားတွေကို တလ ၁၀၀၀၀-ကျပ်လစဉ်ကူညီတယ်ဗျာ တောင်သူလယ်သမားသားဆိုတော့ ကိုယ့်ချွေးနည်းစာလေးနဲ. လှူတာပေါ့ဗျာ ။နောင်လည်း ဒီလိုအဖွဲ.စည်းတွေနဲ.အတူ လူမှုေ၇းလုပ်ငန်းတွေမှာ ပါဝင်ကူညီနိုင်မယ်လို.ထင်တယ်ဗျာ မသေသေး၇င်ပေါ့။

Comments are closed.