သားကြီးမောင်ဇေယျ

Thargyi Maung Zeya – အာဏာရှင်ဖောက်တဲ့လမ်း၊ ပြည်သူတွေ လျှောက်တဲ့လမ်း …

သီပေါက ပြန်ခဲ့တယ်နဲ့ အခမ်းဆက်များ – ၎

သားကြီးမောင်ဇေယျ၊ မတ် ၂၅၊ ၂၀၁၂

အာဏာရှင်ဖောက်တဲ့လမ်း၊ ပြည်သူတွေ လျှောက်တဲ့လမ်း …

သို့ ကိုရစ်

ကျနော်တို့ ဗဟန်း NLD ရုံးခန်းမှ  ဦးထင်ကျော်အိမ်ကို ကားငှားပြီး သွားခဲ့တယ်။ သူ့အိမ်က ချင်းချောင်းထဲမှာ ဆိုတော့ သိပ်မဝေးပါဘူး။ ၁၀ မိနစ်လောက် လောက် ပဲ မောင်းရတယ်ခြံရှေ့ကို ရောက်ပါတယ်။ ခြံဝန်းတံခါးက ခေါင်းလောင်းကို ဆွဲ လိုက်ရင်ပဲ ချက်ချင်းဆိုသလို အမျိုးသမီးငယ်တစ်ယောက် တံခါးလာဖွင့်ပေးပါတယ်။

သူက ဦးဆောင်ပြီး အိမ်ထဲ ခေါ်သွားတယ်။ အိမ်ကတထပ်တိုက်ပုကလေးပါ ။

ဧည့်ခန်းက အတော်ကလေးကျယ်ပြီး ခေတ်မီတဲ့ မြန်မာပညာတတ်တစ်ယောက်ရဲ့ အိမ်ဆိုတာ မြင်တာနဲ့ သိတာပါတယ်။ ဧည်ခန်းထဲမှာ မြန်မာလက်မှု ယွန်းထည်တွေကို နေရာပေးထားပါတယ်။ ခေါင်းရင်းဖက်မှာ ဆရာ ဦးနန်းဝေရဲ့ လက်ရာ ဘွဲဝတ်စုံနဲ့ ထိုင်နေတဲ့ ဆရာမင်းသုဝဏ်ပုံတူ ဆီဆေးပန်းချီကားကြီးကို ချိတ်ဆွဲထားပါတယ်။ ရေးထားတဲ့ စုတ်ချက်နဲ့ အရောင်တွေက ဂန္ထ၀င်ဆန်သလို၊ ဆရာခပ်စောင်းစောင်းထိုင်နေဟန်ကလည်း ခန့်ပါတယ်။ ဆရာ အသက် နှစ်ဆယ်ငါး သုံးဆယ်ခန့် တုန်းက ရေးထားတဲ့ ပုံဖြစ်မယ်ထင်ပါတယ်။

ဘယ်လက်နံရံမှာတော့ ဆရာ ရဲ့ နာမည်ကျော်ကဗျာ ပျဉ်းမ ငုတ်တို ကို ခံစားရေးဖွဲ့ထားတဲ့ ဆီဆေးပန်းချီကားချပ်ကြီးတချပ်ကိုလည်းတွေ့လိုက်ရပါတယ်။ ဆရာဦးနန်ဝေရဲ့ လက်ရာပါပဲ။ ဒီပန်းချီကားကို ဆရာဦးနန်ဝေက ဆရာမင်းသုဝဏ်ကို မြန်မာစာကော်မရှင်မှ ဆရာ အနားယူဖို့ ဦးနေ၀င်းရဲ့ အမိန့်ပေးခံရပြီး ချိန် ဆရာ့ကိုတပည့်တွေက ၀ိုင်း ကန်တော့တဲ့ ကန်တော့ပွဲမှာ လက်ဆောင်ပေးခဲ့တယ်ဆိုတဲ့ ပုံပြင်ကလေးတပုဒ် ကိုလည်း ကျနော်ကျောင်းသားဘ၀က ကြားခဲ့ဘူးပါတယ်။ အဲဒီတုန်းကတည်းက ဒီပန်းချီကားကို ကျနော်စိတ်ဝင်စားခဲ့တာပါ။ နောင် ကန့်ကော်ရွာ ပန်းချီပြပွဲတွေမှာ အဲဒီ ပန်းချီကားရဲ့ မိတ္တူ ကို ပြသထားတာတွေ့ခဲ့ရပါတယ်။ အခုတော့ ပန်းချီကားအစစ်ကို အနီးကပ် ကြည်ခွင့်ရခဲပါပြီ။ ဆရာ ဘ၀ ဆရာကဗျာကို တရေးရေး ပြန်တွေးမိပြီး စိတ်လှုပ်ရှားမိပါတယ်။ အခု အချိန်မှာ မြန်မာပြည်ဟာ လေပြေထဲတွင် ငယ်ရုပ်ဆင်နေတဲ့ အချိန်မဟုတ်ပါလား။

မကြာမီမှာပဲ ဆရာ ဦးထင်ကျော်ရဲ့ ဇနီး ဒေါ်စုစုလွင်ရောက်လာပြီးကျနော်တို့ကိုဧည်ဝတ်ပြုပါတယ်။ ဆရာဦးထင်ကျော်ဟာ ဆရာမင်းသုဝဏ်ရဲ့ သားဖြစ်ပြီး ဒလဗန်း ဆိုတဲ့ ကလောင်အမည်နဲ့ စာရေးနေသူဖြစ်ပါတယ်။ ဆရာရဲ့ ချယ်ရီမဂဇင်းထဲကဆောင်းပါးတွေဟာ ကျနော်တို့ စာသမားတွေ စောင့်ဖတ်ရတဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။  ကျနော်တို့ မျှော်မှန်းထားသလိုပါပဲ ဆရာဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် အိမ်က ပြန်မရောက်သေးပါဘူး။

စကားဝိုင်းဟာ သားတော်မောင်စည်သူဇေယျ နဲ့ ဒေါ်စုစုလွင်တို့ရဲ့ စကားဝိုင်းပါပဲ။ သားတော်မောင်က ထောင်ထဲမှာ စစ်ကြောရေးမှာ အနှိပ်စက်ခံခဲ့ရပုံ၊ ထောင်ထဲမှာ စာဖတ်ခဲ့ရပုံ၊ တရားထိုင်ခဲ့ ပုံတွေ စတဲ့ သူ့ အတွေ့ အကြုံတွေကို ပြောပြပါတယ်။ သူပြောနေတဲ့ ပုံက နိုင်ငံရပ်ခြားမှာ ပညာသင်ပြန်လာပြီး အတွေ့ အကြုံတွေကို ပြောနေသလိုမျိုးပါပဲ။

မကြာမီမှာပဲ ဆရာဦးထင်ကျော်ရောက်လာပါတယ်။ အတော်ကလေးမော ပမ်းနေပုံရပါတယ်။ သူက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဧည်သည်တွေကိုတွေ့ဖို့ စီစဉ်ပေးနေရသူဖြစ်ပါတယ်။ အထူးသဖြင့်နိုင်ငံခြားတိုင်းပြည်က တာဝန်ကြီးသူတွေနဲ့ တွေဆုံဖို့ စီစဉ်ရတာမို့ အတော်ပင်ပန်း တာဝန်ကြီးတဲ့ အလုပ်ကိုလုပ်နေရသူဖြစ်ပါတယ်။

သားတော်မောင်က သူ့ ကို ထောက်ပံ့ခဲ့သူ ဆရာတို့ ဇနီးမောင်နှံကို ကန်တော့ ပြီး ကျနော်တို့ ပြန်လာကြပါတယ်။

ဒေါ်စုစုလွင်ပြောပြချက်အရ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုချိန်မှာ မနားတမ်းအလုပ်တွေ လုပ်နေရတယ်။ အင်တာဗျူးတွေကို ဆက်တိုက်လုပ်နေသလို ၊ လာသမျှ ဧည်သည်များနဲ့လည်း မလွတ်တန်းတွေ့ဖို့ ကြိုးစားနေတယ်။ ဒီခြားထဲ ကဗျာတွေကိုလည်း ဖတ်ဖြစ်အောင်ဖတ်၊ စနယားကိုလည်း တီးဖြစ်အောင်တီးသေးတဲ့ အကြောင်းပြောတော့ ကျနော်စစ်ကြောရေးမှာ စစ်ကြောခံနေရစဉ်က (ဒေါ်စု နေအိမ်မှာ အကျယ်ချုပ်ခံနေရစဉ် )  ညဖက်ဆို ဒေါ်အောင်ဆန်းစုကြည်အကြောင်း အစီရင်ခံတဲ့ထောက်လှမ်းရေးက ဒေါ်စု အိမ်ထဲကို ၀င်တွေ့ခွင့်ရသူတွေက ဒေါ်စု ပန်းချီရေးဖို့ ရေဆေးပန်းချီဆေးဗူးတွေ သွင်းတဲ့အကြောင်း လက်နှိပ်စက်ရိုက် အစီရင်ခံ နေတာကို ပြန်မြင်ရောင်မိတယ်။ သူ့မှာ ဒီလိုအနုပညာချစ်စိတ်နဲ့ ဖန်တီးနိုင်တဲ့ စွမ်းအားတွေ ကြောင့်လည်း သူ့ရဲ့ နိုင်ငံရေးအမြင်တွေဟာ သိမ်မွေ့ပြီး ၊ လှပ ချစ်စရာကောင်းတဲ့ အတွေးတွေကို မွေးဖွားနိုင်ခဲ့တာဖြစ်မယ်လို့ ကျနော်တွေးမိပါတယ်။

ကျနော်တို့ အိမ်ပြန်တော့ နေ အတော်စောင်းနေပါပြီ။ ကျနော်တို့ တက္ကသိုလ်ရိပ်သာလမ်းကိုဖြတ်ကာ ဆရာစံလမ်းဖက်ကိုချိုး၊ ဆရာစံရပ်ကွက်ကိုဖြတ်ပြီးပြန်လာခဲ့ပါတယ်။ ဒီလမ်းပေါ်ကိုရောက်တော့ ၈၈ အာဏာသိမ်းပြီးကာစ လက်နက်ကိုင်စစ်သားအပြည့်တင်ထားတဲ့ ကားတွေ စက်သေနတ်တင်ထားတဲ့ စစ်ကားတွေရှောင်ကွင်းပြီး တာမွေအ၀ိုင်းထိပ်ရှိ ကျနော်တို့ အိမ်မှ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်ခြံထဲဆီကို ရင်တထိတ်ထိတ်နဲ့ သွားခဲ့ရတဲ့ အကြောင်း ကျနော်တို့ ညီအကို စမြုံပြန်ပြောလာခဲ့ကြတယ်။ ကျနော်သားကတော့ ကျနော်တို့ ဘာတွေပြောနေတယ်ဆိုတာ သူသိပုံမပေါ်ပါဘူး။

သြော် .  . . ဒီလမ်းဟာ ဦးနေ၀င်းတို့ ဦးစန်းယု တို့ ကျိုက္ကဆံကွင်းကို အမြန်ဆုံးရောက်ပြီး ညီလာခံတွေ ကျင်းပနိုင်ဖို့ ဖောက်ခဲ့တဲ့လမ်း …

 ဦးနေ၀င်းရဲ့  … “စစ်တပ်ဟာ ပစ်ရင် မှန်အောင်ပစ်တယ် …” ဆိုတဲ့ သူ့ရဲ့ အထင်ရှားဆုံး အမိုက်မဲဆုံး နောက်ဆုံး မိန့်ခွန်းကိုပြောပြီး ပြန်ခဲ့ရတဲ့လမ်း …

 ခုတော့ ဒေါ်အောင်ဆန်းစုကြည် နဲ့ အဖိနှိပ်ခံ ပြည်သူတွေကို ဒီလမ်းကပဲ ပေါင်းကူးပေးနေလေပြီ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts