ကဗျာ

နှောင်ကြိုးတပ် ရင်ခတ်နာ

ဂေါ်ရှယ်
မတ်လ ၂၄၊ ၂၀၁၂
ကိုယ်တိုင်ရေးတဲ့ ကိုယ့်ရဲ့သမိုင်း လှပချင်ကြတာဘဲ
ဘယ်လိုရေးရမလဲဆိုတာ တွေးဆချိန်မရခဲ့ … ပြင်ဆင်ချိန်မရှိခဲ့
ဖြစ်လာတဲ့အခြေအနေပေါ် ကပြာကယာရေးလိုက်ရတဲ့ သမိုင်းတပုဒ်ပါ ..။နေ့စဉ် စား ၀တ် နေ အရေးတွေအတွက် ၀င်ငွေရှိဘို့ “အလုပ်” ဆိုတာ
မရှိမဖြစ် လိုအပ်နေခဲ့ပြီ
အလုပ်လက်မဲ့တွေများနေချိန်မှာ
ပညာမမှီ ဉာဏ်မပီသူတယောက်အတွက်တော့ ပိုပြီးခက်ခဲရှားပါးတော့တာပေါ့ …။

အမိမြေကိုစွန့်ခွာပြီး အခွင့်အလမ်းသာတဲ့ တခြားအိမ်နီးချင်းနိုင်ငံတွေမှာ
သူများတွေနည်းတူ ကြိုးစားမယ်ဆိုတဲ့ဆုံးဖြတ်ချက်နဲ့ ဆုံးဖြတ်ခဲ့တယ် …။

….. လူသားတွေ လူ့သဘာဝအတိုင်း ရေကြည်ရာ မြက်နုရာ
ရှာဖွေပြောင်းရွေ့ လုပ်ကိုင်နေထိုင်ကြတယ်
လက်ရှိအခြေအနေထက် သယာကောင်းမွန်မယ့်နေရာကို မျှော်လင့်ခဲ့ကြတယ် …

ပြောင်းရွှေ့လုပ်ကိုင်နေထိုင်ကြတဲ့
လူသားတွေအပေါ် အခြေခံပြီး အထူးအင်အားစိုက်ထုတ်စရာမလိုဘဲ
လူတယောက်ရဲ့ မပြည့်စုံခြင်း ချို့တဲ့ခြင်းဆိုတဲ့ အားနည်းချက်တွေကို
အခွင့်အရေးယူ အသုံးချတဲ့သူတချို့က
အခကြေးငွေယူပြီး ပို့ဆောင်အလုပ်ရှာပေးတယ် …
နောက်တခုက ခရီးစရိတ်တောင်မရှိတဲ့သူတွေအတွက်
ခရီးစရိတ်စိုက်ထုတ်ပေးမယ် .. အလုပ်ရတဲ့အခါမှ ပြန်ပေးဆိုပြီးတော့ …..

အမှန်တကယ် “အလုပ်” လိုအပ်နေခဲ့ပြီ
မရှိတဲ့ ခရီးစားရိတ်
ရမယ်ဆိုတဲ့ အလုပ်ကောင်းကောင်းကြောင့် မျက်စိစုံမှိတ် ယုံပစ်လိုက်တယ် ….။

တကယ်တန်းကျတော့ လိမ်ညာလှည့်ဖျားပြီး လူတယောက်ရဲ့ ဘ၀တခုလုံးကို
လူမှောင်ခို လူကုန်ကူးသူတွေရဲ့လက်ထဲကို ရောင်းစားပစ်လိုက်တာ …
Sex Worker တဲ့ …. ခန္ဓာကိုယ်နဲ့ ရင်းပြီး လုပ်ရတဲ့အလုပ်
ရွေးချယ်ခွင့်မရှိ ..
ငြင်းပယ်ခွင့် မရှိ ..
ဘယ်ဆီကိုရောက်မှန်းမသိ … သိတာက တိုက်ရဲ့အမြင့်ဆုံးတနေရာမှာ ….

ဘ၀ရဲ့ အမှောင်ထု မဟုတ်ပါဘူး ..
တခါမှ ပုံဖော်မကြည့်ခဲ့ဘူးပါဘူး …

မျှော်လင့်ရာမဲ့ လွတ်မြောက်ရာလမ်းကနေ
လွတ်မြောက်နိုင်ဖို့ မျှော်လင့်ချက်နဲ့
“ကျမကိုကယ်ပါ အပေါ်ဆုံးထပ်မှာ ရှိနေပါတယ်” ဆိုတဲ့
စက္ကူလိပ်ကလေး အခွင့်သာတိုင်း တိုက်ပေါ်ကနေ ပစ်ချခဲ့တယ် ….

တဦးတယောက်က အထူးတလည်ဖတ်မိပါ့မလား …?
တိုက်ပေါ်ကပစ်ချတဲ့ စာရွက်ကလေးတရွက်ရဲ့ ဦးတည်ချက်ဟာ ရွေ့သွားနိုင်တာဘဲ …
ဒါပေမယ့် …
အခွင့်သာတိုင်း စက္ကူလိပ်လေး ပစ်ချနေဆဲ ….
လေထဲလွင့်ပါးနေဆဲ ….။

မှတ်ချက် –
စာမူရှင်၏ စာအား မူလအဓိပ္ပါယ်များကို ထိခိုက်မှုမရှိစေပဲ .. ဆီလျှော်သလို ဖြတ်တောက်တည်းဖြတ်ပေးထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts