မိုးမခကို ပေးတဲ့စာ

ဝတ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းအောင်မြင်စွာပြီးဆုံး

အရှင်ဝီရသူ
မတ်လ ၂၄၊ ၂၀၁၂
၂၂.၃.၂၀၁၂-ရက်နေ့ မွန်လွဲ (၁) နာရီတွင် စာရေးသူဦးဆောင်သော ၀တ်ပြုဆုတောင်းရေးအဖွဲ့ ဘုရားကြီးသို့ ရောက်ရှိခဲ့ပါသည်။ ဘုရား ကြီးမြောက်မုခ်မှ အရှေ့စောင်းတန်းသို့ဝင်ခါနီးတွင် တာဝန်ခံဆရာတော်သုံးပါးက “ခဏစကားပြောချင်လို့” ဟုဆိုကာ ဂေါပကရုံးခန်းထဲ ခေါ်သွားပါသည်။

ဆရာတော်သုံးပါးအနက် ဘဒ္ဒန္တသီဟနာဒဘွဲ့အမည်ရသောဆရာတော်က လေးစားရည်မွန်စွာမေတ္တာရပ်ခံပါသည်။ ‘ဆူပူအုံကြွမှု မဖြစ်စေချင်ပါ’ ‘အရှင် ဘုရားကို ယုံပါသည်’ ဟု မိန့်တော်မူပါသည်။ စာရေးသူကလည်း ‘စိတ်ချပါဘုရား’ ‘တပည့်တော်တာဝန်ယူပါသည်ဘုရား’ ‘တပည့်တော်လည်း ဆူပူအုံကြွမူကို မလိုလားပါဘုရား’ ဟု ပြန်လျှောက်ထားရာ၊ ဆရာတော်သုံးပါးလုံးက ၀တ်ပြုဆုတောင်းပွဲကို ငြိမ်းချမ်းစွာ ပြုလုပ်ရန် သဘောတူကြပါသည်။

ဆက်လက်၍ ဆရာတော်များက ဗီနိုင်းကိုင်ဆောင်မည့်ကိစ္စကို မေတ္တာရပ်ခံတားမြစ်ပါသည်။ စာရေးသူက အစိုးရကိုဆန့်ကျင်သည့်စာများ မပါကြောင်း၊ အကျဉ်းသားဓာတ်ပုံနှင့် အကျဉ်းသားတို့၏မိသားစုတို့ခံစားမှုများသာ ရေးသားထားကြောင်းလျှောက်ထား၍ ဗီနိုင်းများ နမူနာ ပြရာ ဆရာတော်များက ခွင့်ပြု ပါသည်။

ထို့နောက် ဘုရားထံမှာဝတ်ပြုဆုတောင်းစဉ် ဗီနိုင်းမထောင်ဖို့မိန့်တော်မူပါသည်။ စာရေးသူကလည်း ၀တ်ပြုဆုတောင်း၍ ပြန်လာစဉ် ငါးကန်ဝင်းထဲအ၀င် လမ်းမရောက်မှ ကိုင်ဆောင်မှာဖြစ်ကြောင်းလျှောက်ထားပြီး “၀တ်ပြုဆုတောင်းပွဲအစီအစဉ်” နှင့် “လွတ်မြောက်ရေးမေတ္တာ” စာရွက်ကို ဆရာတော်များအား ဆက်ကပ်လိုက်ပါသည်။ ဆရာတော်အားလုံးက လိုလားနှစ်ခြိုက်စွာခွင့်ပြုကြပါသည်။

ဆက်လက်၍ မဟာမြတ်မုနိ ရုပ်ရှင်တော်မြတ်ကြီး၏ လက်ယာဘက် ဂန္ဓကုဋီ-ဘုရားကျောင်းဆောင် တောင်ဘက်မုခ်တွင် အကျဉ်းသား ဟောင်း သံဃာများ၊ ပရိသတ်သံဃာများ၊ အကျဉ်းသားဟောင်းလူပုဂ္ဂိုလ်များ၊ အကျဉ်းသားတို့၏ မိသားစုများ၊ အမျိုးသား-အမျိုးသမီးပရိသတ်များက တစ်ညီတစ်ညွတ်တည်း သံပြိုင်မေတ္တာပို့သ၍ ၀တ်ပြုဆုတောင်းခဲ့ကြပါသည်။

ကျောင်းတိုက်လည်း မတူ၊ သိကျွမ်းမှုလည်း မရှိ၊ အတူနေတပည့်များလည်းမဟုတ်၊ ကြိုတင်၍ တီးလုံးတိုက်ခြင်းမျိုးလည်း မရှိပါဘဲလျက် တစ်ပြိုင်တည်း တသံတည်း သံပြိုင်ညီညာရွတ်ဆိုခဲ့ကြသည်မှာ ကြည်ညိုစရာကောင်းလှပါသည်။ ရေသန့်ဘူးများ၊ ဖျော်ရည်များကပ်ဖို့ စီစဉ်ထားမှုများလည်း အထမမြောက်ခဲ့ပါ။ မေတ္တာသုတ်၊ ဗောဇ္ဈင်သုတ်၊ မောရသုတ်-ပရိတ်တော် သုံးသုတ်လျှင် တစ်ကြိမ်နှုံးဖြင့် သုံးကြိမ် သုံးခေါက် ရွက်ဆိုပွားများရာ၌ သံဃာတော်များ ရေဆာမှုကို သည်းခံ၍ အပင်ပန်းခံ ချီးမြှောက်တော်မူကြသည့်အတွက်လည်း ကြည်ညိုသဒ္ဓါ လွန်စွာပွားများရပါသည်။ ကျေးဇူးကြီးလှပါသည်ဘုရား၊ ကျေးဇူးအထူးတင်ပါ သည်ဘုရား။

ထို့နောက် သံဃာတော်များ တန်းစီပြန်ကြွ၍ ငါးကန်ဘက်အထွက်တွင် သံဃာတော်များရော၊ အကျဉ်းသားတို့၏ မိသားစုများကပါ အသင့်ယူလာသော ဗီနိုင်းများကိုကိုင်ဆောင်၍ အသံတိတ် ဆန္ဒထုတ်ဖော်ခဲ့ကြပါသည်။ အကျဉ်းသားမိသားစုများက အကောင်တစ်ရာရှိ သောငှက်ကလေးများကို အစုလိုက် အပြုံလိုက် တစ်ပြိုင်တည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့ကြပါသည်။ “အတောင်အပံရှိပါလျက် ပျံသန်းခွင့် မရ သည့်ငှက်ကလေးများ ယနေ့မှစ၍ လွတ်လပ်စွာ ပျံသန်းနိုင်ပါစေ။ ဘေးကင်းစွာ ရှင်သန်နိုင်ပါစေ” ဆုတောင်းပြီး ငှက်ခြင်းကို အဖုံးဖွင့်ပြီးမြှောက်တင်ပေးလိုက်ရာ ငှက်ကလေးများ ပျံသန်းသွားသည်ကိုကြည့်၍ ပရိသတ်တွေက ၀မ်းသာအားရလက်ခုပ်တီး၍ သြဘာပေးခဲ့ကြပါသည်။

ဆက်လက်၍ စာရေးသူက သတင်းထောက်များအမေးကို ပြန်လည်ဖြေဆိုပြီး အခန်းအနားကို အောင်မြင်စွာရုပ်သိမ်းနိုင်ခဲ့ပါသည်။

တိုင်းဒေသကြီးအစိုးရနှင့် ဆိုင်ရာဆရာတော်များ စိုးရိမ်နေသော ဆူပူအုံကြွမှုများ အရိပ်အယောင်မှမတွေ့ရဘဲ ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားခဲ့၍ တိုင်းဒေ သကြီးအစိုးရမှ စာရေးသူအပေါ် ကိုင်တွယ်ရခက်နေမည်မှာ သေချာပါသည်။

ဘုရားသားတော်များအရေးအတွက် ဘုရားရှေ့မှာ ဆုတောင်းဝတ်ပြုသည်ကို ဘုရားသားတော်ကြီး များက အမြင်မတူ မကြည်ဖြူကြသည်မှာ ၀မ်းနည်းဖွယ် ကောင်းလှပါသည်။

စာရေးသူအား-တိုင်းဒေသကြီး အစိုးရ၏ အမိန့်ကို မနာခံမှု၊ ဘုရားကြီးဂေါပက စည်းမျဉ်းစည်းကမ်းကိုဖောက်ဖျက်မှု၊ သံဃာ့ရေးရာ ညွှန်ကြားလွှာပါ လုပ်ထုံး လုပ်နည်း ဥပဒေများကို ချိုးဖောက်မှု၊ ဘုရားကြီး သြ၀ါဒါစရိယ-ဆရာတော်ကြီးများ စကားကို နားမထောင်မှုတို့ကြောင့် တစ်စုံတစ်ရာ အရေးယူဖို့ ပြင်ဆင်နေကြ မည်မှာ အမှန်ပင်။ သို့သော် ၀တ်ပြုဆုတောင်းပွဲ ငြိမ်းချမ်းအေးဆေးစွာ ပြီးဆုံးသွားခဲ့ခြင်းကြောင့် သဘောထား ကြီးသူများဖြစ်လျှင် ခွင့်လွှတ်နိုင်မည်ဖြစ် သော်လည်း အရပ်သားတစ်ပိုင်း စစ်သားတစ်ပိုင်း၊ အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီတစ်ပိုင်းဖြစ်နေသော လက်ရှိအစိုးရ၏သဘောထားကို စောင့်ကြည့်ရုံသာ ရှိပါတော့၏။

သို့သော် ချက်ချင်းလက်ငင်း ဖမ်းဆီးချုပ်နှောင်အရေးယူဖို့တော့ ဖြစ်နိုင်ဖွယ်မရှိဟု မြင်ပါသည်။

“၀တ်ပြုဆုတောင်းပွဲ အစီအစဉ်”
၁။ နမောတဿသုံးကြိမ်ရွက်ဆို၍ ဘုရားရှိခိုးရန်ပါဘုရား။
၂။ သရဏဂုံသုံးကြိမ် ဆောက်တည်ရန်ပါဘုရား။
၃။ မေတ္တာသုတ်၊ ဗောဇ္ဈသုတ်၊ မောရသုတ်ပရိတ်တော်များကို သုံးခေါက်ရွတ်ဆိုရန်ပါဘုရား။
၎။ ရတနာသုံးပါး ဂုဏ်တော်များ၊ ယံဒုန္နိမိတ္တံဂါထာများ၊ ဘ၀တုသဗ္ဗမင်္ဂလံ ဂါထာများ၊ သဗ္ဗီတိယောဂါထာများ ရွတ်ဖတ်ပူဇော်ရန်ပါဘုရား။
၅။ လွတ်မြောက်ရေးမေတ္တာများ ပို့သရန်ပါဘုရား။
၆။ သာဓုသုံးကြိမ်ခေါ်ပြီး အခမ်းအနား ရုပ်သိမ်းရန်ပါဘုရား။

“လွတ်မြောက်ရေးမေတ္တာ”
၁။ လုံးစုံများစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ထောင်ကျနေရှာသတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ အချုပ်အနှောင်မှ အမြန် လွတ်မြောက်နိုင်ပါစေ။
၃။ ယုံကြည်ချက်အကျဉ်းသားများ ချမ်းသာကိုယ်စိတ် မြဲပါစေ။ ဥပါဒ်ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ။ ထောင်မှ အမြန် လွတ်မြောက်ကြပါစေ။

ဦးပဉ္စင်းဝီရသူ (မစိုးရိမ်) ဘဒ္ဒန္တ၀ိစိတ္တာဘိဝံသ ဓမ္မသဟာယကျောင်းနာယက မစိုးရိမ်တိုက်သစ် မဟာအောင်မြေမြို့နယ်၊ မန္တလေး Wirathu2012@gmail.com ၂၃.၃.၂၀၁၂


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts