သောင်းပြောင်းထွေလာ

Kama Pale – Our Heart too stubbon to ourselves

ကျနော်တို့ အသည်းတွေ မာကျောကုန်ကြပြီလား

ကမာပုလဲ (ဖေ့စ်ဘွတ်က ယူပါတယ်) ဧပြီင်္ ၅၊ ၂၀၁၃

– မနေ့က ကျောင်းသားတပ်မတော်က ရဲဘော်ကြီး ၀င်းတင့်ဟန်ရဲ့ ဖခင်ကြီး ရုတ်တရက်ကွယ်လွန်သွားပြီ ဆိုတဲ့အကြောင်းကို ဇနီးဖြစ်သူက လာပြောပါတယ်။ အင်း သေပြန်ပြီ မိဘဖြစ်သူတယောက် … ။ သားဖြစ်သူက သူပုန် …။ အဖေ့ဈာပန ဘယ်မှာ ပြန်ပြီး ကျင်းပခွင့်ရပါ့မလဲ … ။

– လာမည့် ဧပြီ ၁၃ ရက်ဆို ကျနော့် မိခင် သေဆုံးခဲ့တာ ၁၃ နှစ်တိတိပြည့်မယ် ဖြစ်ပါတယ်။ သူဆုံးတဲ့ သတင်းကို တောထဲက သားဖြစ်သူကျနော်က ၂၀၁၁ ခုနှစ် ၁၁ နှစ်အကြာမှ ယောင်ဝါးဝါးသိရတယ်။ ဘယ်နေ့ ဘယ်ရက် ဘယ်ခုနှစ်မှာ ဆုံးသွားတယ် ဆိုတဲ့ အတိအကျသတင်းကိုတော့ လွန်ခဲ့တဲ့ ဇန်န၀ါရီလ ၂၀၁၃ မှာမှ သိခွင့်ရခဲ့တယ်။ မိရိုးဖလာ ဗုဒ္ဓဘာသာ ကိုးကွယ်ခဲ့တဲ့ မိသားစုဝင်ဖြစ်နေတဲ့ ကျနော်ဟာ တတ်နိုင်တာလေးနဲ့ သူမအတွက် ဆွမ်းချိုင့်လေး ပို့ဖြစ်ခဲ့ပါတယ်။ ၁၃ နှစ်ပြည့်ခါနီးမှာ ပထမဆုံး ပို့ဖြစ်တဲ့ ဆွမ်းချိုင့်လေးပေါ့။

– ခုတလော အိမ်ပြန်ဖို့ကို ဒီနေ့ ရှေ့တန်းရောက် နိုင်ငံရေးသမားတွေ ပြောနေကြသံ … ( ပြည်တွင်းမှာတင်မက ပြည်ပနိုင်ငံတွေ ပတ်ပြောနေတာ)ကို ဆူဆူညံညံကို ကြားနေရပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ပြန်မေးကြည့်ပါတယ်။ မင်း အိမ်မပြန်ချင်ဘူးလားလို့။ 

– ၈၈၈၈ အရေးတော်ပုံကြီးကနေ ဒီနေ့အထိ တိုင်းပြည် အခြေအနေကို စေ့ငုကြည့်တော့ တကယ့်ကို မထူးဇာတ်ဖြစ်တဲ့အပြင် … ခုက ၂၀၀၈ စစ်အခြေခံဥပဒေနဲ့ကို ပေါ်တင် ဖိနှိပ် ရက်စက် အုပ်ချုပ်နေတာ …ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးဝေးလို့ … ဘုန်းကြီးတွေတောင် အရှင်လတ်လတ်မီးလောင်တိုက်သွင်း နှိပ်စက်ခံနေရတာ မလား။

– ကိုဝင်းတင့်ဟန်ရော ကျနော်တို့ရော ကျောင်းသားတပ်မတော်က ရဲဘော်တွေဟာ သမိုင်းက တောင်းဆိုတဲ့ လက်နက်ကိုင်တော်လှန်ရေးကို ယုံကြည်ဆင်နွှဲမယ်ဆိုပြီး မိဘညီအကိုမောင်နှမတွေရဲ့ မိသားစု ဘ၀ သံယောဇဉ်ကို စွန့်ခွာလာခဲ့ကြသူတွေဖြစ်တယ် … ခုလို ဗမာပြည်နိုင်ငံရေး အခင်းအကျင်းနဲ့ ကျနော်တို့ ဇာတိအိမ်ပြန်သွားရင် … ကျနော်တို့ဟာ ကိုယ့်ယုံကြည်ချက်အပေါ်မှာ သစ္စာဖေါက်သူတွေ ဖြစ်ကြမှာ အသေအချာပဲ … မိသားစုကလည်း မယုံ … ချစ်သူကလည်း မယုံ … သူငယ်ချင်းတွေကလည်း မယုံ … အရပ်ကလည်း မယုံနဲ့ … ရှင်ရက်ကြီး အချိန်နဲ့ အမျှ သေနေရမယ့်ကိစ္စ … ကိုယ့်မျိုးဆက် ကိုယ့်သားသမီးပါ သမိုင်းမျက်နှာ ငယ်နေရမယ့် ကိစ္စကြီးဖြစ်တယ် ….။

– ဒီတော့ ရည်ရွယ်ချက် …. မျှော်မှန်းချက် … ယုံကြည်ချက်တွေ မရရှိဘဲ … မအောင်မြင်သေးဘဲ လက်နက်ချဆိုတဲ့ နာမည်ဆိုး ခွေးသေကောင်ပုပ်ကြီး လည်ပင်းဆွဲပြီး ခုချိန်မှာ အိမ်ပြန်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး …။

– နောင်တရနေလားလို့ မေးရင် ဟုတ်ကဲ့ စိတ်ချ သူပုန် ( တော်လှန်ရေးသမား) ဆိုတာ သင်္ချိုင်း မရွေးပါဘူးလို့ပဲ ပြောချင်တယ် …။

– ဒီတော့ ကျနော်တို့ အသည်းတွေ မာကျောကုန်ကြပြီလား …. တကယ်လို့ မာကျောကုန်ကြတယ် ဆိုရင်လည်း ဒါဟာ ကျနော်တို့ ရောက်ရှိဖြတ်သန်းနေရတဲ့ ခေတ်ဆိုးစနစ်ဆိုးကြီးက ကျနော်တို့ကို ပြဌာန်းပေးလိုက်တယ်လို့ပဲ ပြောချင်ပါတယ် …..။

ကိုပေါက် ( ကမာပုလဲ )

(သူ့ဖေစ်ဘွတ်ကနေ ယူပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts