မျက်မှောက်ရေးရာ သတင်းပဒေသာ

ကျောက်ပန်းတောင်းမှာ မဲစာရင်း အမှားအယွင်းရှိ – voter list problem in Kyauk Pan Daung

ဝေမိုး (မြစ်မခ-ကျောက်ပန်းတောင်း) Myit Makha Mediagroup
မတ် ၁၆၊ ၂၀၁၂

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း မြို့နယ်အတွင်းရှိ ရပ်ကွက် ၊ ကျေးရွာများတွင်လည်း မဲစာရင်း လွဲမှားခြင်း ၊ မဲပေးနိုင်သည့် အမည်များ ကျန်ရှိနေခြင်း စသည့်မဲစာရင်းအမှားအယွင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

အဆိုပါ မဲစာရင်းများတွင် သေဆုံးသူများ၏ အမည်စာရင်းများ ပါနေခြင်း၊ အသက် ၁၈ နှစ်ပြည့်ပြီးသူအချို့၏ အမည်များ ကျန်နေခြင်းစသည့် မဲပေးနိုင်သော လူဦးရေနှင့် မဲစာရင်းတွင် ကိုက်ညီမှု မရှိခြင်းတို့ကြောင့် မြို့နယ်ကော်မရှင်သို့ လာမည့် မတ်လ ၂၄ရက်နေ့နောက်ဆုံးထားပြီး မဲစာရင်းတွင် မပါရှိသေးသော အမည်စာရင်းများကို ပေးပို့နိုင်ကြောင်း ကော်မရှင်ရုံးက ထုတ်ပြန်ပြောဆိုသည်။

“ကျွန်တော်တို့ ကြေညာတဲ့ မဲပေးနိုင်တဲ့ စာရင်းထဲမှာ မပါရှိတဲ့ လူစာရင်းကို လာမဲ့ မတ်လ ၂၄ရက်နေ့ နောက်ဆုံးထားပြီး ကျွန်တော်တို့ မြို့နယ် ကော်မရှင်ရုံးကို လာပြောလို့ရပါတယ်” ဟု ကျောက်ပန်းတောင်း မြို့ နယ် ကော်မရှင် ဥက္ကဌ ဦမောင်မောင်ရှိန်က ပြောကြားသည်။

လာမည့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအတွက် မဲပေးရမည့် မဲစာရင်းမှာ ယခင် ၂၀၁၀တွင် ပြုစုထားသော မဲစာရင်းကိုသာပြန်လည် ထုတ်ပြန်ခဲ့ခြင်းကြောင့်ဖြစ်ပြီး အခြားသော ရည်ရွယ်ချက်မရှိကြောင်း မြို့နယ်ကော်မရှင် ဥက္ကဋ္ဌ ပြောဆိုသည်။

“ဒီစာရင်းတွေက 2010 တုန်းက ပြုစု ထားခဲ့တဲ့ စာရင်းတွေ ဒီစာရင်း တွေက ဇန်နဝါရီ လကတည်းက ပို့ထားတာတွေပါ၊ နောက်ပြီး ဒါတွေကပြုပြင်လို့ ရတဲ့ အရာတွေပါ၊တခြားရည်ရွယ်ချက်နဲ့ လုပ်တာတော့
မရှိပါဘူး” ဟု မြို့နယ် ကော်မရှင် ဥက္ကဌ ဦးမောင်မောင်ရှိန်က ပြောသည်။

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်မှ ရပ်ကွက် ကျေးရွာများတွင် မိဘ အမည် လွဲမှားစွာ ဖော်ပြခြင်း ၊ မှတ်ပုံတင်အမှတ် မှားယွင်းခြင်း တို့အပြင် မဲထည့်နိုင်သည့်အရွယ် တစ်မိသားစုလုံး အမည်ကျန်ရှိခြင်းများ ဖြစ်ပေါ်နေကြောင်း သိရှိရသည်။

“အောင် နဲ့ မောင် နဲ့ မှားတာတို့ ၊ မှတ်ပုံတင်နံပါတ်မှား တာတွေ အဖေ အမေ နာမည် မှားနေတာတွေ သေဆုံးပြီးတဲ့ သူတွေကိုလဲ ထည့်ထားတာတို့ပေါ့ နောက်တစ်ခုက မိသားစု တစ်စုလုံး ကျန်နေတာတွေ။ အသက်၁၈ နှစ် ပြည့် ပြီးပေမယ့် မဲစာရင်းတွေမှာ မပါတာတွေ အများအပြားတွေ့နေရတယ်” ဟုတောင်ပေါ်ကျေးရွာမှ မဲရုံကိုယ်စားလှယ်တစ်ဦးက ပြောသည်။

မန္တလေးမြို့နယ် ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးရွာပေါင်း ၃၆၀ ကျော် ၊ မြို့ပေါ် ရပ်ကွက် ၁၂ ခုရှိပြီး မဲရုံပေါင်း ၃၈၃ရုံနှင့် လူဦးရေ ၂၀၉၀၃၀ (နှစ်သိန်းကိုးထောင်သုံးဆယ်) ရှိကြောင်း သိရှိရသည်။

 

သတင်းမူရင်း – မြစ်မခ http://www.myitmakhamediagroup.com
ဓာတ်ပုံ – Kyaukpadaung ကျောက်ပန်းတောင်းမြို့/Facebook

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts