ခေတ်ပြိုင်အတွေ့အကြုံ

ရွှေသံစဉ်များဖန်တီးသူ

ခက်မာ
မတ်လ ၁၅၊ ၂၀၁၂
“ဂီတမှာ Timing ဟာအသက်ပဲ၊ အရေးကြီးဆုံးပဲ။ Timing လွဲသွားရင် တေးသွားသီချင်းရဲ့အရသာပျက်သွားရော။ ထို့အတူဘဲဟင်းချက်ရာမှာပဲဖြစ်ဖြစ်၊ အားကစားလုပ်ရာမှာပဲဖြစ်ဖြစ် Timing မှန်ဖို့လိုအပ်တယ်။ သီချင်းတစ်ပုဒ် ဟင်းတစ်ခွက် Timing Out သွားရင် သီချင်း လောက် ဟင်းလောက်ပဲအရသာပျက်မှာ၊ နိုင်ငံရေးမှာ Timing လွဲသွားရင် တိုင်းပြည်တခုလုံးရဲ့ Image ပျက်တယ်။ တစ်မျိုးသားလုံးထိခိုက်နစ်နာစေတယ်။ နိုင်ငံရေးမှာ Timing ဆိုတာ လုပ်သင့်လုပ်ထိုက်တာကို လုပ်သင့်တဲ့အချိန်မှာလုပ်ခြင်းပါပဲ။”

ဒီစကားကိုပြောခဲ့သူက ကျမသူငယ်ချင်း ဂီတသမား၊ ဗီဒီယိုဂျာနယ်လစ်စ် ကိုဝင်းမော်ပါ။ ဒီစကားကို သူက သူ့သမီးကိုပြောခဲ့တာပါ။ သူ့ရဲ့သားသမီး ၄ ယောက်ထဲက တတိယသမီး ခင်စုကြည် ၂၀၁၂ ဇန်န၀ါရီလ ၈ ရက်နေ့မှာရေးခဲ့တဲ့ သမ္မတကြီးသို့ အိတ်ဖွင့်ပေးစာမှာ သူမဖခင်ရဲ့အဲဒီပြောစကားကို ဖော်ပြခဲ့ပါတယ်။ ဒီစကားကပဲ ကိုဝင်းမော်ရဲ့ နိုင်ငံနဲ့ဂီတအပေါ်ထားရှိတဲ့ လေးနက်မှုကိုတွေ့နိုင်ပါတယ်။

ကိုဝင်းမော်ဟာ ဂစ်တာသမားအဖြစ်နဲ့ ၁၉၈၁ ကတည်းက ဂီတနယ်ထဲကိုရောက်ရှိခဲ့သူပါ။ ရွှေသံစဉ်နဲ့ အလင်္ကာတေးဂီတအဖွဲ့တွေမှာ Lead Guitar တီးခတ်တဲ့ ဂီတမှူးတီးဝိုင်းခေါင်းဆောင်တယောက်ဖြစ်ပါတယ် ။ The Aces တေးဂီတအဖွဲ့ကြီးမှာလည်း ၁၉၈၉ ကနေ ၁၉၉၆ ထိ ၇ နှစ်တိတိ Lead Guitar တီးခတ်ခဲ့ပါတယ်။ ၁၉၉၆ ခုနှစ် Visit Myanmar Year နေ့ဖြစ်တဲ့ နိုဝင်ဘာ ၁၈ ရက်မှာ ကိုဝင်းမော်ဟာ န၀ တအစိုးရရဲ့ ပထမအကြိမ်ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အတွက်သီချင်း၂ ပုဒ်ရေးသားတီးခတ်ပေးခဲ့တယ်ဆိုတဲ့အမှုနဲ့ အကျဉ်းထောင်ထဲမှာ ၆ နှစ်နေခဲ့ရပါတယ်။ အဲဒီသီချင်းတွေကို Democratic Voice of Burma ကနေ ထုတ်လွှင့်ပေးခဲ့ပါတယ်။

ကိုဝင်းမော်နဲ့ကျမက လူချင်းမခင်ရမီကတည်းကအနုပညာခြင်းဆက်စပ်ပတ်သက်ခဲ့တာပါ။ ၁၉၉၁ ခုနှစ်မှာ နေအိမ် အကျယ်ချုပ်အကျဉ်းသား ဘ၀နဲ့ နိုဗယ်ငြိမ်းချမ်းရေးဆုကိုဆွတ်ခူးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အားလုံးသော နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးလှုပ်ရှားမှုမှာပါဝင်ခဲ့တဲ့အတွက် ကျမထောင်ကျခဲ့ပါတယ်။ ၁၉၉၂ နိုင်ငံတော်လွတ်ငြိမ်း ချမ်းသာအမိန့်နဲ့ပြန်လွတ်လာခဲ့ပြီး လအနည်းငယ်အတွင်းမှာပဲ ကျမနဲ့ထောင်ထဲမှာ အတူနေခဲ့တဲ့ နိုင်ငံရေးအကျဉ်းသူ သူငယ်ချင်းချယ်ရီတယောက် မေးခွန်းပေါင်းများစွာချန်ထားခဲ့ပြီးလူ့လောကထဲက ထွက်ခွာသွားခဲ့ပါတယ်။ ကျမစိတ်ထိခိုက်လွန်းလို့ ချယ်ရီ့ဈာပနကိုပို့ပြီးပြန်ရောက်ရောက်ချင်းမှာပဲ “ရနံ့မဲ့ခရီးရှည်” ဆိုတဲ့ဝတ္တုတို တပုဒ်ရေး ဖြစ်ခဲ့ပါတယ်။ အဲဒီဝတ္တုလေးက မဟေသီမင်္ဂ္ဂဇင်းမှာ ဖော်ပြခံခဲ့ရပါတယ်။ မျက်ရည်နဲ့ရေးခဲ့ရတဲ့ဝတ္တုပေမယ့် ကျမတို့နိုင်ငံရဲ့စာပေလွတ်လပ်ခွင့်စနစ်ကြောင့် ကျမနဲ့ချယ်ရီအတူရှိနေခဲ့တဲ့ အချိန်တွေ၊ အဖြစ်အပျက်တွေအကြောင်းကိုအမှန်အတိုင်းရေးလို့မရခဲ့ပါဘူး။ နိမိတ်ပုံ တွေနဲ့ ရေးခဲ့ပေမယ့် မြန်မာစာရေးဆရာတွေရဲ့လွတ်လွတ်လပ်လပ်ထုတ်ဖော်ရေးသားခွင့်မရပဲ သွယ်ဝိုက်ထင်ဟပ်ပြရမှုကို ယဉ်ပါးနေတဲ့ စာဖတ်သူအများစုနဲ့နိုင်ငံရေးနယ်ပယ်ထဲကသူတွေကတော့ ကျမဘယ်သူ့အကြောင်းရေးတာလဲဆိုတာ သိခဲ့ကြပါတယ်။

ကျမ၀တ္တုကိုဖတ်ပြီးခံစားရတဲ့ လှထွဋ်စိုးဆိုတဲ့လူငယ်တယောက် ၁၉၉၇ မှာ နိုင်ငံရေးလှုပ်ရှားမှုနဲ့ထောင်ကျတော့ ပထမ အကြိမ်အကျဉ်းကျခံ နေရတဲ့ ကိုဝင်းမော်နဲ့တောင်ငူထောင်ထဲမှာဆုံကြပါသတဲ့။ လှထွဋ်စိုးကသူဖတ်ခဲ့ဖူးတဲ့ ကျမ၀တ္တု လေးကိုခံစားလို့ “ချယ်ရီ” ဆိုပြီး ကဗျာ ပုံစံလေး ပြန်ရေးခဲ့ပါတယ်တဲ့။ အဲဒီ ကဗျာကလေးပြန်ရွတ်ပြရင်း ကျမ၀တ္တုလေး အကြောင်းပြောပြတော့ အနုပညာရှင်ဂီတသမားကိုဝင်းမော်က အလွန်စိတ်ထိခိုက်ပြီး “ချယ်ရီ” ဆိုတဲ့သီချင်းလေးကို ဖန်တီးခဲ့ပြန်ပါတယ်။ ၂၀၀၅ ခုနှစ်မှာ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများကူညီ စောင့်ရှောက်ရေးအသင်းရဲ့ ရန်ပုံငွေအတွက်ထုတ်ဝေတဲ့သီချင်းခွေထဲမှာ “ ချယ်ရီ” သီချင်းလေးလည်း ပါခဲ့ပါတယ်။

၂၀၀၂ မှာပထမအကြိမ်သူထောင်ကလွတ်မြောက်လာပြီးနောက် ကျမတို့လူချင်းခင်မင်ရင်းနှီးခဲ့ကြပါတယ်။ အနုပညာနယ် သားချင်းအဖြစ်အချင်းချင်းလေးစားခဲ့ကြသလို နိုင်ငံရေးအကျဉ်းသားဟောင်းတွေအဖြစ်လည်း အချင်းချင်းဖေးမခဲ့ကြပါ တယ်။ ဒါ့အပြင် အမေရိကန်စင်တာမှာအင်္ဂလိပ်စာဆည်းပူးကြတဲ့သက်ကြီးအတန်းဖော်တွေ လည်းဖြစ်ခဲ့ကြပါသေးတယ်။ အမြဲပြုံးနေတတ်တဲ့ကိုဝင်းမော်နဲ့ ကျမတို့တတွေ စကားတွေအများကြီးပြောဖြစ်ခဲ့ကြပါတယ်။ ကိုဝင်းမော်က “ချယ်ရီ” သီချင်း လေးအကြောင်း အခုလိုအမှတ်တရပြောခဲ့ဖူးပါတယ်။ “ အဲဒီ သီချင်းလေးက ကျနော်ထောင်ထဲမှာ ပထမဆုံးရေးဖြစ်ခဲ့တဲ့ သီချင်းလေးပါ။ သီချင်းကိုလည်းခက်မာရဲ့ဝတ္တုခေါင်းစဉ်အတိုင်း “ရနံ့မဲ့ခရီးရှည် (သို့မဟုတ်) ချယ်ရီ” ဆိုပြီးခေါင်းစဉ်တပ်ခဲ့တယ်။ ချယ်ရီ့နံမည်တပ်ထားပေမယ့် ချယ်ရီလိုပဲ မြန်မာနိုင်ငံဒီမိုကရေစီအရေးအတွက် တတပ် တအားပါဝင် ကြိုးပမ်းရင်း လမ်းခုလတ်မှာကျဆုံးခဲ့ရတဲ့ရဲဘော် အားလုံးကိုလည်းရည်ညွှန်းပါတယ်။ ကျွန်တော်ရေးခဲ့သမျှထဲမှာ အကြိုက် ဆုံးနဲ့ ရင်ထဲ အထိရှဆုံးသီချင်းတပုဒ်လည်းဖြစ်ပါတယ်” တဲ့။ အဲဒီလို ရင်းနှီးနီးစပ်တဲ့ကာလတွေမှာ ကိုဝင်းမော်ဟာ ဂီတနဲ့မိတ်ဆွေတွေ အတွက်စိတ် နှလုံးနုညံ့ပျော့ပြောင်းသူပေမယ့်သူယုံကြည်ချက်အပေါ်မှာတော့ ပြတ်ပြတ်သားသားခိုင်ခိုင် မာမာရပ်တည်သူအဖြစ် ကောက် ချက်ချနိုင်ခဲ့ပါတယ်။

ဂီတသမားကိုဝင်းမော်ဟာ ၂၀၀၇ ခုနှစ် သံဃာတော်တွေဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကာလမှာတော့ စစ်အစိုးရ လက်အောက်မှာ ဖိနှိပ်ခံနေရတဲ့ မြန်မာနိုင်ငံရဲ့အမှန်တရားကို ကမ္ဘာကသိစေရေးဆိုတဲ့ ကွက်လပ်ကိုဖြည့်ဖို့ ဗီဒီယိုဂျာနယ်လစ်စ်တယောက်ရဲ့တာဝန်ကိုပါ ထမ်း ဆောင်ခဲ့ပြန်ပါတယ်။ ၂၀၁၀ ခုနှစ် အော်စကာတစ်ကြိုစာရင်းဝင်ခဲ့တဲ့ Burma VJ မှတ်တမ်းရုပ်ရှင်ဟာ ကိုဝင်းမော်အပါအ၀င် မြန်မာ VJ တွေရဲ့အားထုတ်မှု ကြောင့်ပေါ်ပေါက်ခဲ့တဲ့အသီးအပွင့်တခုပါ။

“သံဃာတော်တွေဟာပြည်သူတွေအတွက် နေပူမိုးရွာမရှောင် ဆင်းရဲဒုက္ခခံပြီး ငြိမ်းချမ်းစွာမေတ္တာပို့ဆုတောင်းလမ်းလျှောက်ခဲ့တာကို အစိုး ရက ရက်ရက်စက်စက်ချေမှုန်းတဲ့ Video ပုံတွေ ကို Editing လုပ်ရင်း ဖေဖေဟာ မျက်ရည်ကျခဲ့ရပါတယ်။” လို့ ခင်စုကြည်က သူမရဲ့သမ္မတ ကြီးထံပေးစာမှာ ဖော်ထုတ်ရေးပြခဲ့ပါတယ်။ အဲ့ဒီလို ဗီဒီယိုဂျာနယ်လစ်စ်တယောက်အနေနဲ့အားထုတ်မှုတွေကြောင့်ပဲ ၂၀၀၇ ခုနှစ် နိုဝင်ဘာ လမှာ ကိုဝင်းမော်ထပ်မံအဖမ်းခံရပြီး ထောင်ဒဏ် ၁၇ နှစ်အပစ်ပေးခြင်းခံရပြန်ပါတယ်။

“ထောင်ထဲမှာ ပေးဆပ်အနစ်နာခံနေရမှာကို မတုန်လှုပ်ပါဘူး။ တိုင်းပြည်အတွက် ကိုယ်တတ်ကျွမ်းတဲ့အနုပညာနဲ့ အုတ်တစ်ချပ်သဲတစ်ပွင့် ဆောင်ရွက်ခွင့်မရတာကိုဘဲ စိတ်မကောင်းဖြစ်တာပါ။” လို့ ထောင်ကျနေစဉ်ကာလမှာ ထောင်ဝင်စာလာတွေ့တဲ့သမီးဖြစ်သူကို ကိုဝင်း မော်က ပြောခဲ့ပါတယ်။ အဲ့ဒီလိုပြောခဲ့ပေမယ့် ကိုဝင်းမော်ဟာ အကျဉ်းကျခံရခြင်းကြောင့် သူ့အနုပညာကိုရပ်တန့်စေခဲ့သူတော့မဟုတ်ပါဘူး။ အကျဉ်းထောင်တွင်းမှာနေရပေမယ့် မြန်မာပြည်သူလူထုရဲ့ခံစားနေရတဲ့ဝေဒနာနဲ့ ဖိနှိပ်ခံနေရတဲ့ဘ၀တွေကိုပေါ်လွင်စေမယ့် သီချင်း တွေကို ထောင်ထဲမှာဆက်ဖန်တီးခဲ့ပါတယ်။ အခွင့်သာရင်သာသလို သူ့သီချင်းတွေကို ထောင်အပြင်ဖက်က ဂီတကမ္ဘာဆီပေးပို့ခဲ့ပါတယ်။

အဲဒီလိုအကျဉ်းထောင်အတွင်းကနေအနုပညာဆက်လက်ဖန်တီးနေခဲ့သူ ကိုဝင်းမော်ကို ၂၀၁၁ ခုနှစ်မှာ စင်္ကာပူအခြေစိုက် Freedom to Create အဖွဲ့က အကျဉ်းကျအနုပညာဖန်တီးရှင်ဆုကို ချီးမြှင့်ခဲ့ပါတယ်။ အဲဒီဆုကို ၂၀၁၁ နိုဝင်ဘာ ၁၉ ရက်နေ့က တောင်အာဖရိကနိုင်ငံကိတ်တောင်းမြို့မှာ အခမ်းအနားနဲ့ပေးအပ်ခဲ့ပြီး The Freedom to Create website က ကိုဝင်းမော်ကို ဆုပေးရခြင်းနဲ့ပတ်သက်ပြီးခုလိုဖော်ပြခဲ့ပါတယ်။

“Win Maw “expresses the political views of the Burmese people with his music, which provides a rallying point for the masses during the numerous political upheavals in Myanmar.”

၂၀၁၀ ခုနှစ်မှာတုန်းကလည်း မြန်မာနိုင်ငံအတွင်းမှာ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးကာလအတွင်း သတင်းရယူရင်း နအဖစစ်တပ် ရဲ့ ပစ်သတ်ခံရတဲ့ ဂျပန်သတင်းထောက်ကန်ဂျီနာဂါအိကိုဂုဏ်ပြုသောအားဖြင့် မစ္စတာကဲန်ဂျီနာဂါအိ တာဝန်ထမ်းဆောင်ခဲတဲ့အေပီအက်ဖ်သတင်းဌာနနဲ့ မြန်မာ့သတင်းသမဂ္ဂ (ဘီအမ်အေ) တို့ ပူးပေါင်းပေးအပ်တဲ့ ကန်ဂျီနာဂါအိဆုကို ဒီမိုကရက်တစ်မြန်မာ့အသံသတင်းဌာနရဲ့သတင်းထောက်တွေဖြစ်ကြတဲ့ ကိုဝင်းမော်နဲ့မလှလှဝင်းတို့ ပူးတွဲရရှိခဲ့ကြပါတယ်။

“ကိုဝင်းမော်တို့လို VJ တွေကသာ အသက်စွန့်ပြီးမတင်ပြခဲ့ဘူးဆိုရင် စစ်အစိုးရရဲ့ဖိနှိပ်သတ်ဖြတ်မှုတွေ ကွက်ကွက်ကွင်းကွင်း ပေါ်လွင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးကြီးအကြောင်းကို ကမ္ဘာကလုံးစေ့ပတ်စေ့သိရမှာ မဟုတ်ပါဘူး” လို့ ကိုဝင်းမော် ပထမအကြိမ်ထောင်ကျစဉ်က ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားအဖြစ်အတူနေခဲ့ရတဲ့ ကိုသားကြီးကပြောခဲ့ပါတယ်။

“သမီးဖေဖေရဲ့ ဂီတနဲ့အနုပညာကို မြတ်နိုးတဲ့စိတ်၊ ဒီမိုကရေစီကိုယုံကြည်တဲ့စိတ်၊ တိုင်းပြည်နဲ့လူမျိုးကိုချစ်မြတ်နိုးတဲ့စိတ် ၊ ဘာသာတရားနဲ့ရ တနာသုံးပါးကိုရိုသေမြတ်နိုးတဲ့စိတ်ကို သမီးတို့မောင်နှမတွေအမြဲလေးစားဂုဏ်ယူနေမှာပါ။ သမိုင်းဟာ ဖေဖေတို့အပေါ်မှာဘယ်တော့မှသစ္စာဖောက်မှာမဟုတ်ပါဘူး။ သမ္မတကြီးနဲ့တကွ တိုင်းပြည်တာဝန်ဦးဆောင်ဦးရွက်ပြုနေသူအားလုံး၊ စစ်မှန်တဲ့လမ်းငြိမ်းချမ်းတဲ့ဒီမိုကရေစီနိုင်ငံထူထောင်ရင်း အာဏာရှင်စနစ်ဆိုးကိုစွန့်ပယ်ပြီး အာဃာတတွေ ကင်းတဲ့တနေ့မှာတော့သမီးဖေဖေနဲ့ဖေဖေ့သူငယ်ချင်းတွေလွတ်မြောက်လာမယ်လို့ သမီးယုံကြည်ပါတယ်။”လို့ ကိုဝင်းမော် သမီးခင်စုကြည်ရဲ့ သမ္မတကြီးထံအိတ်ဖွင့်ပေးစာထဲမှာဖော်ပြထားပါတယ်။ သမီးဖြစ်သူကသမ္မတကြီးထံအိတ်ဖွင့်ပေးစာပေးပို့အပြီး ၅ ရက်မြောက်နေ့ဖြစ်တဲ့ ၂၀၁၂ ဇန်န၀ါရီ ၁၃ ရက်မှာတော့ ကိုဝင်းမော်အိမ်ပြန်ရောက်လာခဲ့ပါပြီ။ မြန်မာပြည်သူပြည်သားတွေကိုပျော်ရွှင်စေခဲ့တဲ့ အစိုးရသစ်ရဲ့ စတုတ္ထအကြိမ်မြောက်လွတ်ငြိမ်းချမ်းသာခွင့်နဲ့အတူ မိသားစုပြန်လည် ဆုံ တွေ့ရပါပြီ။

“ကျနော်က ဂီတသမားအဖြစ်နဲ့ နိုင်ငံ့တာဝန်ကို တတပ်တအားထမ်းဆောင်ခဲ့တယ်။ တခါ နိုင်ငံကလိုအပ်လာပြန်တော့ ဗီဒီယိုဂျာနယ်လစ်စ်အဖြစ်တာဝန်ယူခဲ့ပြန်တယ်။ ရှေ့လျှောက်လည်း နိုင်ငံကလိုအပ်လာရင် ဂီတသမားအနေနဲ့ဖြစ်စေ၊ ဗီဒီယိုဂျာနယ်လစ်စ်အနေနဲ့ဖြစ်စေ တခြားဘယ်နေရာကပဲဖြစ်စေ ကျရာနေရာကဆက်ပြီးတာဝန်ယူသွားမှာပါ။”

အဲဒါကတော့ ကိုဝင်းမော်ထောင်ကလွတ်ပြီးနောက်တနေ့မှာပဲ တယ်လီဖုန်းထဲကတဆင့် ကျမကိုပြောခဲ့တဲ့စကားပါ။ သူပြောခဲ့တဲ့အတိုင်းသူတာဝန်ကျေလိမ့်မယ်ဆိုတာကို ကျမအပါအ၀င် သူ့ကိုသိတဲ့သူတိုင်း သံသယဖြစ်မှာ မဟုတ်ပါဘူး။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts