ပင်တိုင်ကဏ္ဍ မာမာအေး

“ပြောပြစရာတွေလဲ တပုံကြီးရှိသေးတယ်” အမှတ် (၄၁၅)

မာမာအေး
မတ် ၁၄၊ ၂၀၁၂


“—-အများကြိုက်ဖို့ စစ်တိုက်တာတော့ သခင်တင်ကြီး လုပ်ချင်မယ် မထင်ပါဘူး။ မာအေးလဲစစ်တိုက်ဖို့ မကြိုက်လို့ ‘တိုက်ကြဘို့ပါ’ ကို မရွေးဘူးနော်—


သောတရှင်များ ကျန်းမာတော်မူကြပါစရှင် …
မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ …
ပြီးခဲ့တဲ့ တပတ်က မျိုးချစ်ဂီတစာဆိုကြီး ၀ိုမ်အမ်ဘီသခင်တင် ရေးစပ်ခဲ့တဲ့ ‘တို့ဗမာ’ သီချင်းကို၊ သူကိုယ်တိုင် ဓါတ်ပြားသွင်း သီဆိုခဲ့တဲ့ မူရင်းအတိုင်း ပရိသဒ်တို့ အမှန်မှတ်သားနိုင် ပြန်ပြောနေရာက – စာတလုံးက ၀ါးတားတား ဘာဆိုလိုက်မှန်းမသိ – မာအေးနားက ဖမ်းလို့ မမိတာနဲ့ ချစ်ဆွေတို့လဲ ကူညီနားထောင်ပေးဘို့ သီချင်းပြန်ဖွင့်ပြနေချိန်မှာ နားထားခဲ့ပါတယ်ရှင်၊ ဒီနေ့ ပြန်ဆက်ကြည့်ရအောင်ပါ။

စာထုတ်ရေးဘို့ မကြည်မလင် မကွဲပြားတာကတော့ သုမောင် ဆိုတဲ့ မူမှာ “ယိုးဒယားနဲ့ ကုလားကိုပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ … တို့ဗမာ” တဲ့။ အဲဒီစာကြောင်းရဲ့ အစ “ယိုးဒယားနဲ့ ဆိုတဲ့ စာနေရာမှာ၊ မောင်ကိုကိုဆိုတဲ့မူမှာ “တိုင်းတပါးနဲ့” ဆိုတဲ့ စာနေရာမှာ၊ ၀ိုင်အမ်ဘီကြီးက “များစွာပ” လို့ ဆိုထားပါတယ်။ အဲဒီနောက်က စာကိုတော့ ဖမ်းမရပါဘူး။ “ကြိုက်ကြဘို့ပါ” လား “ကြမ်းကြဘို့ပါ” လား၊ “တိုက်ကြဗိုလ်ပါ” လား ၊ ဝေခွဲမရ ဖြစ်နေလို့ပေါ့။ အဲဒီနောက်က စာနဲ့လဲ ဆက်မိမှ ဖြစ်မယ့်သဘောဘဲ၊ “တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ” ဒီအထိ အဓိပ္ပါယ် ကိုက်ဖို့ လိုမှာကိုးရှင့်။

ကိုင်း .. တစ်ကြောင်းထဲဖြစ်အောင် ဆက်စပ်ဆိုကြည့်ရအောင် .. ၊ “.. များစွာပကြိုက်ကြဘို့ပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ …” အသံအားဖြင့် ပြောစရာ မရှိပါဘူး၊ အဓိပ္ပါယ်ကျတော့ “အများကြီး ကြိုက်ဖို့ရာ တိုက်ခိုက်လို့ အောင်ခဲ့တာ တို့ဗမာတွေဘဲ” လို့ ထွက်ပါမယ်။ အများကြိုက်ဖို့ စစ်တိုက်တာတော့ သခင်တင်ကြီး လုပ်ချင်မယ် မထင်ပါဘူး။ မာအေးလဲစစ်တိုက်ဖို့ မကြိုက်လို့ ‘တိုက်ကြဘို့ပါ’ ကို မရွေးဘူးနော်။

နောက်တခု “ကြမ်းကြဘို့ပါ” နဲ့ ဆက်ကြည့်မယ်။ “.. များစွာပကြမ်းကြဘို့ပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ …” ဒီလိုသာ ဆက်လိုက်ရင် “များများကြမ်းကြဘို့ပါဘဲ၊ ဒီလို တိုက်ခိုက်လို့ အောင်ခဲ့တဲ့ တို့ဗမာတွေပါ” လို့ ပြောရာကျလိမ့်မယ်ထင်ပါတယ်။

နောက် – စာကို “ကြမ်းကြဗိုလ်ပါ” နဲ့ ဆက်ဆိုပါမယ်၊ အခု ဆိုပြမယ့် ‘ဗိုလ်’ ဆိုတဲ့ စာလုံးဟာ ‘ဗလ’ လို့ အဓိပ္ပါယ် ထွက်မယ့် ဗထက်ချိုင့်လုံးတင် တစ်ချောင်းငင် လသတ် ‘ဗိုလ်’ ဖြစ်ပါတယ်။

“.. များစွာပ – ကြမ်းကြဗိုလ်ပါ၊ တိုက်ခိုက်ကါ အောင်ခဲ့တာ တို့ဗမာ …”

အဲဒါကျတော့ “များစွာ ကြမ်းတမ်းကြတဲ့ ဗိုလ်ပါလူစုတွေကို တိုက်ခိုက် အောင်မြင်ခဲ့တာ ငါတို့ဗမာတွေပါ” ဆိုတဲ့ သဘေါပါ။ မာအေးသာဆိုရင်တော့ နောက်ဆုံး ဆက်စပ်ကြည့်တဲ့ ‘ကြမ်းကြဗိုလ်ပါ’ ကို ရွေးမှာဘဲ။ ဂီတစာဆိုကြီး ဘာရေးသွားမှန်း ဖမ်းမရတာနဲ့ ဖြစ်နိုင်တာကို တွေးလို့ ရှည်လာရတာကို သည်းခံလိုက်ပါဦး။ အစကတည်းက အကူအညီတောင်းထားတာမို့လား။ တခုတော့ အကျိုးရှိမှာပါ။ သီချင်းတွေကို စာသားထုတ်ယူကြတဲ့အခါမှာ ရှေ့ရောနောက်ပါ အဓိပ္ပါယ်တွေ ဆက်ကြည့်ပြီး ထုတ်ရင် အမှန်ရတတ်တယ် ဆိုတဲ့ အသိမျိုးပေါ့။ မာအေး သီချင်းတွေကို ဒီလိုဘဲ စာစစ်ထုတ်ယူခဲ့တာပါ။

ချစ်သောတရှင်တွေလဲဘဲ စာအမှန်ရအောင် ကူညီနိုင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ သခင် – သခင်မ လက်ကျန်ကြီးတွေ တွေ့ရင် ဒီကိစ္စ – ဒီစါအကြောင်း မေးပေးကြစေချင်ပါတယ်။ သိရရင် ဘီဘီစီကတဆင့် ပို့ပေးပေါ့။ မာအေးလဲ ပြန်ဆို ထိမ်းသိမ်းထားချင်လို့ပါနော်။

အော် … မာအေးလဲ မူလ ကိုယ်တိုင်ရေး ကိုယ်တိုင်ဆိုသွားတဲ့ သခင်တင့် အသံ မူရင်း ကြားစေချင်လို့ ဆိုပြီး လေရှည်နေမိသလိုဖြစ်သွားသလားဟင်၊ ဆောရီးပါဘဲ၊ ဆရာကြီးအသံက အားရစရာ မာန်ပါပါလို့ ပြောရမှာပါရှင်။

* (တို့ဗမာ – ၀ိုင်အမ်ဘီသခင်တင်) နောင်ဥဒါန်း … ဘယ်မကြေစရာ၊ ရာဇ၀င်တင်ထား မျိုးရိုးနွယ်လာ၊ ကမ္ဘာတခွင်မှာဖြင့် ဗမာထင်ရှား၊ တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား တို့ဗမာ၊ တို့ဗမာ မဟုတ်လေသလား (တို့ဗမာ – ငါတို့ဗမာ) ၂ xxx (ဒါ – ငါတို့ဗမာ) ၂ xxx အားလုံးညီညီ ယောက်ျားဘသား တို့ဗမာ၊ နှောင်းလာနောက်သား ကေါင်းစားဖို့ရာ၊ တို့ကိုယ်ကျိုး လုံးလုံး မပါ၊ ရဲရဲဗမာပီပီ၊ ဗမာပြည်တို့ဗမာဘို့ပါ xxx
သခင်ကျင့်ကို ကျင့်ကြပါ၊ သခင်မျိုးဟေ့ တို့ဗမာ၊ မိုးအောက်မြေပြင်မှာ အထက်တန်းစိတ်နဲ့ စာမရီသွေး တို့ဗမာ xxx

(ကမ္ဘာမကြေ၊ ဗမာတတွေ၊ ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါငါတို့ပြေ) ၂ xxx (ဒါတို့ပြေ၊ ဒါတို့မြေ၊ ဒါ – ငါတို့ပြေ) ၂ xxx တို့ဗမာ … တို့ဗမာ ပြေ ကို တိုင်းရင်းသါး အကုန်အစင်၊ တို့ပြေလို့ မှတ်ထင်၊ တို့ဝတ္တရားပင်၊ တို့ဗမာသခင် xxx



ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။

 

စာစီစာရိုက် – မျိုးဇော်

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts