ကျော်သူ နဲ့ နာရေးကူညီမှုအသင်း

အလှူတော်မင်္ဂလာ ပြည်ခရီးစဉ်

ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
မတ်လ ၁၁၊ ၂၀၁၂

ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်ရှိ “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိယပွဲတော်၊ ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ၊ မြတ်စွယ်တော်အပူဇော်ခံပွဲ၊ သစ်သီဆွမ်းကပ်လှူပူဇော်ပွဲ၊ စုပေါင်းရဟန်းခံရှင်ပြုပွဲ၊ မယ် သီလရှင်ဝတ်ပွဲ၊ မဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲနှင့် နိဗ္ဗာန်ဈေးပွဲတော်တို့ကို ၁.၃.၂၀၁၂ မှ ၇.၃.၂၀၁၂ အထိ (၇) ရက်တိုင်တိုင် ကျင်းပပြုလုပ်သော အလှူတော်မင်္ဂလာပွဲတော်ကြီးသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်မှ ဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများတို့သည် ၆.၃.၂၀၁၂ နံနက် (၇း၀၀) နာရီအချိန်တွင် “ရွှေစင်စင်္ကြာ” ခရီးသွားအထူးယာဉ်ကြီးဖြင့် စတင်ထွက်ခွာခဲ့သည်။

ပြည်မြို့၊ ရွှေပေါက်ပင်တောရကျောင်းတိုက်သို့ နေ့လည် (၁၂း၀၀) နာရီအချိန်တွင် ဆိုဒ်ရောက်ရှိခဲ့ပြီး ခေတ္တခဏအနားယူကြပြီး ညနေပိုင်း တွင် ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီးတို့မှ အသင်းသား/သူများအား ပြည်မြို့ရှိဘုရားစေတီများထံသို့ ပို့ဆောင်ပေးခဲ့ပြီး ည (၆း၀၀) နာရီအချိန်တွင် ရွှေပေါက်ပင်ကျောင်းတိုက်သို့ ပြန်လည်ရောက်ရှိခဲ့ကြပြီးနောက် “ရွှေရန်ပြေဘုရား” ကြီးအား ပန်းပေါင်းတစ်ထောင်ပူဇော်ပွဲကျင်းပခဲ့ပြီး ည (၉း၀၀) နာရီအချိန်တွင် “ရွှေရန်ပြေဘုရား” ဗုဒ္ဓပူဇနိပွဲတော် အထိမ်းအမှတ်အဖြစ် ဂီတဖျော်ဖြေပွဲ အခမ်းအနားတွင်လည်း နာရေးကူ ညီမှုအသင်း (ရန်ကုန်) ရှိဝါသနာရှင် အဆိုတော်များမှလည်း ကုသိုလ်ဖြစ် ပါဝင်သီဆိုခဲ့ကြပြီးနောက် တနေ့တာ ပင်ပန်းနွမ်းနယ်မှုများအတွက် အိပ်စက်အနားယူခဲ့ကြတော့သည်။

၇.၃.၂၀၁၂ နံနက် (၅း၀၀) နာရီအချိန်တွင် သစ်သီးဆွမ်းဆက်ကပ်လှူဒါန်းခြင်း၊ အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခြင်းများပြုလုပ်ခဲ့ကြပြီး ရွှေ ပေါက်ပင် ကျောင်းတိုက်တွင် နယ်အသီးသီးမှ ဒုလ္လဘရဟန်းခံမည့် သံဃာတော်အပါး (၅၀) အတွက် သင်္ကန်း (၅၀) စုံအား နာရေးကူညီမှု အသင်း (ရန်ကုန်) မှ လှူဒါန်းခဲ့ပြီး နောက် ဗုဒ္ဓမြတ်စွယ်တော်ပွားတစ်ဆူအား လှည့်လည်ပူဇော်ပွဲတွင် ဥက္ကဋ္ဌ ဦးကျော်သူမှ သာသနာ့ အလံတော်အားဦးဆောင်လွှင့်ထူကာ စွယ်တော်များအားဆက်ကပ်မည့် ပန်းမာလာများအားဒေါ်ရွှေဇီးကွက်နှင့် အသင်းသား/သူများက ကိုင်ဆောင်ကာ ရွှေပေါက်ပင်ကျောင်းဝင်းအတွင်း ဓမ္မမိတ်ဆွေ ဧည့်ပရိသတ် (၅၀၀၀၀) ခန့်နှင့် စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

နံနက် (၁၀း၀၀) နာရီ အချိန်၌ နိဗ္ဗာန်ဈေးပွဲတော် ဖွင့်ပွဲအခမ်းအနားအား ရွှေပေါက်ပင်ဆရာတော်ကြီးမှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး နိဗ္ဗာန်ဈေး ဆိုင်ခန်းပေါင်း (၂၀၀) ကျော်ရှိခဲ့ရာ နာရေးကူညီမှုအသင်း(ရန်ကုန်)သည်လည်း စတီးပန်းကန်ပြား၊ စတီးသောက်ရေခွက်၊ စတီးမတ် ခွက်တို့အား ကံစမ်းမဲကဒ်ပြား (၆၀၀) နှင့် အမျိုးသမီး (ကြီး/ငယ်) အဝတ်အစား (၃၀၀) အား မဲဖောက်၍ လှူဒါန်းဒါနပြုခဲ့သည်။ ထို့ပြင် နာ ရေးကူညီမှုအသင်း (ရန်ကုန်) ရှိ သုခကုသိုလ်ဖြစ်ဆေးခန်း (ရန်ကုန်) ၏ဆေးခန်းခွဲဖြစ်သည့် ပြည်မြို့ရှိ မိုးမေတ္တာပရဟိတလူငယ်များဦးစီးသော သုခကုသိုလ်ဖြစ် ဆေးခန်း(ပြည်)မှ ဆရာဝန်များ၊ အသင်းသား/သူများ၊ ဝန်ထမ်းများတို့သည်လည်း “ရွှေရန်ပြေ” ဗုဒ္ဓပူဇနိယ ပွဲတော်သို့ လာရောက်ကြသော ဓမ္မမိတ်ဆွေပရိသတ်များ၏ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေး နိုင်ရန်အတွက် ရွှေပေါက်ပင်ကျောင်းဝင်းအတွင်းရှိတည်ဆောက်ဆဲဓမ္မရုံ၌ ဖွင့်လှစ်ကာ ကျန်းမာရေး (အခမဲ့) ကူညီစောင့်ရှောက်မှုများ ပေးလျက်ရှိပါသည်။ ၇.၃.၂၀၁၂ နေ့လည်ပိုင်းတွင် ပြည်မြို့၊ မိုးမေတ္တာ ပရဟိတလူငယ်များ ဦးစီးသည့် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ၏ တိုးချဲ့ဆောင်ရေ စက်ချအလှူတော်နှင့် ဂုဏ်ပြုလွှာပေးအပ်ပွဲအခမ်းအနားသို့ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်၊ အသင်းသား/သူများတက်ရောက်၍ ရေစက်သွန်းချပြီးနောက် သုခကုသိုလ်ဖြစ်ဆေးခန်း (ပြည်) ၏ ထပ်မံတိုးချဲ့ဆောင်အား လှူဒါန်းခဲ့ကြသည့် အလှူရှင် များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီးနောက် ခေတ္တရာမြို့သစ်၊ “ဓမ္မောဒယကျောင်း” ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း ရှိကလေးများအတွက် ဆရာတော်ကြီးအားအဝတ်အထည်များ လှူဒါန်းပေးအပ်ပြီး ဥက္ကဋ္ဌ ဦးကျော်သူမှ အလှူရှင်များအား ကျေးဇူး တင်စကားပြောကြားခဲ့သည်။ ထို့နောက် ပြည်မြို့၊ နာရေးကူညီမှုအသင်း (ပေါင်းတလည်) သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ နိဗ္ဗာန်ယာဉ် တစ်စီး လှူဒါန်းသည့် အတွက် ပေါင်းတလည် နာရေးအသင်းမှ မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပြန်လည်ပေးအပ်ခဲ့ရာ ဥက္ကဋ္ဌ ဦးကျော်သူနှင့်ဇနီး အတွင်းရေးမှူး ဒေါ်ရွှေဇီးကွက်တို့မှ လက်ခံရယူခဲ့ပြီးနောက် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) ရုံးချုပ်သို့ ည (၆း၃၀) နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာခဲ့တော့သည်။

အလှူတော်မင်္ဂလာပွဲ ခရီးစဉ်စ/ဆုံးအတွက် လိုက်လံပို့ဆောင်ပေးခဲ့သော “ရွှေစင်စင်္ကြာ” ခရီးသည်ပို့ဆောင်ရေးမော်တော်ယာဉ်မိသား စုနှင့်တကွ မငြီးမငြူ လိုက်လံပို့ဆောင်ပေးခဲ့သော မော်တော်ယာဉ်အဖွဲ့သားများအားလုံးကို ကျေးဇူးတင်ရှိပြီး မှတ်တမ်းတင်ဂုဏ်ပြုအပ် ပါသည်။ ထိုထိုသော ကောင်းမှုအလှူတော်များသည် နာရေးကူညီမှုအသင်း (ရန်ကုန်) သို့ လှူဒါန်းကြသည့် ပြည်တွင်း/ပ အလှူရှင်များနှင့် နာရေးကူညီမှုအသင်း(ရန်ကုန်) အသင်းသူ/သားများ၏ အများပြည်သူအတွက် အများပြည်သူကောင်းမှု အလှူဒါနပင်ဖြစ်တော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts