မျက်မှောက်ရေးရာ သတင်းပဒေသာ

KIA နဲ့ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပြန်ပြီ

မိုးမခအထောက်တော် အမှတ် ဝဝ၁
မတ် ၈၊ ၂၀၁၂

ယနေ့ တရုတ်ပြည်တွင် တွေ့ရသော   ဦးအောင်သောင်းနှင့် KIA ခေါင်းဆောင် ဦးဆွမ်လွတ်ဂမ် (ဓာတ်ပုံများ – AP)

ဦးအောင်သောင်း ခေါင်းဆောင်သော အစိုးရ၏ ငြိမ်းချမ်းရေး ဖောင်ဆောင်ရေးအဖွဲ့ နှင့် KIA ကိုယ်စားလှယ်များ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ယနေ့ ဆွေးနွေးပွဲ ပြုလုပ်ကြသည်။ နှစ်ဘက်အဆိုပြုချက်များနှင့် ပတ်သက်ပြီး ညှိနှိုင်းရခက်ခဲနေသော်လည်း ဆွေးနွေးပွဲကို မနက်ဖြန်တွင် ထပ်မံ ပြုလုပ်ဦးမည်ဟု ဆိုသည်။

ကချင်ဒေသတွင် ယခင်ကကဲ့သို့ တိုက်ပွဲများ အကြီးအကျယ် ဖြစ်ပွားခြင်း မရှိသော်လည်း နှစ်ဘက် တိုက်ခိုက်မှုများ ဖြစ်ပွားဆဲဖြစ်ကြောင်း သိရသည်။

ကချင်ဒေသ တိုက်ပွဲများနှင့် ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်က ယခုလ ၁ ရက်နေ့ ပြည်ထောင်စုလွှတ်တော် မိန့်ခွန်းတွင် အောက်ပါအတိုင်း ပြောကြားခဲ့သည်။

“တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကိုယ်တိုင် လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေကို ဆက်လက် ညွှန်ကြားထားပြီး ဖြစ်ပါတယ်။ တပ်မတော်မှာ အမိန့်နဲ့ ညွှန်ကြားချက်ဟာ အသက်သွေးကြော ဖြစ်ပါတယ်။ ယနေ့ မပြီးပြတ် သေးတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး တစ်ဘက်နဲ့ တစ်ဘက် လက်ညှိုးထိုး အပြစ်တင်နေရုံနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေ ရပ်စဲသွားမှာ မဟုတ်ပါဘူး။ နိုင်ငံရေး အရ ဆွေးနွေးညှိနှိုင်းနိုင်ဖို့အတွက် ပထမဦးဆုံး နှစ်ဦးနှစ်ဖက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲဖို့ လိုပါတယ်။ ဒီအတွက် ပစ်ခတ် တိုက်ခိုက်မှုတွေ ရပ်စဲ ကြမယ်ဆိုတဲ့ ခိုင်မာတဲ့ အာမခံချက်၊ ကတိကဝတ်တွေ အပြန်အလှန် ထားရှိဖို့ လိုပါတယ်”

ကချင်ဒေသ ငြိမ်းချမ်းရေး မရနိုင်သေးသဖြင့် သောင်းနှင့်ချီသော စစ်ပြေးဒုက္ခသည်များ နေရပ်ရင်း မပြန်နိုင်သေးကြောင်း အစိုးရသတင်းထုတ်ပြန်ချက်များ၊ ကချင်ဒေသမှလာသော သတင်းများအရ သိရသည်။



 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Similar Posts

One thought on “KIA နဲ့ နေပြည်တော်ငြိမ်းချမ်းရေးအဖွဲ့တို့ ဆွေးနွေးပြန်ပြီ

Comments are closed.