လူမှုရှုခင်း သားကြီးမောင်ဇေယျ ခေတ်ပြိုင်အတွေ့အကြုံ

Thargyi Maung Zeya – သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

သီပေါက ပြန်ခဲ့တယ် နဲ့ အခန်းဆက်များ

သားကြီးမောင်ဇေယျ။ မတ် ၆၊ ၂၀၁၂

သို့

ကိုရစ်ရေ …

ရက်စွဲ ၂၉ ဇန်န၀ါရီ၊ ၂၀၁၂

ကျနော် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကို …

မနက်အိပ်ရာထတော့ ၆ နာရီထိုးနေပါပြီ။ အ၀တ်အစားလဲပြီးတာနဲ့ အပြင်ထွက်ဖို့ ပြင်ပါတော့တယ်။ ပထမ မေမေတို့အိမ်၊ ဒုတိယ ကိုခင်မောင်ဝင်းအမေ (ဗိုလ်စက်ရောင်ရဲ့ ဇနီး ဒေါ်ခင်ရီ (ခ) ဖွားမေ) နှစ်လည်၊ တတိယ ဗဟန်းမြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပြုလုပ်တဲ့ နိုင်ကျဉ်း များ ဂုဏ်ပြုပွဲ၊ စတုထ္တ ဦးထင်ကျော်(ဆရာမင်းသုဝဏ်ရဲ့သား) အိမ်ကိုသွားဖို့ အစီအစဉ်ဆွဲလိုက်ပါတယ်။

နောက်မှ သတိရတာက လမ်းထိပ်လက်ဖက်ရည်ဆိုင်(ဖက်ဖူးရောင်) မှာ ကဗျာဆရာ ကိုမှိုင်း နဲ့ ချိန်းထားတာ ကိုပါ။ သူနဲ့ ၇း၀၀ လောက်မှာ လက်ဖက်ရည် အတူ သောက်၊ အလာပ သလာပ ပြောဖြစ်ကြတယ်။ သူက အရင် ဒီဗီဘီ အတွက် ပုံတွေ တင်ပေးနေတဲ့ သူပါ။ အခု ဗီဂျေ အတွက် ပုံတွေ တင်နေပါတယ်။ မဟုတ်မခံစိတ်ပြင်းထန်တဲ့ ရိုးသားတဲ့ ဂီတ သမားတစ်ဦးပါ။ ဒီဗီဘီ အကွဲအပြဲမှာ သူအခက်အခဲတွေကိုပြောတာ စိတ်ဝင်စားစရာပါ။

အရင်ချိတ်ဆက်နေရတဲံ သူတွေ (လက်ရှိ VJ လုပ်နေသူတွေ ) နဲ့ ချိတ်ဆက်ဆက်ရတာ လွယ်ကူချောမွေ့ပေမယ့် သူ့အရုပ်တွေကို လူတိုင်းမြင်အောင် မပြနိုင်တဲ့ အတွက် စိတ်ထိခိုက်ရကြောင်း၊ နောက်ပြီး ဒေါ်စု နေအိမ် အကျယ်ချုပ်က လွတ်လာတုန်းက အရုပ်တွေ အစအဆုံး ရလိုက်ကြောင်း သူကျေနပ်ရင်ခုန်စွာနဲ့ပြောပါတယ်။ DVB အကွဲဟာ အားလုံးအတွက် အလွန်ထိခိုက်ကြောင်း ပြောပါတယ်။ အောက်ခြေက ဒီ/လှုပ် တွေက ယုံကြည်ချက် မျှော်လင့်ချက် တွေနဲ့ လှုပ်ရှားနေချိန်မှာ ထိပ်ပိုင်းက ငွေ ကိုအကြောင်းပြုတဲ့အကွဲအပြဲတွေကြောင့်သူတို့ စိတ်ထိခိုက်ရကြောင်းပြောပါတယ်။ သူပြောတာဟုတ်ပါတယ်။ ဒါမျိုးတွေဟာ လက်တွေ့ဘ၀ တွေမှာ ကြုံတွေ့ရစမြဲပါပဲ။ ဘယ်သူတွေ ဘာတွေ ဘယ်လိုလုပ်လုပ် မိမိ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လုပ်နေဖို့လိုပါတယ်။

နောက်ထပ်သူ့ဆီက စိတ်ဝင်စားစရာ ကောင်းတဲ့စကားတွေကြားရပါသေးတယ်။ အဲဒါက သုစရိယုဝ (သို့) အရက်မသောက်သူများ အသင်း ကိုပြန်ဖွဲ့စည်းဖို့ကြိုးစားနေတဲ့သတင်းပါပဲ။ အဲဒီအသင်းဟာ ၀ိုင်အမ်ဘီအေ အသင်းနဲ့ ပူးပေါင်းပြီး ၁၉၁၁  ခုနှစ်မှာတည်ထောင်ခဲ့တာ အခု နှစ် ၁၀၀ ပြည့်ခဲ့ပြီ လို့သိရတယ်။ ကိုလိုနီ အစိုးရရဲ့ အရက်ရောင်းချ ချက်လုပ် ဖြန့်ဖြူးခွင့် ဥပဒေကို တားမြစ်ပေးဖို့ တောင်းဆိုခဲ့ကြတယ် လို့သိရပါတယ်။

လွန်ခဲ့တဲ့နှစ် နှစ်ဆယ်ကျော်က စစ်အစိုးရက ဒီ/လှုပ် လူငယ်တွေကို တိုက်ခိုက်ဖျက်ဆီးရာမှာ အရက်၊ ဘိန်းဖြူ၊ ဘိန်းမဲ၊ တွေကိုလက်နက်သဖွယ်အသုံးပြုခဲ့တယ်လို့ သူတို့က ဆိုပါတယ်။ ဟုတ်ပါတယ် ကျနော်သီပေါထောင်မှာ တွေ့တဲ့ မူးယစ်မှု့နဲ့ ထောင်ဒဏ် ၆ နှစ် ကျော် အပြစ်ပေးခံနေရတဲ့ မန္တလေး က ကိုကြည်ဆွေဟာ ၈၈ အရေးအခင်းမှာ ၉ တန်းကျောင်းသား ကလေးသာဖြစ်ပါတယ်။ သူဟာ အရေးတော်ပုံ မှာ တက်ကြွစွာပါဝင်ခဲ့သူတဦးဖြစ်ခဲ့တယ်။ စစ်အစိုးရ အာဏာရပြီးချိန်မှာ ဘိန်းဖြူတွေဟာ မန်းန္တလေးမှာ အလွယ်တကူဝယ်ရလို့ စမ်းကြည့်ရာမှ ဘိန်းစားဘ၀ကိုရောက်ခဲ့ရတယ်လို့ကျနော်ကို ကြေကွဲစွာပြောပြပါတယ်။ ကျနော် ဘိန်းစားသာမဖြစ်ခဲ့ရင် အာဏာရှင်ဆန့်ကျင်ရေးမှာ ရှေ့ဆုံးက ပါခဲ့မှာပါလို့ ပြောပါတယ်။

အဲဒီလိုပဲ ဘိန်းမှုနဲ့ ထောင်ကျလာတဲ့ အရွယ်ကောင်း တိုင်းရင်းသား လယ်သမားတွေဟာ လယ်လုပ်ပိုင်ခွင့်ရတားတဲ စစ်ဖက်နဲ့ နီးစပ်တဲ့ တိုင်းတပါးက စီးပွားရေးတရုတ်လူမျိုးတွေရဲ့ ဘိန်းကြွေးခိုင်းစေမှု့ကို ခံခဲ့ရာမှ ယခုလို ဘိန်းစားတွေ ဖြစ်ခဲ့ရကြောင်း ပြောပြပါတယ်။ သူတို့ကို အလုပ်ရှင်က အလုပ်များ ပြင်းပြင်းထန်ထန်လုပ်နိုင်ရန် ၊ အလုပ်က ထွက်မသွားနိုင်ရန် ရည်ရွယ်ပြီး အခုလိုဘိန်းကြွေးပြီး ခိုင်းခဲံကြောင်း သိခဲ့ရပါတယ်။

အခုဆိုရင် သီပေါထောင်မှာ ဘိန်းမှုနဲ့ ထောင်ကျတဲ့ အကျဉ်းသား ၈၀ ရာခိုင်းနူံး ရှိတယ်လို့သိရပါတယ်။ ထက်ဝက်ကျော်ဟာ မြန်မာစာ မတတ်ကြပါဘူး။ သူတို့ရဲ့ တိုင်းရင်းသားစာပေဖြစ်တဲံ့ ရှမ်းစာကိုလည်း စစ်အစိုးရ လက်ထက်မှာ ပေါ်ပေါ်ထင်ထင်သင်ခွင့်မရကြပါဘူး။

 အလားတူပဲ စစ်တပ်နဲ့နီးစပ်တဲ့ သစ်ကုမ္မဏီကြီးတွေအတွက် သစ်ခုတ်လုပ်သားတွေဟာ ဘိန်းကြွေးစေခိုင်းခံရပြီး တရားမ၀င်သစ်တွေကိုခုတ်လှဲပေးရင်း သူတို့ဟာဘိန်းစားဘ၀ကို ရောက်ခဲ့ရတယ်လို့သိရပါတယ်။ အဲဒါတွေ တွေ့မြင်ခဲ့ရတဲ့ ကျနော်ဟာ လူငယ်တွေရဲ့ မူးယစ်ဆန့်ကျင်ရေးစိတ်ကို အသိအမှတ်မပြုဘဲ မနေနိုင်ပါ။

ကျနော်တို့ အနုပညာ အ၀န်းအ၀ိုင်းကလေးဟာ အသောက်အစားကလေးများ ကို အကြောင်းပြုပြီး မကြာခဏ ဆုံစည်းကြပါတယ်။ ကျနော်တို့ အုပ်စုကလေးကို နယ်စည်းမခြား အရက်သမားများအဖွဲ့ လို့ လူသိများကြပါတယ်။ ကျနော်ထောင်က ထွက်လာတော့ ကိုသန်းအုန်း (မိုးဝေ ) ၊ ကဗျာဆရာ ကိုလှသန်း တို့လည်း မရှိကြတော့ပါဘူး။ ကိုသုမောင်၊ ကိုဝဏ္ဏ  တို့လည်း မရှိကြတော့ဘူး။ ကျနော်လည်း ထောင်က ထွက်လာပြီးကတည်းက သွား တွေမရှိတော့လို့ အရည်ကလေးများကိုသာ မှီဝဲမယ်လို့ စိတ်ကူးယဉ်ခဲ့တာ အခုခြေထောက်တွေ ယောင်နေလို့ ယမကာ အရည်ကလေးများကိုလည်း မမှီဝဲရဲတော့ပါဘူး၊ ကျနော်ရှေ့ မှာ ပန်းချီဆရာတွေဖြစ်ကြတဲ့ ၀င်းမော်ဟန်၊ ကေမျိုး၊ မျိုးဝေ တို့ကလည်း အသက်လဲပြီး ကျနော်တို့ကို သင်္ခန်းစာတွေ ပေးခဲ့ကြတယ် မဟုတ်ပါလား။

အခုအချိန်မှာ ဘက်ပြောင်းသူတွေ၊ ပါတီပြောင်းသူတွေ၊ အဖွဲ့ပြောင်းတာတွေ အတော်ကလေး ခေတ်စားနေတော့ ကျနော်လည်း နယ်စည်မခြား အရက်သမားများအဖွဲ့ကနေ သုစရိယုဝ အသင်းကိုပြောင်းမလားလို့ စိတ်ကူးနေမိတယ်။ ကျနော်က အသောက်စွမ်းရည်တွေ ကျလာတော့ အဲဒီအဖွဲ့မှာ အီးစီ မဖြစ်နိုင်တော့မယ့်အတူတူ သုစရိယုဝ အသင်းကိုပြောင်းလိုက်ရင် အနည်းဆုံး အရက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်သူများအဖြစ်တော့ အကြိုဆိုခံရမှာသေခြာတယ်မဟုတ်လား။

ဟော …   ဒီစာရေးနေရင်း အခုမှ သတိရတယ်။ ကျနော်တို့ နယ်စည်းမခြား အရက်သမားများ အဖွဲ့က ဂုဏ်ပြုမလို့တဲ့ လှိုင်သာယာက ကဗျာဆရာ ဟိန်းမြတ်ဇော်အိမ်မှာ ဒီမနက်ချိန်းထားကြတယ်။ သွားလိုက်ဦးမယ် ကိုရစ်ရေ ၊ ပြန်လာမှ ဆက်ရေးမယ်နော်။    ။

သားကြီးမောင်ဇေယျ   

(ဇန်န၀ါရီ ၂၉ ၊ ၂၀၁၂)

(စာတည်း၏ ဖြည့်စာ – သားကြီးမောင်ဇေယျ ကို စစ်အစိုးရက ၂၀၁၀ ခုနှစ် ဧပြီမှာ သူ၏သား စည်သူဇေယျနှင့်အတူ ဖမ်းဆီးခဲ့သည်။ ပြည်ပက အဖွဲ့အစည်းများ၊ လူများနှင့် ဆက်သွယ်မှုကို အကြောင်းပြုပြီး အမှုဆင် ထောင်ချခဲ့သည်။ ၂၀၁၂ ဇန်န၀ါရီ ၁၃ မှာ ၂ ဦးစလုံး ပြန်လည်လွတ်မြောက်လာခဲ့သည်။ အကျဉ်းထောင်က လွတ်မြောက်လာပြီး ပေးပို့သည့်စာကို မိုးမခမှာ ကလောင်အမည်အတိုင်း တင်ဆက်ခြင်း ဖြစ်ပါသည်။ စာရေးဆရာများက သူတို့ကလောင်အမည်အတိုင်း ပေးပို့လာက ထိုအတိုင်း တင်ဆက်မှာ ဖြစ်ပါသည်။ ပြည်တွင်းကလောင်နံမယ်တွေကို ပြည်တွင်းက အာဏာပိုင်များကဲ့သို့ ဆင်ဆာဖြတ်ခြင်းမျိုး မပြုချင်ပါ။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts