ရသဆောင်းပါးစုံ

ရဟန်းတော်များနှင့် နိုင်ငံရေး

မောင်စွမ်းရည်
မတ်လ ၅၊ ၂၀၁၂

ဒီနေ့ ကျနော်ပြောမှာကတော့ ရဟန်းတော်များနှင့် နိုင်ငံရေးဆိုတဲ့ စာအုပ်ကလေးတအုပ်အကြောင်းဖြစ်ပါတယ်။ ဒီစာအုပ်ကလေး ၂၀၁၂ ဇန်န၀ါရီလက ထုတ်ဝေလိုက်ပါတယ်။ စီစဉ်ထုတ်ဝေသူကတော့ အမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်၊ ယူတီကာမြို့ ပြည်ပရောက် မြန်မာရဟန်းတော်များအဖွဲ့ အရှင်ပညာနန္ဒဖြစ်ပါတယ်။ အရှင်ပညာနန္ဒဟာ ဒီစာအုပ်ရဲ့ သံတိုင်နောက်က မှတ်တမ်းများဆိုတဲ့ စာအုပ်တအုပ်ကိုလဲ အရင်နှစ် ၂၀၁၀ ဇန်န၀ါရီက ထုတ်ဝေခဲ့ပါသေးတယ်။ အဲ့ဒီစာအုပ်ကိုလဲ ခုအခါ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထုတ်ဝေလိုက်ပြီ ဖြစ်ပါတယ်။

သံတိုင်နောက်က မှတ်တမ်းများ Note From Behind the Iron Bar စာအုပ်မှာတော့ အစိုးရစစ်တပ်က ရဟန်းသံဃာတွေကို ဘုန်းတော်ကြီးကျောင်းတွေမှာ အကြမ်းဖက်စီးနင်းဝင်ရောက်ဖမ်းဆီးပြီး အကျဉ်းထောင်ထဲမှာ အကျဉ်းသားဝတ်စုံလဲစေပြီး ရိုင်းရိုင်းစိုင်းစိုင်း ဆဲရေးကြပုံ၊ နှိပ်စက်ညှဉ်းပန်းကြပုံ၊ ရဲဘက်အလုပ်ကြမ်း၊ စခန်းတွေမှာ ခြေထိတ်လက်ထိတ်ခတ်ပြီး ကျွဲနွားလို ခိုင်းစေကြပုံတွေကို ဖတ်ရက်စရာမရှိအောင် ရေးသားဖော်ပြထာကြပါတယ်။

ခုဒီစာအုပ်သစ်မှတော့ ရဟန်းတော်တွေ ဘာကြောင့်နိုင်ငံရေးလုပ်ကြရသလဲဆိုတာကို ဗုဒ္ဓအစဉ်အလာ ရဟန်းအစဉ်အလာများနဲ့တကွ တရားတော်များနဲ့ အညီ ကိုးကားရေးသားထားကြတာကို ဖတ်ရပါတယ်။ အားလုံးရဟန်းရှင်လူ ဒကာ ဒကာမ ၂၆ ဦးရဲ့ ဆောင်းပါးများပါရှိပါတယ်။ စာနယ်ဇင်းတွေထဲမှာတော့ စစ်အစိုးရအလိုက ဖွဲ့စည်းထားတဲ့ သံဃနာယာကအဖွဲ့ဝင်အချို့ ဆရာတော်ကြီး များက ရဟန်းတော်တွေမှာ ၀ိပဿနာဓူရ၊ ဂန္ဓဓူရဆိုပြီး ရဟန်းကိစ္စနှစ်ဓူရ ကိုဖော်ပြ ညွှန်ကြားတော်မူကြပါတယ်။ ရဟန်းတော်များဟာ ဗုဒ္ဓစာပေသင်ယူတာနဲ့ တရားကျင့်ကြံအားထုတ်တာ နှစ်မျိုးပဲလုပ်သင့်တယ်။ နိုင်ငံရေးမလုပ်ရလို့ ဆိုလိုပါတယ်။ တကယ်ဆိုတော့ မြတ်စွာဘုရားကိုယ်တော်တိုင် နိုင်ငံရေးပါမက လောကလူသားများ အရေးကို ပရိနိဗ္ဗာန်စံခါနီးအထိ ဟောကြားကျင့်ဆောင်ခဲ့ကြောင်းကို ဗုဒ္ဓစာပေ အစဉ်အလာ၊ နိုင်ငံသမိုင်းအစဉ်အလာများနဲ့တကွ ပြန်လည်ရှင်းလင်းတင်ပြထားကြတာဟာ အလွန်ကျိုးကြောင်းပေါ်လွင်ထင်ရှားလှတဲ့အတွက် ရှင်ရဟန်းများသာမက နိုင်ငံခြားသား၊ ဘာသာခြားများပါ ဖတ်ရှုသင့်တဲ့ ဆောင်းပါးတွေဖြစ်ပါတယ်။

မြတ်စွာဘုရားဟာ သိဒ္ဒတ္ထမင်းသားဘ၀မှ စကြာဝတေးမင်းကြီးအထိဖြစ်နိုင်တဲ့ အခွင့်အရေးကို စွန့်လွှတ်ပြီး သတ္တ၀ါအားလုံးကို ကယ်တင်ဖို့ တောထွက်ပြီး ဒုက္ကရစရိယာကျင့်ခဲ့တာဖြစ်ပါတယ်။ မြတ်စွာဘုရားဟောကြားတဲ့ စရိယတရားသုံးပါးမှာ
၁။ ဗုဒ္ဓတ္ထစရိယ
၂။ ညာတတ္ထစရိယ
၃။ လောကတ္ထစရိ ရယ်လို့ ရှိပါတယ်။ ရဟန်းတို့အနေနဲ့ လောကလူသားတို့အကျိုးကို ဦးစွာဆောင်ရွက်ပါ။ ပြီးမှ ဆွေးမျိုးဉာတကာတို့အကျိုးကို ဆောင်ရွက်ပါ။ နောက်ဆုံးကျမှ မိမိကိုယ်ကျိုးဖြစ်တဲ့ ဗုဒ္ဓတ္ထစရိယကို အားထုတ်ဆောင်ရွက်ပါလို့ အတိအလင်းဟောကြားကျင့်ဆောင် တော်မူခဲ့ကြောင်း နိုင်ငံရေးလို့ အတိအကျထောက်ပြနိုင်တာကတော့ လောဟီနီမြစ်ရေလုပွဲမှာ နှစ်ဖက်သော သာကီဝင်မင်းများ စစ်ဖြစ်ပြီး သွေးချင်းစီးကြမယ့်အရေးကို ဘုရားရှင်ကိုယ်တော်တိုင် အချိန်မီကြားဝင်စေ့စပ်ပြီး ညီညွှတ်ရေးနဲ့ ငြိမ်းချမ်းရေးတရားကို ဟောပြဆုံးမတော်မူခဲ့လို့ အများပြည်သူတို့ စစ်မက်ဘေးက လွှတ်ကင်းခဲ့ဖူးကြောင်းတို့ကို ထောက်ပြထားကြပါတယ်။

မြန်မာ့သမိုင်းအစဉ်အလာအရ ပြည်သူများဟာ ဘုရားရဟန်းများကို ကျောင်းသင်္ကန်း၊ ဆွမ်းဆေးပစ္စည်းလေးပါး လှူဒါန်းထောက်ပံ့ကြပြီး ရဟန်းသံဃာများက ဗုဒ္ဓဘာသာကို စောင့်ရှောက်ရင်း ပြည်သူ့သားသမီးတွေကို စာပေနှင့်တကွ ယဉ်ကျေးမှု ဓလေ့ထုံစံများပါ သင်ကြားပြလာခဲ့ကြကြောင်း၊ ပွဲကျောင်းဆရာတော်တချို့မှာ ရှေးခေတ်လိုအပ်ချက်အရ မြင်းစီးလှံထိုးအပါအ၀င် စစ်ပညာများကို သင်ကြားပေးကြကြောင်း၊ ဘက ခေါ် ဘုန်းကြီးကျောင်းပညာရေးကို ဗိုလ်နေ၀င်းလက်ထက်ဖျက်ဆီးခဲ့ကြောင်း၊ သမိုင်းမှာ ရှင်ဒိသာပါမောက္ခ၊ သံသကူမထေရ်မြတ်နဲ့ သကြိုသူမြတ်တို့ဟာ ပြည်သူတို့ရဲ့ ငြိမ်းချမ်းရေး ညီညွှတ်ရေးအတွက် ဆောင်ရွက်ခဲ့တဲ့ လမ်းပြဆရာတော်ကြီးများအဖြစ် သမိုင်းတွင်ရစ်ပြီး အရှင်ဥတ္တမနဲ့ ဦးဝိစာရကိုယ်တော်ကြီးတို့ဟာ ကိုလိုနီကျွန်ဘ၀လွတ်မြောက်ရေးကို ထောင်တန်းအကျခံ၊ အသက်ပေးဆောင်ရွက်တော်မူခဲ့ကြောင်း စသဖြင့် လောကီလောကုတ္တရာနှစ်ဖြာသော အထောက်အထားတွေပြပြီး ရေးသားထားကြကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်ခင်ဗျား။ ကျနော် မောင်စွမ်းရည်ပါ။

ဗွီအိုကေ သက်ကြီးစကား သက်ငယ်ကြားအစီအစဉ်မှ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts