သူတို့အာဘော်

Maung Yit – အယ်ဒီတာ့လက်ရေး (၈)

 

အယ်ဒီတာ့လက်ရေး (၈)

မောင်ရစ်၊ ဖေဖော်ဝါရီ ၂၉ ၊ မတ် ၂။ ၂၀၁၂

(အပြောင်းအလဲဆိုတာ တကယ်ပဲလား)

စာရေးကြဲတဲ့ ကိစ္စ

ပင်တိုင်ဆောင်းပါးရှင်တွေနဲ့ သတင်းသမားတွေ စာရေးကြဲလာတယ်။ တချို့ကတော့ ပြည်တွင်းမှာ စိတ်ကြိုက်ရေးခွင့်ရနေလို့ ပြည်ပထွက်ပြီး စာမရေးတော့ဘူး၊ ကြိုက်ရင် ပြည်တွင်းကစာတွေကို ပြန်ပြီး ကူးပြီးသာ တင်လိုက်ပေတော့လို့တောင် ပြောလာကြပြီ။ ကျနော်တို့ကလည်း ပြောပါတယ်။ ပြည်ပကစာတွေ ကြိုက်ရင် ပြည်တွင်းမှာလည်း ကော်ပီအင့်ပေစ်လုပ်ပြီး ပြန်တင်ကြတာပေါ့လို့။

ပြည်တွင်းက အယ်ဒီတာတွေနဲ့ တွေ့တုန်းကပြောဖြစ်တယ်။ တကယ်သာ လွတ်လပ်ရေး (ဆိုတာ) ရသွားရင် စာနယ်ဇင်းဈေးကွက်က ပြည်တွင်းမှာပဲ ရှိတော့မှာတဲ့။ ပြည်ပမှာ မဟုတ်ဘူး ဆိုပဲ။ တကယ်တန်းဖြစ်သင့်တာက ပြည်တွင်းနဲ့ ပြည်ပ စာနယ်ဇင်းနယ်ပယ်တွေ ပေါင်းပြီးတော့ ပိုပြီး ကျယ်ပြန့်တိုးချဲ့သွားရမှာ။ အတွင်းကလည်း အပြင်ထွက်ရေး၊ အပြင်ကလည်း အတွင်းဝင်ရေးပေါ့။ သို့သော်လည်း လောလောဆယ်မှာတော့ အတွင်းကော အပြင်ကော စာရေးနဲနဲ ကြဲလာကြတယ်။ ဘာတွေများကြောင့် လက်နှေးနေကြပါလိမ့်ဆိုပြီး တွေးနေမိရဲ့။

၂ ဖက်ညှပ်တာ ဇာဂနာ

            ကိုဇာဂနာ ပြည်ပခရီးထွက်လာတော့ မြန်မာမိသားစုတွေက ၀မ်းသာအားရ ကြိုဆိုကြတယ်။ သူ့ရဲ့ ရုပ်ရှင်ပွဲတော် ပြသမှုတွေ မိတ်ဆက်မှုတွေလည်း အောင်မြင်တယ်ဗျာ။ လူရွှင်တော်ဘ၀မှာကတည်းက ဝေဖန်တာ သရော်တာ လက်သံပြောင်တဲ့သူဆိုတော့ ပြည်သူတွေက ချစ်တယ်၊ သူ ပြောဆို ဝေဖန်တာတွေကို ချစ်သူလည်းရှိ၊ မျက်စိစပါးမွှေး စူးသူလည်း ရှိပေါ့ဗျာ။

            သူနဲ့ အင်တာဗျူးမှာ မြန်မာပြည်က ဘာတွေ သယ်လာသလဲဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ထားဖူးတော့ သူပြန်တဲ့အခါ အမေရိကန်က ဘာတွေ သယ်သွားမလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လုပ်ချင်တယ်လို့ ပြောဖြစ်ပါတယ်။

ပြီးတော့ ခင်ဗျားတဦးကို ပတ်စ်ပို့တွေ ဘာတွေနဲ့ ပြည်ပကို သွားဖို့ စစ်အစိုးရက (နှုတ်ကျိုးနေလို့ စစ်အစိုးရလို့ သုံးမိတယ်၊ ဟဲဟဲ) ခွင့်ပြုတယ်။ သူများတွေကို ပတ်စ်ပို့လျောက်တာ ၁ နှစ်စောင့်ကြည့်မယ် ဘာညာနဲ့ ခင်ဗျားက ဘာမို့လဲလို့လဲ မေးမိပါသေးတယ်။ သူဖြေတာတခုကတော့ သူ့ကို ပြည်ပလွှတ်လိုက်တော့ စစ်အစိုးရ နာမည်ကောင်းရတယ်၊ ဇာဂနာကို နိုင်ငံတကာကို ထွက်ခွင့်ပေးတယ်၊ မပိတ်ဆို့ဘူးပေါ့။ အဲ ဇာဂနာက ပြည်ပရောက်ပြီး မပြန်တော့ဘူးဆိုရင်လည်း စစ်အစိုးရပဲ နာမည်ကောင်းရမယ်။ သူတို့က ခွင့်ပြုနေတဲ့ကြားက သူလိုလူမျိုးက ပြန်မလာဘူး။ တွေ့လား ဆိုတမျိုး။ အင်း … သူ ပြန်မှပဲ ဖြစ်တော့မှာ။

ပြန်တဲ့အခါကျရင် ဧပြီလနား ကပ်နေပြီဆိုတော့ သင်္ကြန်မှာ ဘာလုပ်မလဲ မေးကြည့်တယ်။ ဧပြီလ မြန်မာရိုးရာသင်္ကြန်ပွဲတော်မှာ ဟိုးခေတ်အဆက်ဆက် ခေတ်စားခဲ့ပြီး စစ်အစိုးရ ပိတ်ဆို့ခဲ့တဲ့ သံကြပ်ထိုးတဲ့ သံကြပ်ကား (သံချပ်ကား မဟုတ်) နဲ့ လှည့်လည်ဖျော်ဖြေတာတွေ လုပ်မယ်တဲ့ ခင်ဗျ။ ၂၀၀၆ ခုနှစ်မှာ မြန်မာပြည်မှာ သံကြပ်စင်မြင့်တွေ၊ သံကြပ်ထိုးတာတွေ မရှိတဲ့အကြောင်း ဝေဖန်ခဲ့လို့ အပိတ်ခံခဲ့ရသူက သံကြပ်ပွဲတော်တွေ ပြန်လည် ထွန်းကားအောင်၊ လွတ်လပ်စွာ ပြောရေးဆိုခွင့်ကို တိုးချဲ့လေ့ကျင့်မယ်လို့ သူ့စိတ်ကူးကို ပြောတာအတွက် ၀မ်းမြောက်မိပါတယ် ခင်ဗျား။

သမ္မတကြီးခင်ဗျာ အဝေးကြီးက လာရရှာတယ်

            ကိုဇာဂနာတင်သာမကဘူး၊ မြန်မာပြည်မှာ သံကြပ်ပညာရှင်တွေ အများကြီးပဲ။ သူတို့တတွေသာ သင်္ကြန်ပွဲတော်မှာ စင်မြင့်တွေပေါ် တက်လာကြရင် အလွန် ပျော်ရွှင်စရာကောင်းမယ်။ မြန်မာခရီးသွားနှစ်ကို ဧပြီမှာလုပ်။ ပြည်ပရောက် မြန်မာတွေကလည်း အကုန်ပြန်လာလိမ့်မယ်။ သင်ကန်းတွေ ဘာတွေ ဆီးကြမှာထက် ဒီမိုကရေစီသင်္ကြန် ၀င်ကျ လိမ့်မယ် ထင်တာပဲ။

နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်က ၁ နာရီကျော်ကြာတဲ့ မိန့်ခွန်းတွေ ပြောတဲ့အထဲမှာ ဧပြီလမှာ လွတ်လပ်စွာ သင်္ကြန်ကျခွင့်၊ သံကြပ်ပွဲတော် ဆင်နွှဲခွင့် ပေးမယ် မပြောဘဲ Burma Spring တို့ Myanmar Spring တွေ လျောက်ပြောနေတာ အတော် ခွကျတာပဲ။ ဘယ်နှယ့် မြန်မာပြည်မှာ နွေခေါင်ခေါင် ရောက်နေပြီ။ Spring တွေ ဘာတွေ လုပ်နေသေးတယ်။ သမ္မတကြီးခင်ဗျာ အရှေ့အလယ်ပိုင်းက သွေးချောင်းစီးပြီး တော်လှန်နေတဲ့ Arab Spring ကို မြန်မာမှုပြုပြတာလေးတော့ ကြိုက်မိပါသော်လည်း Myanmar Summer / Burma Summer ရဲ့ အနှစ် ဘားမားသံစ်ဂျပ်စ် ဆိုတာကိုသာ ခွင့်ပြုလိုက်ပါလို့ ပြောချင်တယ် (နော် ကိုဇာဂနာရေ …)

သံကြပ်သာ ထိုးခွင့်ရရင် … “သိန်းစိန်ကြီးလဲ ဇိမ်ပဲ၊ သန်းရွှေကြီးလဲ ဇိမ်ပဲ … ” လို့ ထိုးပစ်လိုက်မှာ။

အကြံချည်းပဲ ပေးတာ ကောင်းလို့လား

            နိုင်ငံခြားက အစိုးရမဟုတ်တဲ့ အကူအညီအထောက်အပံ့အဖွဲ့တွေက မြန်မာပြည်ကို ၀င်ရောက်လာဖို့ စိုင်းပြင်းနေကြတယ် ပြောတယ်။ မြန်မာပြည်မှာ civil society ဖြစ်အောင် ထူထောင်ပေးကြဖို့လို့ ပြောတယ်။ နည်းပညာတက္ကသိုလ်က civil (မြို့ပြအင်ဂျင်နီယာ) ကျောင်းသားတွေက နားကြားတွေလွဲပြီး ပျော်နေလို့ နင်တို့ civil  တွေကို ပြောတာမဟုတ်ဘူးလို့ ရှင်းပြနေရပါသဗျာ။ တကယ်တန်းက democratic civil society ပေါ့။ ဒီမိုကရေစီနည်းကျသော လူမှုအဖွဲ့အစည်းတွေဖြစ်အောင် ၀ိုင်းထူထောင်ကြဖို့ ဆိုပဲ။ လက်ရှိ လုပ်ကိုင်နေတဲ့ အစိုးရက လူတွေ မဟုတ်တာ ကြနေတာပဲ။

            ကြားဖူး နားဝတခုကတော့ open society institute တို့ NED တို့ ဆိုတဲ့ အဖွဲ့အစည်းကြီးတွေလိုမျိုးတွေက ဟိုတချိန်တုန်းက အာဖရိကတိုက်က နိုင်ငံတခု ဆိုလား၊ ၂ ခု ဆိုလားမှာ အစိုးရတွေက အဂတိလိုက်စား၊ အကျင့်ပျက်၊ ခြစား၊ ပျက်စီးလွန်းလို့ ပြုပြင်တဲ့ အနေနဲ့ အစိုးရ၀န်ထမ်းလစာတွေကို သူတို့အဖွဲ့ကြီးတွေက ထိုက်ထိုက်တန်တန် ၀င်ပြီး စိုက်ထုတ်ပေးဖူးတယ် ဆိုပဲ။ မင်းတို့ လာဘ်မစားနဲ့၊ ခွင်မဖန်နဲ့ပေါ့ဗျာ။ ရော့ ဒီမှာ လစာကို ဒေါ်လာနဲ့ ယူ ဆိုတာမျိုးပေါ့။ နောက်တော့ ဘာဖြစ်သွားလဲ မသိဘူး။

            ဦးသိန်းစိန်ကြီး အပြောအရ မြန်မာပြည်မှာ ၀န်ထမ်းက ၃ % ပဲ ရှိတာဆိုတော့ သိပ်အများကြီးမဟုတ်ပါဘူး။ ဒေါ်လာနဲ့ ထိုက်ထိုက်တန်တန် ပေးလို့ လောက်နိုင်ကောင်းရဲ့။ ဒါဆိုရင် အဲသည်ဝန်ထမ်းတွေလည်း “ရိုးသား၊ ကြိုးစား၊ လုပ်အားဖြင့် နိုင်ငံတည်” ဖြစ်လာတော့မှာပေါ့နော်။ ဒါဆိုရင် ကျန်တဲ့ ၉၇ % က တိုင်းပြည်ကို ဖျက်နေသူတွေ ဖြစ်ကုန်မယ်။ ဒါဆိုရင် သွေးခွဲလာသူ ဒို့ရန်သူပေါ့။ ဟုတ်လား။

ပြည်ပအားကိုး ပုဆိန်ရိုး အဆိုးမြင်ဝါဒီများ ဆန့်ကျင်ကြ

            ဒါကို ရေးဖို့ အကြိမ်ကြိမ် ကြိုးစားတယ်။ စာဖတ်ပျင်းတော့ အချက်အလက်တွေကို အယုံသွင်းနိုင်လောက်အောင် မကြံဖန်နိုင်တော့ မရေးဖြစ်ဘူး။ သို့သော်လည်း အဲသည်လက်ရေးကဏ္ဍမှာ ထိတို့ထားခဲ့မှဖြစ်မယ်ဆိုပြီး ရေးလိုက်မယ်ဗျာ။

            ပါကစ္စတန်က စစ်အာဏာပိုင်တွေဟာ အတော်ကို လည်လည်ဝယ်ဝယ်ရှိတယ်။ အမေရိကန်ကြီးကို ၂ ပတ် ၃ ပတ် လှည့်ထားနိုင်တယ်။ အကြမ်းဖက် အစွန်းရောက်တွေကို နှိမ်နှင်းချင်နေတဲ့ အမေရိကန်တွေ ဆီက ငွေကြေး၊ နည်းပညာနဲ့ စစ်လက်နက် အကူအညီတွေကို ၂၀၀၂ ကတည်းက ရယူနိုင်တယ်။ ဘီလျံပေါင်းများစွာ။ အိမ်နီးချင်းအာဖဂန်ပြည်က အကြမ်းဖက်မင်းမဲစရိုက်တွေကို တိုက်ဖို့ စစ်အခြေစိုက်စခန်းအဖြစ် အသုံးတော်ခံရင်း တဖက်ကလှည့်ပြီးတော့ အဲသည်အကြမ်းဖက်တွေနဲ့ အိုစမာဘင်လာဒင်ကိုယ်တိုင်ကိုပါ ပါကစ္စတန်ပြည်တွင်းမှာ လက်ခံထားတာ ၂၀၁၁ ကျမှ အမေရိကန်က ရိပ်မိပြီး ပါကစ္စတန်စစ်တက္ကသိုလ်နားက ဘင်လာဒင် ပုံးခိုကျင်းကို ၀င်စီးပြီး ရှင်းလင်းခဲ့ရတယ်။ (ခုချိန်ထိ ပါကစ္စတန်စစ်အာဏာပိုင်တွေက မျက်စိမှိတ်ငြင်းတုန်းဗျာ။ သူတို့ မသိဘူးတဲ့)

            အမေရိကန်ဖြစ်စေချင်တဲ့ နိုင်ငံတော် အပြောင်းအလဲဖြစ်အောင် စစ်ဗိုလ်ချုပ်ကြီး မူရှာရပ်ဖ်က သမ္မတကြီးတာဝန် (၂၀၀၁ – ၂၀၀၈)ထမ်းဆောင်ရင်း အသုံးတော်ခံခဲ့တယ်။ အဲသည်မှာ ပြည်နှင်ဒဏ်ခံထားရသူ ၀န်ကြီးချုပ်ဟောင်း ဘနီဇာဗူတို (၁၉၈၈ – ၉၀) (၁၉၉၃-၉၆)  ကို ၂၀၀၈ ရွေးကောက်ပွဲဝင်ဖို့ အမေရိကန်နဲ့ အနောက်အုပ်စုဆန္ဒအတိုင်း လက်ခံနေရာပေးခဲ့တယ်။ ၂၀၀၇ ဒီဇင်ဘာမှာ ဗူတို အကြမ်းဖက်တွေရဲ့ လုပ်ကြံသတ်ဖြတ်မှု ခံရတယ်။ မူရှာရပ်ဖ်က အဲသည်လုပ်ကြံမှုမှာ တစုံတရာ ပတ်သက်နေတယ်၊ ပေါ့လျော့တယ်လို့ စွပ်စွဲခံရတယ်။ သူက ၂၀၀၈ သြဂုတ်မှာ ရာထူးက ထွက်တယ်။ နောက်ပိုင်းမှာ သူ့ကို ပါကစ္စတန်အစိုးရက အရေးယူ တရားစွဲဖို့ ပြင်ဆင်တော့ ၂၀၁၁ မှာ တိုင်းပြည်က စွန့်ပြီး ဗြိတိန်မှာ ပြည်ပြေးနေလေရဲ့။

            ပါကစ္စတန်ဟာ အရပ်သားအစိုးရတက်နေသော်လည်း စစ်အာဏာပိုင်တွေရဲ့ လက်ထဲမှာ တိုင်ြး့ပည်ကြမ္မာရှိနေတယ်လို့ လူတွေက သုံးသပ်ကြတယ်။ လက်ရှိမှာလည်း စစ်တပ်ဟာ အကြမ်းဖက်တွေ၊ အစွန်းရောက်တွေနဲ့ အာဖဂန်နဲ့ အိန္ဒိယတို်င်းပြည် တည်ငြိမ်ရေးတွေကို နှောက်ယှက်နေတယ်လို့ ပြောနေကြတာပဲ။

            အမေရိကန်ကြီးကတော့ ပါကစ္စတန်အစိုးရနဲ့ စစ်အာဏာပိုင်တွေကို မျက်နှာပြောင်တိုက်ပြီး မုန့်ပေးလိုက် တုတ်ကြွေးလိုက်နဲ့ ဆက်ဆံနေသည်မှာ အတော်ကို အိုက်တင်ကောင်းတယ် လို့ ပြောချင်တယ်။ အင်း … ပါကစ္စတန်ပြည်သူတွေကတော့ မျှော်လင့်ချက် မနက်ဖြန်ပေါ့လေ။

            ပါကစ္စတန်မှာ Spring ရှိမရှိမသိဘူး။ အဆိုးမြင်ဝါဒီတွေတော့ အတော်ရှိတယ် ထင်တာပဲ။

            အင်း … … …


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

3 thoughts on “Maung Yit – အယ်ဒီတာ့လက်ရေး (၈)
  1. Thank you Mr. Maung Yit for a great satire which is very funny whilst revealing all the truths…..

  2. မောင်ရစ်ရေးတာတွေဖတ်လို့ ကောင်းတယ်၊ မှတ်သားဘို့ လည်းကောင်းတယ်။ ဒါပေမဲ့ဆရာလုပ်တယ်လို့  လည်းမထင်ပါနဲ့ ၊ ကျနော်တို့ နယူးဇီလန်မှာ Civil Reunion ဆိုတဲ့စကားလုံးကို ပါလီမန်ကအတည်ပြု့ ပေး လိုက်ပါတယ်။ အဆိုပြု့ တာကတော့ အမျိုးသမီးဝန်ကြီးချုပ် (တချို့ ကပြောတယ် အဲဒီ့ဝန်ကြီးချုပ်က
    နှစ်ဖက်ချွန်ကြီးတဲ့၊ ယောက်ျားလည်းရှိတယ်၊ မိန်းမလည်းရှိတယ်တဲ့၊ အမှန်ကိုတော့ကျနော်မသိပါ)။ နည်းပညာတက္ကသိုလ်က civil (မြို့ပြအင်ဂျင်နီယာ) ကျောင်းသားတွေကိုပြန်လည် ပေါင်းစည်းရေးလို့  အဓိပ္ပယ်မဖွင့်ပါနဲ့ ခင်ဗျား။ သူ့ မူရင်း ကတော့ လိုင်တူချစ်သူများမင်္ဂလာဆောင်ခြင်းကို ပါလီမန်က အတည်ပြု့ ဥပဒေပြဌာန်းခြင်းဖြစ်ပါတယ်။ အကယ်၍များ Civil Spring ဆိုတဲ့ဝေါဟာရများပေါ်လာရင်
    နှစ်ဖက်ချွန်မြို့ ပြအင်ဂျင်နီယာ ဆိုပြီးအဓိပ္ပယ်ဖွင့်ဦးမှာလား မောင်ရစ်ရယ်။ ကျနော်ကတော့ စာတွေ့ ရော လက်တွေ့ ပါထူးချွန်တဲ့ မြို့ ပြကျောင်းသားများလို့ သာဂုဏ်ပြုခြင်ပါတယ်။

  3. @ Koung Nyunt,
    Look!! What is your point?? You mean that civil engineers are excellent in both academically and practically!!
    I think that Maung Yit does not mean what you understand. You got to know that all of us need to have general knowledge as well, apart from academic and practical ability so as to be labelled as educated persons, right??? Please bear in mind if you want to show off how much you know or where you live, you can say somewhere, but please don’t exploit other’s work, especially in Burma’s affairs…We all are living in western countries, not only you, I mean, we all know that all those things…

Comments are closed.