ဓာတ်ပုံသတင်း မိန့်ခွန်း မျက်မှောက်ရေးရာ

ကချင်ပြည်နယ်ရောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့်ဓာတ်ပုံများ (အပိုင်း ၃)


နမ္မတီးကျေးရွာ ဘောလုံးကွင်းတွင် ပြောကြားသည့် မိန့်ခွန်းကောက်နှုတ်ချက်
Yangon Press International – http://www.facebook.com/ygnpress
ဖေဖေါ်ဝါရီ ၂၃၊ မွန်းလွဲ ၃နာရီ ၄၀ မိနစ်

 

ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြသော မြစ်ကြီးနားမြို့ ဒေသခံများ (ဓာတ်ပုံများ – REUTERS/Soe Zeya Tun – http://news.yahoo.com/)


(၁)

အနှစ်၂၀ကျော်အတွင်း ပြည်သူတွေချီတက်ချင်တဲ့ ဒီမိုကရေစီလမ်းမှာရှိနေတဲ့ အတားအဆီးတွေကို တဆင့်ပြီးတဆင့်ဖယ်ရှားဖို့ ကြိုးစားခဲ့ရတာပါ။ ဒီကြိုးစားမှုမှာ အဖွဲ့ချုပ်နဲ့ ဒီမိုကရေစီလိုလားတဲ့အဖွဲ့အပြင် အခုဆိုရင် နိုင်ငံတော်သမ္မတကလည်း ၀ိုင်းဝန်းပြီး ဒီအထဲမှာ ပါဝင်လာလို့ ခရီးလမ်းတော်တော် ပွင့်လာပြီလို့ဆိုရမှာပါ။ လမ်းကပွင့်လာပြီဆိုပေမဲ့ လျှောက်ဖို့လိုပါသေးတယ်။ ဒီလမ်းကိုလျှောက်ဖို့ဆိုရင် အားလုံးကညီညွတ်ဖို့လိုတယ်။ အင်အားတောင့်တင်းဖို့လိုတယ်။ ကျွန်မအခုလာတဲ့ခရီးလမ်းမှာဆိုရင် ကလေးလေးတွေ အများကြီးတွေ့တယ်။ ဒီလောက်ကလေးအင်အားများတဲ့နေရာ ကျွန်မမရောက်ခဲ့ဖူးပါဘူး။ ဒါကြောင့် ကလေးပါတီဝင် အန်အယ်ဒီလို့ပြောရမယ်လို့တောင်ဖြစ်နေပါတယ်။ ရွေးကောက်ပွဲခရီးစဉ်မှာ ပထမဦးဆုံးရောက်လာတဲ့ ပြည်နယ်ခရီးစဉ်ဖြစ်ပါတယ်။ ဒီမှာဆိုရင် ရှမ်း၊ဗမာ၊ ကချင် တိုင်းရင်းသားမျိုးစုံကနေ မတူညီတဲ့ပြည်နယ်ကိုရောက်လာလို့ အင်မတန်မှ ၀မ်းသာမိပါတယ်။

(၂)

ဒီနိုင်ငံဟာ ပြည်ထောင်စုဖြစ်တယ်ဆိုတာ မေ့လို့မရပါဘူး။ လွတ်လပ်ရေးရတာက တိုင်းရင်းသား ညီညီညွတ်ညွတ်နဲ့ လက်တွဲလုပ်ခဲ့လို့ လွတ်လပ်ရေးရခဲ့တာပါ။ ဒီမိုကရေစီရဖို့ဆိုတာလည်း တိုင်းရင်းသားလူမျိုးအားလုံးလုပ်နိုင်တဲ့ဘက်က လုပ်ရပါမယ်။ ဒီမိုကရေစီရဖို့မကဘူး၊ ခိုင်မြဲအောင်လုပ်ရမယ်။

ကလေးပါတီတစ်ခုအဖြစ် ကလေးတွေနားလည်အောင် ပြောချင်ပါတယ်။ ကလေးတွေက လမ်းမှာ တက်တက်ကြွကြွနဲ့ ကြိုဆိုကြတယ်။ ကလေးတွေက ငယ်ငယ်ကတည်းက ဒီမိုကရေစီစိတ်ဓါတ်ဝင်တာ ကျွန်မတို့အနာဂတ်အတွက် သိပ်ကိုကောင်းပါတယ်။ ဒီစိတ်ဓါတ်တွေကို ကလေးတွေဆက်လုပ်သွားမယ်ဆိုရင် ကျွန်မတို့နိုင်ငံက အရှေ့မှာဖွံ့ဖြိုးမယ်၊ တိုးတက်မယ်၊ သာယာမယ်။ ကလေးစိတ်ဓါတ်က လူကြီးတွေရဲ့ခိုင်မာတဲ့လုပ်ဆောင်ချက်တွေဖြစ်သွားမယ်။ ဒါကြောင့် ကလေးတွေကို ကျေးဇူးတင်ပါတယ်။ ကလေးတင်မကဘူး လူငယ်တွေအင်အားပါ လိုအပ်တယ်။

လူငယ်တွေက ကိုယ့်ကိုကိုယ် နိုင်ငံအတွက်၊ တိုင်းသူပြည်သားတွေအတွက် ပြုစုပျိုးထောင်သွားစေချင်ပါတယ်။ လူကြီးတွေက ဘယ်လောက်ပဲဖြစ်စေချင်ဖြစ်စေချင် ကိုယ်တိုင်လုပ်မှဖြစ်မယ်ဆိုတာသိစေချင်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ မိုးကောင်းမြို့နယ်က ယှဉ်ပြိုင်ပါမယ်။ ယှဉ်ပြိုင်ရတဲ့အကြောင်းက ပြည်ထောင်စုစိတ်ဓါတ် ပေါ်လွင်ပါတယ်။ တစ်တိုင်းပြည်လုံး ပြည်နယ်တွေအပါအ၀င်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် ရပ်တည်ချင်ပါတယ်။ ကျွန်မတို့ကိုယ်စားလယ်လောင်းအနေနဲ့ ဒေါ်ခင်ကြည်ကို ရွေးချယ်ရတဲ့အကြောင်းကို နဲနဲရှင်းပြချင်ပါတယ်။ ကျွန်မတို့အဖွဲ့ချုပ်က ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ်လိုက်တဲ့အခါမှာ ဘယ်လိုပုဂ္ဂိုလ်တွေကို ကျွန်မတို့ရဲ့ကိုယ်စားလှယ်တွေဖြစ်မလဲဆိုတာ စဉ်းစားရပါတယ်။ ကျွန်မတို့ရဲ့အခြေခံမူကတော့ ပြည်သူကလေးစားရတဲ့ ပုဂ္ဂိုလ်တွေ၊ ဒီမိုကရေစီကိုလေးစားတဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရမယ်။ ဒါပေမဲ့ ဒီလိုပုဂ္ဂိုလ်တွေက ကျွန်မတို့ရဲ့ အဖွဲ့ထဲမှာ တော်တော်များများရှိပါတယ်။ အဲဒီများနေတဲ့လူတွေထဲကမှ ထပ်မံပြီးတော့ရွေးတဲ့အခါမှာ အမျိုးသမီးတွေ၊ တိုင်းရင်းသူ/သားတွေကို ဦးစားပေးမယ်လို့ စဉ်းစားဆုံးဖြတ်ခဲ့ပါတယ်။ ဒါက ပြည်နယ်တွေတင်မဟုတ်ပါဘူး။ ကျွန်မတို့ မြန်မာအများစုရှိနေတဲ့ တိုင်းတွေမှာတောင် ကျွန်မတို့ဒီမူနဲ့ပဲသွားပါတယ်။ ဥပမာ ရန်ကုန်တိုင်းမှာဆိုရင် ၆ မြို့နယ် လစ်လပ်ပါတယ်။ အဲဒီမှာ (၄) မြို့နယ်မှာ အမျိုးသမီးတွေဝင်ပြိုင်မှာဖြစ်ပါတယ်။ ဒါက အမျိုးသမီးတွေကို အားပေးတာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မတို့က အမျိုးသမီးတွေရဲ့အင်အားကို မသုံးလို့ရှိရင် ဒီနိုင်ငံမှာ တိုးတက်သင့်သလောက် တိုးတက်မှာမဟုတ်ပါဘူး။ အမျိုးသမီးနဲ့အမျိုးသားဟာ ကျွန်မတို့နိုင်ငံမှာ အမျိုးသမီးဦးရေက နည်းနည်းအလေးသာသွားပါတယ်။ တစ်ဝက်မကရှိတဲ့အင်အားတွေကို ထိရောက်စွာသုံးဖို့လိုပါတယ်။ ဒါကြောင့် အမျိုးသမီးကိုယ်စားလယ်တွေ တတ်နိုင်သလောက်ပါဝင်အောင်ရွေးချယ်မယ်လို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

(၃)

လူတွေကများ ပြည်သူတွေကများ ဆိုတော့ ကျွန်မတယောက်ထဲ ဆိုတော့ တယောက်ချင်း တယောက်ချင်းကို ကျေးဇူးတင်တယ်လို့ပြောချင်ပေမယ့် အားလုံးကို တကယ်ကို တဦးချင်း တဦျးင်းအပေါ် စေတနာအပြည့်အ၀နဲ့ ကျေးဇူးတင်ပါတယ် လို့ပြောပါရစေ။

ကျွန်မတို့ အဖွဲ့ချုပ်အနေနဲ့လည်း အဆက်မပြတတ် နေစေချင်ပါတယ်။ အကြံပြုစာရာရှိလို့ရှိရင်လည်း ကျွန်မတို့ အဖွဲ့ချုပ်မှာ သွားပြီးအကြံပြုလို့ရပါတယ်။

ပြည်သူတွေရဲ့ ဒုက္ခတွေရှိတယ်ဆိုရင်လည်း တင်ပြလို့ရပါတယ်။ ကျွန်မတို့ တောင်သူလယ်သမားတွေ ဘယ်လောက်ထိ ပြဿနာတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာ နားလည်ပါတယ်။

အဲဒါတွေနဲ့ ပတ်သက်လို့ အကူအညီလိုတယ်ဆိုရင် အဖွဲ့ချုပ်ရုံးက တဆင့် ဆက်သွယ်ပါလို့ ကျွန်မတိုက်တွန်းချင်ပါတယ်။ ကိုယ့်ရဲ့ ဒုက္ခတွေကို ကိုယ်တိုင်ဖြေရှင်းနိုင်တာ အကောင်းဆုံးပါပဲ၊ ကျွန်မတို့ဟာဒါကြောင့်မို့ ပြည်သူတွေကို အင်အားဖြည့်ပေးရတယ်ဆိုတာ၊ ပြည်သူတွေအနေနဲ့ ကိုယ့်ဘာသာ ကိုယ်ရင်ဆိုင်ပြီး ကိုယ်ဘာသာကိုယ် ရင်ဆိုင်နိုင်တဲ့ အခွင့်အရေးတွေ အင်အားတွေ ရရှိဖို့ ဖြစ်ပါတယ်။ နောက်ဆုံး ဘယ်လိုဖြစ်နိုင်လဲ ဆိုတော့ ပြည်သူတွေကို အစိုးရက ပြန်အားကိုးတဲ့ အခြေအနေကိုရောက်အောင် ပို့နေတာဖြစ်ပါတယ်။ ခုလည်းကျွန်မတို့ အားကိုးနေရတာပဲ။

(၄)

ကျွန်မတို့ဟာ ပြည်ထောင်စုပါ၊ တိုင်းရင်းသားပေါင်းစုံ နဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုပါ။ ဒါကြောင့် ကျွန်မတို့ အချင်းချင်း တဦးပေါ် တဦးနားလည်မှုရှိရမယ်။ တဦးပေါ် တဦး သစ္စာထားရမယ်၊ ညီညီညွှတ်ညွတ်နဲ့ ကျွန်မတို့ဟာ ကိုယ်လိုချင်တဲ့ ပြည်ထောင်စုကြီး တခုကို တည်ထောင်နိုင်မယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ အားလုံး လက်တွဲပြီးတော့ အားလုံး ချီတက်ကြပါစို့လို့ ကျွန်မမှာကြားချင်ပါတယ်။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Similar Posts

2 thoughts on “ကချင်ပြည်နယ်ရောက် NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းနှင့်ဓာတ်ပုံများ (အပိုင်း ၃)
  1. I wish very well to DASSK.

    I wish all success to NLD for the sake of country and people and their future.

    AMK Queen

Comments are closed.