ကဗျာ

မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့

ချိုတူးဇော်
ဖေဖော်ဝါရီ ၂၃၊ ၂၀၁၂

ခင်ဗျားတို့ရဲ့ ဘုရားသခင်ဆီမှာ. . .
မေတ္တာတော် တောင်းခံပါတယ်
ကျနော်တို့ရဲ့ ဗုဒ္ဓရှင်တော်မြတ်ထံမှ
မေတ္တာတော်ကို ဖြန့်ဝေပါတယ်။

နာကျင်မှုတွေနဲ့
နာကြည်းစွာ ကျခဲ့ကြတဲ့
မျက်ရည်များကို
မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။

ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ
မွေးဖွားလာတဲ့
ကချင်ကလေးငယ်တယောက်ရဲ့အနား
သူ့ဖခင် မရှိရှာဘူး။
အဲဒီလိုပဲ
နောက်တန်း အိမ်ထောင်သည်လိုင်းထဲက
ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မချီရင်း . .
သူ့လင်သားကို တ,နေတယ်။

ကလေးတွေက တအဲ့အဲ့
အဖေတွေ တဒိုင်းဒိုင်း တဒက်ဒက်
အဲဒါ ငါ့တို့ပြည်ထောင်စုပဲ. . .။

ဘယ်ကလေးမှ ဖခင်မဲ့ဖြစ်စရာမလို
ဘယ်မိခင်မှ မုဆိုးမ ဖြစ်စရာမလို
ဘယ်သူက နယ်ချဲ့လို့
ဘယ်သူက နယ်မြေကို ကာကွယ်တဲ့
စစ်ပွဲတွေ ဆင်နွှဲနေရပါသလဲ
ငါတို့အားလုံး ဒီပြည်ထောင်စုကို ပိုင်ဆိုင်ကြတယ်
မွေးလာသမျှ ကချင်ကလေးတိုင်း ပိုင်ဆိုင်တဲ့နယ်နမိတ်ဟာ.
.မြောက်ဘက် နောင်မွန်းကစ
တောင်ဘက်စွန်း ကော့သောင်းအထိ
အရှေ့ဘက် တာချီလိတ်ကစ
အနောက်ဘက် မောင်တောအထိ. . .
တန်းတူရည်မျှ ပိုင်ဆိုင်ကြတယ်။

အဲဒါ ဖက်ဒရယ်ပြည်ထောင်စုကြီးပဲ။

ဖက်ဒရယ်ပြည်ထောင်စုမှာ
ဘယ်ဘာသာမှ နိုင်ငံတော်ဘာသာမဟုတ်
ဘယ်လူမျိုးမှ လူမျိုးကြီးမဟုတ်
ငါတို့အားလုံး
ဒီပြည်ထောင်စုကြီး လွတ်လပ်ရေးအတွက်တန်းတူညီမျှ တိုက်ပွဲဝင်ခဲ့တယ်
ငါတို့အားလုံး တဦးအပေါ်တဦးသစ္စာရှိရမယ်တန်းတူညီမျှရမယ်တဲ့
ငါတို့အမျိုးသားခေါင်ဆောင်ကြီးက ချမှတ်ခဲ့တယ်။

လောဘ. . .ဒေါသ အတ္တ တွေကြီးစိုးတဲ့. .လူတစုကြောင့်
ငါတို့အားလုံး ငါတို့ပြည်ထောင်စုကို ဆုံးရှုံးခဲ့
စည်းလုံးတဲ့ ပြည်ထောင်စုမှ မရှိရင်လွတ်လပ်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း မရှိနိုင်ပေဘူး
အပြန်အလှန်ချစ်ကြည်တဲ့ တိုင်းရင်းသားတွေမှ မရှိရင်
အပြန်အလှန်မှီခိုရတဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာလည်း မရှိနိုင်ပေဘူး

ငါတို့ရဲ့ကလေးတွေကို
စစ်မီးတွေကြားက
ယမ်းခိုးတွေကြားက
ဆွဲထုတ်နိုင်ပါမှ
ငါတို့ပြည်ထောင်စုကို ငါတို့ပြန်ရမယ်။

အို မိအို ဖအိုတို့ . . .
သားပျိုသမီးပျို ဆုံးရှုံး၍. . .
ကျရသော မျက်ရည်များကို
ဒေါသဖြင့်ချေဖျက်မည်ဆို
ကျွန်ုပ်တို့ မြေးမြစ်တို့ပါ ဆုံးရှုံးကြရပေလိမ့်မယ်။

နာကျင်မှုများဖြင့်
နာကြည်းစွာကျနေရတဲ့
မျက်ရည်များကို
ကျွန်ုပ်တို့ပြည်သူအပေါင်းက
ဘုရားရှင်အားလုံးထံမှ
တောင်းခံရယူသော မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့။ ။

(ကချင် စစ်ဘေးသင့် ဒုက္ခသည် ပြည်သူတွေကို ၀ိုင်းဝန်းကူညီနေကြတဲ့ ညီနောင်အပေါင်း နဲ့ ပြည်သူများကို ဂုဏ်ပြုပြီး ရေးပါတယ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts

4 thoughts on “မေတ္တာတော်တို့ဖြင့် ရပ်တန့်ကြပါအံ့
  1. ကောင်းတယ်ဗျာ လူတိုင်းအဲဒီလိုခံယူထားရင်ကမ္ဘာကြီးငြိမ်းချမ်းပြီပေါ့

  2. ကဗျာလေးကအင်မတန်မှအနှစ်သာရရှိလှပါပေတယ်။ပြည်ထောင်စုမြန်မာပြည်မှာနေထိုင်ကြကုန်သော
    တိုင်းရင်းသားပြည်သူပြည်သားအားလုံးတစ်ယောက်နဲ့တစ်ယောက်မေတ္တာထားနိုင်ကြပါစေ။အတ္တကြီး
    ခြင်းမှကင်းဝေးကြပါစေ။အာဏာရှင်စိတ်ဓါတ်များပျက်စီးကြပါစေ။လောဘ၊မောဟကြီးခြင်းမှကင်းဝေး
    ကြပါစေ။

  3. February 24 2012
    Dear Respected Ko Cho Tu Zal/Zaw —–,
    Your Poem ” Kaung-Mha-Kaung ” ——–
    Where and when can I see you ——— ?
    I am thinking you will be back to Home —-
    TAT ———————————————–

  4. I like this poem so much. ဟောဟိုက ဒုက္ခသည်စခန်းထဲမှာ
    မွေးဖွားလာတဲ့
    ကချင်ကလေးငယ်တယောက်ရဲ့အနား
    သူ့ဖခင် မရှိရှာဘူး။
    အဲဒီလိုပဲ
    နောက်တန်း အိမ်ထောင်သည်လိုင်းထဲက
    ဆနွင်းဝါ၀ါနဲ့ မီးနေသည်ရဲဘော်မယားက သူ့သားကို မချီရင်း . .
    သူ့လင်သားကို တ,နေတယ်။ I feel very sorrow after reading above paragraph. Yes, in my country ordinary solders and innocent civilians are victims of wars. Greedy junta make profit from creating civil war. I know many wives of Burmese soilder and poor people become homeless, sex workers, drug users and crime offenders. Many babies have no fathers. As well many wives have no husbands. So we all try to do to stop war as soon as possiable
    .

Comments are closed.