Than Soe Hlaing – တကယ့် အပြောင်းအလဲလား

February 19, 2012

သန်းစိုးလှိုင်
ဖေဖေါ်ဝါရီ ၁၉၊ ၂၀၁၂၊ ရန်ကုန်

ယခုလပိုင်းများမှာ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ဧည့်သည်တွေအမျိုးအစားမျိုးစုံလာရောက်နေကြသည်။ အလည်လာသူတွေရော၊ အလုပ်ကိစ္စ၊ နိုင်ငံတကာ ခေါင်းဆောင်တွေ၊ ကိုယ်စားလှယ်အဖွဲ့တွေက မြန်မာအစိုးရအဖွဲ့ထဲက တာဝန်ရှိသူတွေနှင့်တွေ့ဖို့ကအစ၊ အကူအညီပေးဖို့လာရောက် လေ့လာသူတွေ အလယ်၊ ဖြစ်ပျက်နေတဲ့ အပြောင်းအလဲဆိုတာကို သတင်းရေးဖို့ နိုင်ငံခြား သတင်းစာဆရာတွေ အဆုံး လာရောက်နေသည့် ပမာဏက ယခုဆယ်စုနှစ်ပိုင်းမှာ မကြုံဘူးလောက်အောင် ဖြစ်နေသည်။

တလောက ဗြိတိန်နိုင်ငံထုတ် Financial Times သတင်းစာက မြန်မာနိုင်ငံလက်ရှိ အဖြစ်အပျက်ကို Burma burn-out ဆိုသည့် စကားလုံးဖြင့် ရည်ညွှန်းရေးသားလိုက်သည်။ အန်ဂျီအိုများ၊ အစိုးရအဖွဲ့ဝင်များ၊ စီးပွားရေး လုပ်ငန်းရှင်များ ပြောင်းလဲသည့် အခြေအနေကိုလိုက်၍ လုပ်ဆောင်ရန် လူအင်အား၊ အဖွဲ့အစည်းအင်အား မလုံလောက်သည့် အခြေအနေကို ဖေါ်ညွှန်းပြောဆိုထားခြင်း ဖြစ်သည်။

ရန်ကုန်မြို့ ထရိတ်ဒါး ဟိုတယ်၊ ပါ့ခ်ရွိုင်ရယ် ဟိုတယ်တို့တွင် နိုင်ငံခြားသားများ၊ မြန်မာဋ္ဌာနေ အန်ဂျီအိုများ၊ ဖွံ့ဖြိုးရေးအစီအစဉ် ဆောင်ရွက်သူများဖြင့် စည်ကားနေသည်။ စာရွက်စာတမ်းတွေ ဖိုင်တွေကိုင်လျှက် ၀င်လိုက်ထွက်လိုက်ဖြင့် လက်ရှိမြန်မာနိုင်ငံရဲ့ အခြေအနေကို တစွန်းတစ ထင်ဟပ်ပြသလိုရှိသည်။

နိုင်ငံတကာမှ သတင်းထောက်တွေလည်း တဦးပြီး တဦးဝင်လာနေသည်။ သက်ဆိုင်ရာ နိုင်ငံအလိုက် အစိုးရကိုယ်စားလှယ်များနဲ့ အတူ သတင်စာဆရာ ဗီဇာရရှိသဖြင့် ခါတိုင်းနဲ့မတူ ဗီဒီယိုကင်မရာအကြီးကြီးဖြင့် ရုပ်သံသတင်းရိုက်သူတွေရှိသလို သတင်းစာအတွက်နေပြည်တော်မှ အရာရှိကြီးများနှင့် တွေ့ဆုံမေးမြန်းခွင့်ရ၍ နေပြည်တော်ထိ တက်သွားသူတွေလည်း ရှိသည်။

ယခင်က တိုးရစ်ဗီဇာကိုပင် ရဖို့ မသေချာသည့်အနေအထားမှ ယခုအခါ သတင်းထောက် ဗီဇာရနိုင်လာသည်အခြေအနေမျိုးကို အနောက်နိုင်ငံမှ သတင်းစာဆရာများက ဒီအချက်များကို ကြည့်ကာ မြန်မာနိုင်ငံပြောင်းလဲနေပြီဟု ပြောကြ ရေးကြသည်မှာ သူ့အတွေ့အကြုံနှင့် သူတော့မှန်ကန်နေပါလိမ့်မည်။

နိုင်ငံရေး အင်အားစုတွေ
စစ်အုပ်ချုပ်ရေးနဲ့ အုပ်ချုပ်လာတဲ့ အစိုးရလက်ထက် တလျှောက်လုံး အစိုးရက အတိုက်အခံ မလိုလားအပ်တဲ့ အင်အားစုဟု သတ်မှတ်ခဲ့သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ဝင်အချို့၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ၊ ၂၀၀၇ စက်တင်ဘာ ကျောင်းသား ခေါင်းဆောင်များကို မကြာမီက လွှတ်ပေးလိုက်တဲ့အချက်ဟာ မြန်မာနိုင်ငံရေးမှာ အလှည့်အပြောင်းတခုဟု ဆိုနိုင်ပါလိမ့်မည်။

ယင်းအင်အားစုတွေ လွတ်မြောက်လာပြီးနောက်မှာ ယခင်က လုပ်ခွင့်မရှိခဲ့ဘူးတဲ့ ပြည်တွင်းမီဒီယာ အင်တာဗျူးတွေ၊ သတင်းစာရှင်းလင်းပွဲတွေ၊ တွေ့ဆုံပွဲ၊ ဖွင့်လှစ်ပွဲ နိုင်ငံခြား အစိုးရ အဖွဲဝင်များနဲ့ တွေ့ဆုံခြင်းတွေ မြင်တွေ့လာရသည်မှာ ယခင်နှင့်တော့ မတူဟုနားလည် နိုင်ပါသည်။

ယခင်က အသံမကြားချင်သည့် ကျောင်းသားသမဂ္ဂဆိုသည်ကို အသိအမှတ်မပြုသေးသည့်တိုင် ပေါ်ပေါ်ထင်ထင် ဖွဲ့ဖို့ကြိုးစားနေကြပြီ။ အလုပ်သမား အဖွဲ့အစည်းများ ဥပဒေအရ ခွင့်ပြုပြီးဖြစ်သော်လည်း နည်းဥပဒေများ မထွက်ရှိလာသေးသဖြင့် တရားဝင် မဖွဲ့ရသေး။ မကြာမီ အလုပ်သမား အဖွဲ့အစည်းများ၊ လယ်သမား အဖွဲ့အစည်းများ တရားဝင် ပေါ်ထွက်လာဖို့ အခြေအနေများတွေ့မြင်နေရသည်။

ကန့်သတ်ချက်များစွာဖြင့် လှုပ်ရှား လုပ်ကိုင်ခွင့်အခက်အခဲရှိနေဦးမည် မှန်သော်လည်း ယခင်ကလို ပုန်းရှိုးကွယ်ရှိုး လုပ်ဆောင်ရသည်နှင့်စာလျင် အများကြီးလုပ်ခွင့်သာလာပြီ ဟုဆိုရမည်ဖြစ်သည်။

ယခင်က လုပ်ခွင့်မရခဲ့သည့် နှစ်လည်နေ့များ၊ အထိမ်းအမှတ်နေ့များကိုလည်း ယခုအခါ ပေါ်ပေါ်ထင်ထင် လုပ်နိုင်လာသည့် အခြေအနေမျိုးဖြစ်သည်။ စိတ်ဝင်စားသည့် လူထုပရိသတ်လည်း တက်ရောက်ရဲသည့် အခြေအနေမျိုးဖြစ်လာသည်။

ဒါတွေက နိုင်ငံရေး သမားတွေ၊ အစိုးရခေါင်းဆောင်တွေ ရည်ညွှန်းသည့် အပြောင်းအလဲ၏ လက္ခဏာများ ဖြစ်လိမ့်မည်။
မပြောင်းလဲသေးသည့် အရာများ

ခေတ်ပြောင်းလာပြီဟု ဆိုရာတွင် အပေါ်ပိုင်းက အရင်ပြောင်းသည် အောက်ခြေကို နောက်တဖြေးဖြေး ရောက်လိမ့်မည်ဟု ယေဘုယျအားဖြင့်နားလည်ကြသည်။ သို့သော် လုံးဝ မပြောင်းလဲသေးသည့် ကဏ္ဍများလည်း အများအပြားရှိနေရာတွင် အောက်ခြေရှိ လူထုနှင့် ပတ်သက်သည့် ကိစ္စရပ်များသာမကပါ။ အချို့မှ အပေါ်မှ အောက်ခြေတိုင် မပြောင်းလဲသလောက်ရှိသည်ကိုတွေ့နေရသည်။

ယင်းကဏ္ဍတွေက ဘာတွေလဲဟု ဆိုလျှင် တရားစီရင်ရေး ၊ သာသနာရေး၊ ဆက်သွယ်ရေး စသည့်ကဏ္ဍများဖြစ်သည်။

တရားစီရင်ရေး အပိုင်းမှာ ပွင့်လင်းမှု အရိပ်အယောင် ယခုချိန်ထိ မမြင်တွေ့ရသေးပေ။ လာဘ်စားမှုများ၊ ငွေများ တရားနိုင်ခြင်းများ ဖြစ်နေဆဲ ဖြစ်သည်။ အမှုအခင်းဖြစ်ပြီဆိုလျှင် ငွေထုပ်နှင့် တရားသူကြီး၊ အစိုးရ ဥပဒေအကျိုးဆောင်၊ တရားရုံး အသီးသီးကို လိုက်ဖြည့်နိုင်လျှင် အမှုနိုင်ဖို့ ရာခိုင်နှုန်းများနေပြီဖြစ်သည်။ ပွင့်လင်းလာသည့် မြန်မာနိုင်ငံ၏ လတ်တလော အကျိုးဆက်များ ဤနယ်ပယ်မှာ လုံးဝမမြင်တွေ့ရသေးပေ။

သာသနာရေး နှင့်ပတ်သက်လျင်လည်း သံဃမဟာနာယက အဖွဲ့က သံဃာထုရဲ့ အမြင်များကို ထည့်သွင်းစဉ်းစားခြင်း မျိုး မတွေ့ရသေးပေ။ သံဃားများနှင့် ပတ်သက်သည့် ဆုံးဖြတ်ချက်များ စီရင်ချက်များမှာ နကိုအခြေအနေအတိုင်းသာ ရှိနေသေးသည်ကိုတွေ့နေရသည်။

ထို့အတူ မြန်မာ့ဆက်သွယ်ရေး နှင့် ပတ်သက်လျှင်လည်း ဖုန်းဝန်ဆောင်ခများ ကြီးမြင့်ခြင်း၊ မိုဘိုင်းဖုန်း ၀န်ဆောင်မှုတွင် ပြိုင်ဆိုင်မှု ဈေးကွက်ဖွင့်ပေးခြင်း မရှိသေးပေ။ မကြာခင်က ဖြစ်ပွားခဲ့သည့် ၅ထောင်တန် ဖုန်းကဒ် ကိစ္စတွင် မြန်မာဆက်သွယ်ရေး လုပ်ငန်းက သုံးသိန်းဖုန်းအစီအစဉ် ရောင်းဖို့ စီစဉ်ပြီးသားဖြစ်နေရာ ဈေးမလျှော့ချင်သဖြင့် ၅ ထောင်တန်ဖုန်း မဖြစ်နိုင်ဟု မျက်စေ့မှိတ်ငြင်းနေခဲ့သည်။ ပထမပိုင်းတော့ နည်းပညာအရ မဖြစ်နိုင်ဟု ပြောရာမှ နောက်ဆုံး ဆက်သွယ်ရေး ဥပဒေအရ မဖြစ်နိုင်ဟု ပိတ်ကာပြောတော့သည်။ ဆက်သွယ်ရေး ဥပဒေဆိုသည်မှာ ပြုပြင်၍ မရသည့်အရာ မဟုတ်ပေ။
ဤ သာဓကတို့မှာ အပြောင်းအလဲသို့ မလိုလားသူများ၏ မိမိတို့ နေရာ၊ ရာထူး၊ အကျိုးစီးပွားကာကွယ်မှုများ ဖြစ်သည်။
သာမန်လူထုတွက် အပြောင်းအလဲ

ကိုယ့်အခွင့်အရေးကို တိုးချဲ့ယူနိုင်သူများက အခွင့်အရေး ရလာကြသည်မှာ မှန်ပါသည်၊ ကိုယ့်အခွင့်အရေးအတွက် တိုးချဲ့မယူတတ်သည့် သာမန်ပြည်သူတွေရဲ့ အခွင့်အရေးတွေရော တိုးတက်လာပါသလား။ သာမန်လူထုမှာ ယခုချိန်ထိ ကိုယ့်အလုပ်အကိုင်နှင့် ပတ်သက်သည့် အခွင့်အရေးများ တိုးတက်မလာသေးပေ၊ အလုပ်သမားများ လုပ်ခအတွက် ဆန္ဒပြတောင်းဆိုရာတွင် သတ်သတ်မှတ်မှတ် အဖွဲ့အစည်း မဖွဲ့စည်းနိုင်သေးပေ၊
သမဂ္ဂဖွဲ့စည်းခွင့် ဥပဒေ ပြဋ္ဌာန်းပြီးသော်လည်း လက်တွေ့ ကျင့်သုံးဖို့ နည်းဥပဒေ မထွက်သေးပေ၊ လယ်သမားများလည်း လယ်မြေတွေ အသိမ်းခံနေရဆဲဖြစ်သည်။ စီးပွားရေး အခွင့်အလမ်း များပြားလာသည်နှင့် အတူ မြေယာသိမ်းခံရမည့် အန္တရာယ် ပိုမိုများလာသည်။
အလုပ်အကိုင် ရှားပါးခြင်း နှင့် ပြည်တွင်းစစ် ဆက်လက်ဖြစ်ပွားနေခြင်းတို့ကြောင့် ကလေးစစ်သားစုဆောင်းမှု အန္တရာယ်လည်း ရှိနေဆဲဖြစ်သည်။
ယခုဖေါ်ပြသည့် အချက်အလက်များက အောက်ခြေလူထုအဖို့ အပြောင်းအလဲရဲ့ အကျိုးဆက်ကို မခံစားရသေးသည်ကို ညွှန်းဆိုလျှက်ရှိသည်။
ခြုံပြောရလျှင် အပြောင်းအလဲဆိုသည်ကို ကြိုဆိုရမည်ဖြစ်သည်။ ယခုလို အခွင့်အလမ်းမျိုး ၊ ပွင့်လင်းမှု လမ်းစမျိုး လွန်ခဲ့သည့် ဆယ်စုနှစ် ၄၊ ၅ ခုအတွင်း မပေါ်ထွက်ခဲ့သည်ကို ၀န်ခံရမည်ဖြစ်သည်။ ယင်းပွင့်လင်းမှု လမ်းစကို မပျောက်သွားအောင် ဆုပ်ကိုင် ချဲ့ယူရမည်ဖြစ်သလို သာမန်လူထု ခံစားနိုင်ဖို့ လုပ်ဆောင်ရမည်မှာ နိုင်ငံရေး သမားတို့၏ တာဝန်ဟု ထင်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

Archives