ပင်တိုင်ကဏ္ဍ မာမာအေး

သံသရာခရီးသည် – Mar Mar Aye – 411

“ပြောပြစရာတွေလည်း တပုံကြီးရှိသေးတယ်” အမှတ် (၄၁၁)

မာမာအေး
ဖေဖော်ဝါရီ ၁၆၊ ၂၀၁၂

သောတရှင်များ ကျန်းမာတော်မူကြပါစရှင်မာအေးချစ်တဲ့သောတရှင်တွေ ဂီတ၀ါသနာရှင်တွေအားလုံး မာအေးရဲ့အသံလေး ကြားရတဲ့အခါမှာ ကိုယ်ရောစိတ်ပါ ချမ်းသာကြပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

သောတရှင်တို့ရေ … ပြီးခဲ့တဲ့တပါတ်က မာအေး ပြောနေကျ အစီအစဉ်လေကို နားထောင်ဖြစ်လို့ ဖုန်းဆက် သတင်းမေးကြတဲ့ BBC ပရိသဒ် မာအေးရဲ့ ချစ်ဆွေများကို ကျေးဇူးတင်ပါတယ်ရှင် လို့ အရင် ပြောပါရစေနော်၊ မာအေးရဲ့ ဆရာဝန်က မကြာခင်ပျောက်သွားမယ့်ကိစ္စတွေပါ လို့ ပြောပါတယ်ရှင်။
မာအေးက ခရီးသွားဖြစ်ခဲ့တာမို့လားရှင့်။ ကိုယ့်ဆွေကိုယ့်မျိုးတွေကို သွားတွေ့တာမျိုး လည်ခဲ့တာလေ။ ကိုယ့်လူမျိုးချင်း မိတ်ဆွေရင်းတွေ ပြန်တွေ့ကြတော့လဲ စုပြီး စားကြသောက်ကြ ပြောကြဆိုကြ ဖိတ်ကြားကြ ဆိုတော့ကါ ကိုယ့်အိမ်မှာ သိပ်မစားဖြစ်တဲ့ ပင်လယ်စာတွေ၊ အသားဟင်းလျာတွေက ပိုသွားတယ် ထင်ပါရဲ့။ ကိုယ်အလေးချိန်တောင် လေးငါးပေါင် တက်သေးတာကိုး။

ခရီးထွက်ဖြစ်တဲ့အရင်းကိစ္စကိုက “မြန်မာ့အစားအစာနဲ့ ယဉ်ကျေးမှုပွဲတော်” တဲ့။ အစားက ထိပ်ဆုံးရောက်နေတာဘဲလေ။ ယဉ်ကျေးမှုကိစ္စကျတော့ ကိုယ်တတ်တဲ့ပညာလေးနဲ့ ဖျော်ဖြေမှုမှာ ၀င်ကူပေးရတာပေါ့။ ကိုယ့်သွေးချင်း အစုစုကို တွေ့ရတော့ ညီညွတ်ရေးတေးနဲ့ ပူးပေါင်း၊ အမိအဖကို ညွတ်ပျောင်းစေလိုတော့ မေတ္တာဘွဲ့တပုဒ်ဆိုပြ၊ အကလေးနဲ့တွဲကြည့်နိုင်အောင် လေဘာတီမမြရင်ရဲ့ တေးတပုဒ် ထုတ်ဆိုနဲ့ မိုးမစဲပေလဲ ဟုတ်လို့ပါဘဲ။

သြစီကိုရောက်ပြီ ဆိုတော့ ဟိုမြို့သည်မြို့က လာစေချင်ကြတာပေါ့နော်။ ကိုယ်ကလဲ တယောက်ထဲ သွားတာ ဆိုတော့ မြို့ခံ ၀ါသနာရှင်တွေပါ တွဲပြီး ပွဲထုတ်ပေးမှဖြစ်တော့မယ်မို့လား။ သီချင်းဆိုမယ် ကြံရင် ဘယ်လို စဉ်းစားရတယ်၊ ဘယ်လို ကျက်မှတ်ရတယ် ဆိုတာမျိုး စုပြီး ပြောပြရတာမျိုးလဲ လုပ်ပေးခဲ့ပါတယ်။ တချို့လူငယ်အများစုဟာ မာအေးတို့ခေတ်က ခံစား သီဆိုမှု ပြုထားတဲ့ သီချင်းတွေကို ကြားတောင် မကြားဖူးဘူး တဲ့။ ခုတော့ လိုက်ဆိုကြည့်မယ်လို့ ပြောလိုက်ကြတာဘဲရှင်။ ကျေးဇူးရှင် အမိအဖ ဆရာသမားများဆီက အမွေရအပ်တဲ့ နှုတ်မှုပညာနဲ့ ရင်းလို့ ရတဲ့ အမြတ် လို့ ၀မ်းသာရပါတယ်။ မာအေးတို့ယဉ်ကျေးမှုဟာလဲ ဗုဒ္ဓအဆုံးအမ လက်ဝေခံ အမွေဘဲ လို့ နှလုံးပိုက်ထားတဲ့အတွက် နယူးဇီလန်၊ ‘အောက်ကလန်မြို့’က ဘုန်းတော်ကြီးကျောင်းနဲ့ ‘ပါ(သ)မြို့’က တကျောင်းအတွက် လှူဖြစ်ခဲ့ပါတယ်။

မာအေးကတော့ ဗုဒ္ဓကျောင်းတွေ တည်ထောင်နိုင်လေ ၀မ်းသာလေဘဲ။ ကျောင်းတော်မှ မရှိရင် ရဟန်းတော်တွေ သာသနာပြုဘို့ ခက်မှာပေါ့။ ဘုရားနှုတ်ခါးပတ်တော်တွေကို အာဂုံဆောင် စောင့်ရှောက်တော်မူနိုင်ခဲ့ကြလို့ မာအေးတို့တွေ တရားအမြိုက် နားစိုက်နိုင်ကြတာမဟုတ်လား။ ဗုဒ္ဓယဉ်ကျေးမှုအမွေတင်မက နိဗ္ဗာန်ရမယ့်လမ်းကိုလဲ ပြတော်မူတတ်တဲ့ ရတနာမြတ်သုံးပါးဝင် အရှင်မြတ်သံဃာတော်များဟာလဲ ပြည်သူတို့ရဲ့ ရင်သွေးဖြစ်ခဲ့သေးတာဘဲရှင်။

 

*(ယောက်ျားဆုပန်မှ)
ကျမတို့ အာသီသန်၊ လှူဒါန်းဘို့ရာတွင် အမှန်၊ ပစ္စည်းလေးပါး ဒါယကါပြုရပါတယ် ဧကန် xxx သံယောဇဉ်ပယ်ပြန်၊ မငြိစေရန်တဖန်၊ ကိလေသာကို ခွာရန်၊ ဖြစ်လာမည့်ဘ၀မှာပင် မင်းယောက်ျား ဖြစ်စေရန်၊ နိဗ္ဗာန်ဖောင်ကို စီး ခေမာဆုကြီးပန် xxx


ဒီသီချင်းလေးတပုဒ်က ‘ယောက်ျားဆုပန်’ထဲကပါ၊ နန်းတော်ရှေ့ကြီးရဲ့ လက်ရာပါဘဲ၊ အေးအေးဆေးဆေး အလှူတွေပေးချင်နေတာ ဒီသီချင်းထဲကအတိုင်း ဖြစ်ချင်လို့ ဆိုပါတော့။ ငယ်တုန်းကလဲ ‘တွန်ဘွိုင်’လို၊ ကြီးလာတော့လဲ ရောင်းရင်းတွေက ယောက်ျားသားတွေဖြစ်၊ ဒီဘ၀က ဒီကိုယ်နဲ့ကလဲ တချို့ တန်ခိုးကြီးဘုရားတွေမှာ ဆိုရင် – ပုရိသများနဲ့ အတူ ရှိမခိုးနိုင်တာတွေလဲ ရှိတယ်မို့လား၊ ယဉ်ကျေးလိုသမျှ အချုပ်အချယ်ကျသလို နေရတဲ့ မိန်းမသားဘ၀ အားမရလို့ပါ၊ ဒါနဲ့ဘဲ အလှူရဲချင်လာတာပေါ့၊ အလှူရဲချင်တယ်ဆိုတော့ ချစ်ဆွေများက သဘောပေါက်မှာ မဟုတ်ဖူး၊ မာအေး မလှူရဲတာတခုတွေ့နေလို့ရှင့်၊ ကိုယ့်ထက်ရဲတဲ့အလှူရှင်လေးတွေလဲ ရှိနေကြလို့ပါ၊ ဒီ အနောက်နိုင်ငံတွေဖက်မှာ ‘အားကစား’ လို့ ပြောတဲ့ စွန့်စားတဲ့ ကစားနည်းမျိုးတခု တီဗွီမှာ တခါတလေ တွေ့ရပါလိမ့်မယ်၊ ခြေထောက်နှစ်ချောင်းလုံးကို ကြိုးနဲ့ချီထားပြီး အမြင့်ကြီးကနေ ခုန်ချပြတဲ့ကိစ္စပါ၊ “BUNGEE” လို့ စာလုံးပေါင်းတဲ့ နာမည်နဲ့ အားကစားထဲမှာ တွေ့ပါတယ်၊ အဲဒီလို အမြင့်ကနေ ခုန်ချပြတဲ့သူတွေဟာ တစုံတရာကို လှူဒါန်းလိုတဲ့အတွက် စွန့်စွန့်စားစား အန္တရာယ်ကြားကို ၀င်သွားတာ လို့ အမေတယောက်ရဲ့ အမြင်နဲ့ ပူလောင် ခံစားလိုက်ရတယ်။ သတိပြုမိတာကလဲ မြန်မာမိန်းခလေးမို့ပါ။ ပြီးတော့ ဒီမိန်းခလေးဟာ နိုင်ငံတကါ စည်းဝေးပွဲကြီးတခုမှာ ပွဲလယ်တင့် အဆင့်မီစွာ စီကါပတ်ကုံး နိုင်ငံတကါသုံးစကါးနဲ့ ပြောကြားသွားနိုင်တဲ့ “ဝေနှင်းပွင့်သုန်” ဖြစ်နေပါတယ်။ သူ့ဖခင်ကလဲ အပြင်မှာမရှိဘူး လို့ ကြားထားတော့ မသိဖူးပေမယ့် စိုးရိမ်တာဘဲပေါ့ရှင်။ ဘာမှမဖြစ်လို့ တော်သေးတာ။ နယူးဇီလန်က တယောက်ကျတော့ မစွမ်းမသန်သူများအဖွဲ့တဖွဲ့ကို လှူဘို့ ဒီ ခုန်ချပြတာဘဲ။ သူကလေးရဲ့ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့တယ်။ သူကတော့ ပြုံးပြုံးဘဲ၊ သူဟာ မူလကတည်းက ကျန်းမာရေး မပြည့်စုံလို့ နယူးဇီလန်က ခွဲစိပ်ကုသမှု အပြည့်အ၀နဲ့ လှည်းဘီးကလေးပေါ် နေရသည့်တိုင်အောင် ကျောင်းတွေ တတန်းပြီးတတန်းတက်၊ လူမှုကိစ္စတွေလဲ ဆောင်ရွက်နဲ့ စိတ်ပျက်တာကို မတွေ့ရတာ အံ့သြတယ်၊ အလုပ်လဲ လုပ်နေတယ် မဖျက်ခဲ့ဘူး၊ မစွမ်းမသန်သူတွေအတွက် ပေးတဲ့ထောက်ပံ့ကြေးလဲ မယူဘူး ရှင်၊ လူကေါင်းတယောက်လို တွေးကြံ လှုပ်ရှားချင်လို့ ကေါင်းတဲ့အလုပ်တွေ လုပ်ချင်လို့ သူ့ကိုယ်သူ အားမရ ဖြစ်နေတာ ကြည့်ပြီး ဘာပြောရမှန်းမသိ၊ သူကလေးလို မလှူရဲတာလဲ ကိုယ်ဘဲ သိတော့ တခါတလေလဲ ဖြစ်ချင်တာ မဖြစ်တတ်ပါဘူးကွယ် လို့ ခရီးသည်က နှစ်သိမ့်ခဲ့ရတာပေါ့ရှင်။

 

*(သံသရာခရီးသည်) [ဖြစ်လွယ် ပျက်လွယ် သဘောရယ်၊ လောက၀ယ် ပြောလို့ မဆုံးဘွယ်၊ သင်္ခါရ အတောမသတ်လို့ မတည်မြဲလေတယ်၊ ယသော အယသော လာဘော အလာဘော၊ နိန္နံပသန္နံ သုခံ ဒုက္ခံ လောကဓံတရားမြတ်ရယ်]၂xxx လောကီဘုံအလယ် ဆုံလာကြတဲ့ ပုထုဇဉ်လဲ မလွဲပါတယ် [သံသရာခရီးသည်] ၃ xxx

 

ဘီဘီစီ အသံလွှင့်ဌာန http://www.bbc.co.uk/burmese/ ၏ ထုတ်လွှင့်ချက်ကို ကူးယူ ဖော်ပြသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Similar Posts