ဝေဖန်ရေးနဲ့ တာဝန်

February 14, 2012

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)
ဖေဖော်ဝါရီ ၁၄၊ ၂၀၁၂

၁၃ .၁၂ .၂၀၁၁ နေ့က ဓမ္မဒူတဘာသာရေးမဂ္ဂဇင်း တာဝန်ရှိပုဂ္ဂိုလ်များရဲ့ “ဓမ္မဒူတစာပေဆု’’နဲ့ပတ်သက်လို့ စည်းဝေးတိုင်ပင်တဲ့ ပွဲကလေး တစ်ခု လုပ်ပါတယ်၊ အစီအစဉ်အရ နာယကအဖွဲ့မှာပါဝင်တဲ့ မိမိအနေနဲ့ အနုမောဒနာစကားပြောရတဲ့အခါ ဝေဖန်ရေးနှင့် တာဝန်ယူမှု အကြောင်းကိုလည်း နည်းနည်းထည့်ပြောလိုက်မိပါတယ်။ နောက်တစ်နေ့မှာထုတ်တဲ့ ပြည်သူ့ခေတ်ဂျာနယ်မှာ ဆရာမောင်ဝံသရဲ့ “အိုင်ဒီ ယော်လော်ဂျီ မရှိဘူး, ရှိတယ်” ဆောင်းပါးအဆုံးနားမှာ “အယူဝါဒမှားကြောင်းပြောတာကတော့ ဟုတ်ပါပြီ။ မှန်တဲ့အိုင်ဒီယော်လောဂျီဘာလဲဆိုတာကိုပြဖို့လည်း လိုဦးမယ်” ဆိုတဲ့ အပိုဒ်ကိုဖတ်လိုက်ရတဲ့အခါ မိမိပြောခဲ့တဲ့အကြောင်းအရာနဲ့တိုက်ဆိုင်သလိုဖြစ်နေတာကို တွေ့ ရတဲ့အတွက် မိမိပြောခဲ့ဖြစ်တဲ့အကြောင်းအရာလေးကို ပြန်လည်တင်ပြလိုက်ပါတယ်။

“ဓမ္မဒူတစာပေဆု”က တစ်နှစ်အတွင်း အကောင်းဆုံး ဓမ္မရေးရာဆောင်းပါးတို့၊ လုံးချင်းစာအုပ်တို့ကိုရွေးချယ်ပြီး ဆုပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ကောင်းမွန်မှုကို အလေးအနက်ထားတဲ့သဘောဖြစ်လို့ ဒါဟာ မြန်မာယဉ်ကျေးမှုမှာ ချို့ယွင်းလစ်ဟင်းနေတဲ့ကွက်လပ်တစ်ခု ကို ဖြည့်စွက်လိုက်သလိုဖြစ်လို့ ဝမ်းသာမိပါတယ်။

တခြားသူတွေရဲ့အတွေ့အကြုံအရတော့ ဘယ်လိုနေမယ်ဆိုတာမပြောတတ်ဘူး။ မိမိတွေ့ကြုံခဲ့ရတဲ့ဝန်းကျင်နယ်ပယ်မှာတော့ မိဘနဲ့သား သမီး၊ ဆရာနဲ့တပည့်၊ အထက်လူနဲ့အောက်လူကစလို့ ဆက်ဆံရတဲ့နယ်ပယ်အားလုံးလိုလိုမှာ ချွတ်ယွင်းချက်များကို ထောက်ပြဝေဖန် ရာမှာဖြစ်စေ၊ အပြစ်ပေး အရေးယူရာတို့မှာဖြစ်စေ၊ အတော်ကို စိတ်အားထက်သန်မြန်ဆန်ကြတာ တွေ့ရတယ်။ အပြစ်လို့မြင်လိုက်တာနဲ့ “ထစ်”ခနဲ့ဆို အရေးယူဖို့၊ ဒဏ်ခတ်ဖို့ဆိုတာတွေလည်း အတော်ကိုသွက်လက်ကြပါတယ်။ ဒါတွေဟာ နောက်ဆက်တွဲဆိုးကျိုးတွေကြောင့် ဒုက္ခရောက်မည့်အရေးကိုကြိုတင်ကာကွယ်တဲ့အနေနဲ့ ကရုဏာဒေါသောပါလို့ဆိုချင်ရင်တော့ ဆိုကြပေါ့လေ။

အဲ – ခက်နေတာက အပြစ်ကို အပြစ်လို့ပြောဖို့၊ ဒဏ်ခတ်ဖို့ရာမှာ စေ့စပ်ပြည့်စုံမြန်ဆန်လှသလောက် ကောင်းတဲ့ တော်တဲ့အချက်တွေကို မုဒိတာအပြည့်နဲ့ အလေးထားအသိအမှတ်ပြုဖို့ကျတော့ ဗြဟ္မစိုရ်တရား လက်ကိုင်ထားပါတယ်ဆိုတဲ့ မိဖတို့ဆရာသမားတို့မှာတောင် အဲဒီ မုဒိတာဗြဟ္မစိုရ်တရားက အလွန်ခေါင်းပါးနေတာကို အံ့ဩလောက်အောင် တွေ့မြင်ကြားသိနေရပါတယ်။ အခု ဓမ္မဒူတမဂ္ဂဇင်းအဖွဲ့က တော် သူများကို တလေးတစားသိမှတ်ပြီးအခုလို ဆုပေးတယ်ဆိုတာဟာ အဲဒီလစ်လပ်နေတဲ့ မုဒိတာကွက်လပ်ကြီးကို ဖြည့်လိုက်သလိုဖြစ်လို့ လှိုက်လှဲဝမ်းသာစွာနဲ့ ထပ်ဆင့်မုဒိတာပွားလိုက်ပါတယ်။

အားလုံးအခုရောက်ရှိလာကြတဲ့ အယ်ဒီတာများ၊ စာရေးဆရာ/ဆရာမမျာနဲ့ ဦးဇင်းတို့ဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုအရတော့ ဆရာနဲ့ဒကာ ပေါ့လေ။ စာပေနယ်ပယ်အရပြောမယ်ဆိုရင်တော့ ရေးဖော်ရေးဖက် ညီအစ်ကိုမောင်နှမတွေပါပဲ။ ဒါကြောင့် ညီအစ်ကိုမောင်နှမချင်း အကြံ ပေးတဲ့အနေနဲ့ပဲ နည်းနည်းပြောချင်ပါသေးတယ်။

မြတ်ဗုဒ္ဓကိုယ်တော်တိုင်က ဓမ္မရဲ့စံကို သတ်မှတ်ရာမှာ “ဧဟိပဿသိကော=လာပြီးစူးစမ်းလေ့လာ ဝေဖန်ဆန်းစစ်လှည့်” လို့ ဖိတ်ခေါ်တော် မူခဲ့တာကိုထောက်ဆကြည့်ရင် စာပေမှာဝေဖန်ရေးဆိုတာ မဖြစ်မနေလိုအပ်တဲ့ အရာအမှန်ပါပဲ။ ဝေဖန်ရေးကို ဖိတ်ခေါ်ဝံ့တာဟာ ရိုးသားမှန် ကန်ခြင်းရဲ့စံလည်းဖြစ်သလို မိမိရဲ့ဟောပြောရေးသားမှုကို တာဝန်ယူတဲ့သဘောလည်း ဖြစ်ပါလိမ့်မယ်။

ဒါပေမယ့် အခုတလောဂျာနယ်အချို့မှာပါတဲ့ ဝေဖန်ရေးအချို့နဲ့ အလွတ်သဘောမျိုး ဖြန့်ဝေနေတဲ့ ဝေဖန်ရေးများကတော့ “ဝေဖန်ရေးတာ ဝန်” အတော်ကိုချို့တဲ့လွန်းနေပါတယ်။ ဘယ်လိုချို့တဲ့နေတာလဲဆိုတာ ဆန်းစစ်ကြည့်နိုင်ဖို့ မြတ်ဗုဒ္ဓရဲ့ဝေဖန်ရေးနမူနာ တစ်ခုကိုထုတ်ပြ ပါမယ်။

မြတ်ဗုဒ္ဓက ပထမဆုံးဟောတော်မူတဲ့ ဓမ္မစကြာဒေသနာတော်မှာပဲ “ဒွေမေ ဘိက္ခဝေ အန္တာ”ဆိုတဲ့စကားနဲ အစွန်းတရားနှစ်ပါး ကို ဝေဖန်ပြီး ရှောင်ရှားဖို့ တိုက်တွန်းညွှန်ကြားခဲ့တာပါ။

မြတ်ဗုဒ္ဓရဲ့ အစွန်းတရားနှစ်ပါးအပေါ် ထောက်ပြဝေဖန်တာကိုလေ့လာကြည့်မယ်ဆိုရင် ငယ်ကျိုးငယ်နာတွေကို အကျယ်ချဲ့ ဖော်ထုတ်ပြော ဆိုနေတာမျိုးလို တစ်ဖက်သားကို နစ်နစ်နာနာ ပြောဆိုတာတွေ မတွေ့ရပါဘူး။ လိုအပ်တဲ့ အကြောင်းပြချက်အနည်းငယ်ကိုသာ ထုတ်ပြ ပါတယ်။ အစွန်းတရားနှစ်ပါးလုံးနဲ့ပတ်သက်ပြီး မြတ်ဗုဒ္ဓအလေးထားထောက်ပြတဲ့အကြောင်းပြချက်ကတော့ (၁) အနရိယော= အရိယာတို့ လက်ခံနိုင်တဲ့ကျင့်စဉ်မျိုး မဟုတ်ဘူး။ (၂) အနတ္ထသံဟိတော=တကယ်တန်းကောင်းကျိုးချမ်းသာကို မဖြစ်စေနိုင်ဘူး”ဆိုတဲ့ အချက်နှစ် ချက်ပါပဲ။

ဒီအကြောင်းပြချက်နှစ်ခုကိုကြည့်လိုက်မယ်ဆိုရင် အကျိုးရှိçမရှိဆိုတဲ့ စံကိုသာ အဓိကထားတယ်။ မိမိကြိုက်မကြိုက်ဆိုတဲ့ စံ လုံးဝမပါဘူး ဆိုတဲ့အချက်ကိုလည်း သတိပြုမိစရာပါ။

ဒီထက်ပိုပြီးအရေးကြီးတဲ့အချက်ကတော့ “ဝေဖန်ရေးအပေါ် တာဝန်ယူမူ”ပါပဲ။ မြတ်ဗုဒ္ဓက အစွန်းတရားနှစ်ပါးတို့ကို ထောက်ပြဝေဖန်ပြီး ပယ်ရှားဖို့ မိန့်ကြားပြီးတဲ့အခါမှာ ကျိုးရှိမှန်ကန်တဲ့ “မဇ္ဈိမပဋိပဒါလမ်းစဉ်”နဲ့ အစားထိုးဖြည့်စွက်ပေးတော်မူခဲ့ပါတယ်။ အဟောင်းကို ကြောင်း ကျိုးခိုင်လုံစွာပြပြီး ပယ်ဖျက်ခဲ့သလို ပိုမိုကောင်းမွန်မှန်ကန်တဲ့ အသစ်ကို အစားထိုးတည်ဆောက်ပြတဲ့သဘောပါ။ ဒါဟာ ဝေဖန်သူရဲ့ ဝေဖန်ရေးအပေါ်မှာ တာဝန်ယူနိုင်မှု၊ တာဝန်ကျေမှုလို့ ဆိုရမှာပါ။

အခုတွေ့နေရတဲ့ အချို့ဝေဖန်ရေးများဟာ အကောင်းနဲ့အစားထိုးဖို့ မဆိုထားနဲ့ အဟောင်းရဲ့ချွတ်ယွင်းချက်ကို ထောက်ပြရာမှာတောင် ကြောင်းကျိုးသာဓက ခိုင်ခိုင်လုံလုံ ဘာမျှမပြနိုင်တာကိုတွေ့နေရပါတယ်။ ဥပမာ- ဓမ္မရေးရာအပေါ်ဝေဖန်မယ်ဆိုရင် “ဘုရားရှင်ဟော တော် မူခဲ့တဲ့ ဘယ်အချက်နဲ့ဆန့်ကျင်လို့”ဆိုတဲ့ အကြောင်းမျိုးကိုတောင်မပြနိုင်ကြပါဘူး။ အချို့ဆိုရင် ကိုယ်ကရေရေရာရာ မသိရုံမျှမကဘူး ကိုယ်ကြားဖူးနားဝနဲ့မကိုက်ညီတာကိုပဲ အခိုင်အမာအကြောင်းပြချက် ကြီးတစ်ခုလိုမှတ်ယူပြီး စကားလုံးကြီးကြီးနဲ့ ဝေဖန်ပုတ်ခတ်တာမျိုး တောင်ရှိပါတယ်။

တစ်ချို့ကျတော့ ပုဂ္ဂိုလ်ရေးအစာမကြေမှုတွေကိုပဲ စာနယ်ဇင်းစာမျက်နှာတွေပေါ်မှာ အန်ထုတ်ကြတာလည်းတွေ့ နေရပါတယ်။ အယ်ဒီတာ များအနေနဲ့ အဲဒီလို အန်ဖတ်စာတွေကို စီစီစစ်စစ်ထည့်သင့်ပါတယ်။ မရေမရာဝေဖန်တာဟာ ဝေဖန်သူတာဝန်မဲ့ရာ (ညံ့ရာ) ကျသလို ဒီလိုဝေဖန်ချက်များကိုထည့်သွင်းဖော်ပြတဲ့ အယ်ဒီတာလည်းတာဝန်မဲ့ရာ (ညံ့ရာ) ကျပါလိမ့်မယ်။ ဒါကို စိစစ်မတားဆီးနိုင်ရင် စာနယ်ဇင်းတွေ ဟာ တဖြည်းဖြည်း အန်ဖတ်ကျင်းဖြစ်သွားမယ့် အန္တရာယ်ရှိပါတယ်။ ဒါကိုလည်း သတိပြုကြပါလို့ အကြံပြုချင်ပါတယ်။ ဝေဖန်ရေးနဲ့ပတ် သက်လို့ ဆရာတော်ကြီးနှစ်ပါးတို့ရဲ့ အဆိုအမိန့်များကိုလည်း စပ်မိတုန်းပြောချင်ပါသေးတယ်။

တစ်ပါးက အရှင်အာဒိစ္စဝံသပါ၊ ဆရာတော်ကြီးကသူရေးတဲ့ “ဘိက္ခူနီ သာသနောပဒေသ”ဆိုတဲ့စာအုပ်နဲ့ပတ်သက်ပြီး ဟိုကဒီက ဝေဖန်သမျှတွေ ကို သဲကြီးမဲကြီးနဲ့နေ့စဉ် (သူရိယသတင်းစာမှာ လို့ဆိုပါတယ်) ထုတ်ပြန်ချေပရေးသားပါတယ်။

နောက်တော့ “ဘိက္ခူနီအရေးတော်ပုံ”ဆိုပြီး စာအုပ်ကြီးတစ်အုပ်တောင် ဖြစ်လာပါတယ်။ ဒါနဲ့ပတ်သက်လို့ သူ့တပည့်ကြီးတွေက “ဆရာ တော် ဘာဖြစ်လို့ ဒီလောက်တောင် ချေပနေရတာလဲ။ အတော်မခံမရပ်နိုင်လောက်အောင် ဒေါသဖြစ်နေလို့လား”ဆိုပြီလျှောက်ထားကြည့်တဲ့အခါ ဆရာတော်ကြီးက –

“သူတို့ရဲ့ ဝေဖန်ချက်တွေကြောင့် ငါ့မှာ ထိခိုက်နစ်နာလို့လဲ မဟုတ်ဘူး။ မခံမရပ်နိုင်လောက်အောင် ဒေါသဖြစ်လွန်းလို့လဲ မဟုတ်ဘူးကွ။ သူများအထက်ရောက်ချင်ရင် သူများထက် အဘက်ဘက်က သာလွန်အောင်ကြိုးစားရမည့် အစား မြင့်နေသူရဲ့ ပခုံးပေါ်တက်ရပ်ကြလွန်းလို့၊ ကိုယ်က တကယ်မမြင့်ဘဲနဲ့ မြင့်သူရဲ့ပခုံးပေါ်တက်ချင်ကြသူများဟာ မြင့်သူက လှုပ်ချရင်ပြုတ်ကျတတ်တယ်ဆိုတာ သိအောင်လို့ပြန်ပြီး ချေပနေတာ”လို့ မိန့်ကြားပါသတဲ့။

နောက်ဆရာတော်ကြီးတစ်ပါးကတော့ တောင်တွင်းကြီးမြို့က နတ်မှီတောရဆရာတော်ကြီးဖြစ်ပါတယ်။ ဒေးဒရဲ နိကာယ်ငါးရပ်သင်တန်းမှာ ဆရာတော်ကြီးက နာယကအဖြစ် ကြီးကြပ်ဆောင်ရွက်တော်မူပါတယ်။ အဲဒီတုန်းကဒေးဒရဲမြို့မှာ ဟိုမရောက် ဒီမရောက် ဘာသာရေး မတောက်တခေါက်နဲ့ လ္ဘက်ရည်ဆိုင်ထိုင်ပြီး ဘာသာရေးလောကမှာလုပ်ဆောင်နေကြသမျှ ဝတ်အသင်းများကိုပါမကျန် ဝေဖန်လေကန်လေ့ ရှိတဲ့ လူတစ်စုရှိတယ်။ အာဘောင်အာရင်းသန်သန်နဲ့ တစ်ဖက်လူနားညီးပြီး ထပြန်ချင်လာအောင် အငြင်းအခုံသန်ကြလို့ သူတို့ကို “အာသန် နိုင်အဖွဲ့”လို့ အများက သတ်မှတ်ထားတဲ့လူစုပေါ့။

တစ်နေ့မှာ သူတို့အဖွဲ့ကျောင်းရောက်လာပြီး ဆရာတော်ကြီးကို “ဆရာတော် တချို့ တစ်နေ့လုံးမဟုတ်တာတွေလျှောက်လုပ်ပြီး ညအိပ်ရာ ဝင်ချိန်ရောက်မှ ဘုရားကိုအော်ပြီဝတ်တက်၊ ပရိတ်ရွတ်လုပ်ကြတဲ့ လူတွေရယ်၊ ပြီးတော့အသံချဲ့စက်နဲ့ ညအိပ်ချိန်မှာ လမ်းတကာလှည့်ပြီး ဝတ်ရွတ်နေကြသူတွေရယ်၊ ဒီလူတွေနဲ့ပတ်သက်ပြီး ဆရာတော်ဘုရားကြီးရဲ့အမြင်ကို အမိန့်ရှိပါဘုရား”ဆိုပြီး လျှောက်ထားပါတယ်။

ဒီအဖွဲ့ဟာ မကြာမကြာဆိုသလို ဒီလိုပြဿနာမျိုးတွေ ဖန်တီးပြီးကျောင်းလာမေးလိုက်၊ ပြီးတော့ လူစည်ကားတဲ့ လ္ဘက်ရည်ဆိုင်မှာ သူတို့ ပြောချင်ရာတွေ အတော်များများဖြည့်စွက်ပြီးတော့မှ ဆရာတော်ကြီးကမိန့်ကြားသလိုလို လျှောက်ပြောလိုက်လုပ်နေကြတာကို ဆရာတော် ကြီးက ကြားသိထားပြီးဖြစ်လို့ ဘာမျှအထွေအထူးမပြောတော့ဘဲ “ဆဲနေကြတာ မှတ်လို့ကွာ” လို့ပဲ မိန့်ကြားလိုက်ပါတယ်။

ဒါပေမယ့် ဒီလူတွေက မကျေနပ်ကြသေးဘူး။ သူတို့အနေနဲ့တော့ “ပရိယတ်လည်းမဟုတ် ပဋိပတ်လည်းမမည်တဲ့ ဒီကိစ္စမျိုးဟာ ဘုရားရှင် အလိုကျ မဟုတ်နိုင်ဘူး”လို့ ထင်မြင်ကြောင်းနဲ့၊ သူတို့က ဒါမျိုးတွေကို စေတနာနဲ့ဝေဖန်ထောက်ပြတဲ့အခါမှာ သူတို့ကိုပဲ “မိစ္ဆာဒိဋ္ဌိတွေ” လို့ပြန်ပြီး စွပ်စွဲခံရကြောင်း လျှောက်ထားတဲ့အခါ ဆရာတော်ကြီးက –

သူများနားမှာ စိန်အတုနဲ့လုပ်ထားတဲ့ နားတောင်းကြီးဝတ်ဆင်ထားတာကို “ခင်ဗျာ နားတောင်းကအတုကြီး” ဆိုပြီး ကိုယ်ကဆွဲဖြုတ်မယ် လုပ်ရင် ဟိုက မင်းတို့လက်ကို ဆီးပြီးပုတ်လွှတ်မှာပေါ့။ ဘယ်သူမဆို သူဟာနဲ့သူတော့ လှနေကြတာပဲကွ။ သူ့နားတောင်းက အတုကြီးဖြစ်လို့ အစစ်ကို ဝတ်စေချင်တယ်ဆိုရင် မင်းတို့က လက်ထဲမှာ စိန်နားတောင်းအစစ်ကို ယူသွားပြီးပြလိုက်ပါ။ ဟိုက သူ့အလိုလို အတုကြီးကိုဖြုတ်ပြီး အစစ်ကိုယူဝတ်ကြမှာပေါ့။

ခုတော့ မင်းတို့လက်ထဲမှာ စိန်နားတောင်းအစစ်ပြဖို့မဆိုထားနဲ့ လက်တောင်ပြောင်ပြောင်စင်စင် ဆေးမထားဘူးဆိုတော့ ဟိုကလည်း မင်း တို့လက် မျက်နှာနားလာဝဲတာနဲ့ ပုတ်လွှတ်ချင်ကြမှာပေါ့။ ဒီကရှေ့ စိန်နားတောင်း အစစ်တွေလိုက်ဝေပေးနိုင်အောင် လုပ်ကြ၊ အဲဒါဆို မင်း တို့ကို ဘယ်သူကမှ ဆီးပြီးရန်တွေ့လွှတ်မှာ မဟုတ်တော့ဘူး။ မင်းတို့က မလာရင်တောင် သူတို့က ဖိတ်ခေါ်ချင်နေမှာ။ ကဲ .. တို့မှာလဲ အလုပ်တွေရှိ သေးတယ်။ မင်းတို့လဲ သူများဖိတ်ခေါ်ချင်အောင် စိန်နားတောင်းအစစ်တွေ သွားလုပ်ချေကြတော့” လို့ မိန့်ကြားလိုက်ပါတယ်။

ရေးဖော် ညီအစ်ကိုမောင်နှမအားလုံးတို့ကိုလည်း စိန်နားတောင်းအစစ်များပြနိုင်၊ ပေးနိုင်ကြပါစေလို့ တိုက်တွန်းဆုတောင်းရင်း နိဂုံးချုပ် လိုက်ပါတယ်။

http://www.ashinsirinda.com/index.php/2009-07-18-17-32-10/dhamma-sarpay/1069-2012-02-04-02-06-41 မှ ကူးယူဖော်ပြပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်

Comments are closed.

Archives